Tuesday, January 13

ထပ်တူညီမှုမရှိတဲ့ ညီမျှခြင်း….....

လောကကြီးမှာ ထူးဆန်းမှု ဖြစ်ရပ်တွေအများကြီးရှိတယ်ဆိုတာ လက်တွေ့ တွေ့ကြုံလာရချိန်မှာ ထူးဆန်းအံ့သြစွာ လက်ခံခဲ့မိရတယ်…..။ ကျမဘ၀မှာ ဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်အချိန်ကမှ မမျှော်လင့်ခဲ့မိပါဘူး…။ ဒီလိုအဖြစ်မျိုးကိုလည်း ကိုယ်တိုင် လက်တွေ့ ဆင်နွှဲရမယ်လို့လည်း တွေးမထားခဲ့မိပါဘူး….။ ကျမ ၀မ်းနည်းချိန်တိုင်း ၊ အားငယ်ချိန်တိုင်း ၊ ကျမ အတွက် အဆင်မပြေမှုများတွေ့ရချိန်တိုင်း ဘေးနားကနေ နားလည်လက်ခံပေးခဲ့တဲ့ သူ့ကို ဘာကြောင့် ကျမနိုင်စား မိခဲ့ပါလိမ့်…။ စိတ်ညစ်ချိန်တိုင်း ဖုန်းဆက်ပြီး နားဒုက္ခပေးတတ်တဲ့ ကျမကို ဘာကြောင့်များ မငြိုငြင်ခဲ့ရပါလိမ့်…။ ကျမခံစားမှုအားလုံးကို ကျမနဲ့အတူ ထပ်တူထပ်မျှ မျှဝေခံစား ပေးတတ်ခဲ့ပါလိမ့်….။ ကျမ မျက်ရည်တွေကို မမြင်ရက်တဲ့ သူ့စိတ်တွေ…. ကျမ ပျော်ရွှင်နေတာကိုပဲ အမြဲမြင်ချင်တတ်တဲ့ …သူ့စိတ်တွေ… ကျမပျော်ရွှင်စွာ ရယ်မောခြင်းကို ကြည့်ပြီး လိုက်လံပျော်ရွှင်တတ်တဲ့သူ့စိတ်တွေ…. ကျမဘာလုပ်လုပ် အကောင်းမြင်ပြီး.. ကျမဆိုးသမျှလက်ခံပေးတဲ့….နားလည်ပေးတတ်တဲ့..သူ့စိတ်တွေကို ကျမဘာကြောင့် မဖတ်တတ်ခဲ့မိပါလိမ့်………။ကလေးလို့ ခေါ်တတ်တဲ့ သူ့စကားသံလေးတွေကိုလည်း နူးညံ့တယ် လို့ထင်ခဲ့မိတယ်……။ ကျမဖုန်းခေါ်လိုက်တိုင်း ကျေးဇူးတင်ပါတယ်အမြဲပြောတတ်တဲ့ သူ့ကို ဘာလို့ကျေဇူးတင်တာလဲမေးချိန်တိုင်း အရမ်းသတိရချိန်မှာ ဖုန်းခေါ်ပြီး အသံလေးကြား ခွင့်ရတဲ့ အတွက်..ပျော်ရွှင်ကျေးဇူးတင်ရပါတယ်တဲ့…။ ကျမတို့တွေ့ဆုံမှုက သာမာန်ခင်မင်မှုမိတ်ဆွေပါ..။ ကျမချစ်သူရဲ့ သူငယ်ချင်းဖြစ်တဲ့သူ့ကို ခင်မင်ခဲ့မိတယ်…။ ဘာမှမထူးဆန်းပဲ သာမန်ခင်မင်ကြတဲ့ မိတ်ဆွေဟာ တစ်ချိန်မှာ အရမ်းကိုနားလည်ပေးတတ်တဲ့ သူဖြစ်လာမယ်လို့ မထင်မှတ်ခဲ့မိပါ ဘူးး…။ ကျမကိုက မှားယွင်းခဲ့တာလား ကံကြမ္မာကိုက မှားယွင်းခဲ့တာလားမသိပေမယ့်… လွန်စွာ ရိုးသားအေးဆေးတဲ့ သူ့ဘ၀လေးကို ကျမက ၀င်ရောက် နှောက်ယှက်မိခဲ့ပါသတဲ့….။

ဘယ်လိုမှ ထင်မှတ်မထားချိန်မှာ သူကိုယ်တိုင်မြိုသိပ်ထားတဲ့ကြားထဲက "ကလေးကို… ချစ်တယ် "

ဆိုတဲ့စကားသံအောက်မှာ သူရောကျမပါ နစ်မြုပ်သွားခဲ့ကြတယ်…။ လောကမှာချစ်တယ်ဆိုတဲ့ စကားလုံးဟာ လွန်စွာကိုလေးနက်ပါတယ်…။ အရမ်းကိုလေးနက်တဲ့အချစ်ဆိုတဲ့ အရာနဲ့ သူကကျမကိုကိုမြင်မြင်ချင်းပဲ ချစ်ခဲ့မိတယ်..။ မြင်မြင်ချင်းချစ်စေနိုင်မယ့် ရုပ်ရည်မျိုးကို မပိုင်ဆိုင်တဲ့ ကျမကို ချစ် ခဲ တဲ့ သူက ချစ်ခဲ့မိတယ်ဆိုတာကို သူကိုယ်တိုင်လည်း အံ့သြရသလို ကျမကိုယ်တိုင်လည်း နားမလည်နိုင်ခဲ့ပါဘူး…။ ကျမ ရင်ဖွင့်တိုင်ပင်နေကြ ဖွင့်ဟ ငိုကြွေးနေကြ သက်ရှိဒိုင်ယာရီလေးက ကျမကို အားပေးခွန်အားတွေပေးရင်…သံယောစဉ်တွယ်မိလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…။ ကျမမှာ ချစ်ရတဲ့ချစ်သူရှိသလို..ကျမသူ့ကိုမချစ်မှန်းလည်း သူသိခဲ့ပါတယ်..။ ကျမရဲ့ ခင်မင်မှုတွေဟာ သူ့ကိုမှားယွင်းစွာ ဒုက္ခပေးခဲ့မှန်းသိရင်… ကျမ မခင်မင်ခဲ့မိပါဘူး…။ ခုချိန်မှာ ခံစားချက်တွေအလယ်မှာ ရူးသွပ်နေတဲ့သူ့ကို ကျမ ပျက်ရယ်မပြုရက်သလို.. အားမပေးချင်ခဲ့ဘူး…။ ချစ်သူရှိမှန်းသိတဲ့ ကျမကိုချစ်ခဲ့မိတဲ့သူ့ကို လူမှုရေးဖောက်ပြန်တယ်လို့ အပြစ်ဆိုရမလား…ချစ်သူရှိတဲ့မိန်းမတစ်ယောက်ရဲ့ အနေအထိုင် မဆင်ခြင်မှုလို့ စွပ်စွဲရမလား…။ ကျမ မဝေခွဲတတ်ခဲ့ပါဘူး…။ ကျမကို ချစ်တယ်ဆိုတဲ့ သူ့အချစ်တွေကို ခံစားတတ်တဲ့ ကျမ နှလုံးသားကို ဒဏ်ခတ်ရမလား…။ သူနာကျင်စွာ ငိုကြွေးမှုကို ဖေးမစွာ မျက်ရည်ကူသုတ်ပေးရ မလား…။ ကျမကိုချစ်တယ်ဆိုတဲ့သူ့အချစ်ကို ကျမ နားလည်ပေးခွင့်ရှိလား…။ ကျမ သူ့ကို အပြစ်မယူ မမုန်းနိုင်ခဲ့တာကရော ကျမအပြစ်တွေပဲလား…။ သူ့အချစ်ကို လက်မခံပေမယ့် ပယ်မချပြစ်ရက်ခဲ့တာကရော…ကံကြမ္မာရဲ့လှည့်ကွက်ပဲလား…။ သူ့အတွက် ကျမဘက်က ပြန်လည်ဖြည့်ဆည်းမှုကို မမျှော်လင့်ခဲ့ပေမယ့်… တိတ်ဆိတ်စွာ ၀မ်းနည်းခံစားတတ်တဲ့သူ့ကို ကျမချစ်သူအကြောင်းပြောပြချိန်တိုင်း ထိခိုက်ခံစားရတဲ့သူ့ကို သနားမိသွားတာရော ကျမအပြစ် တွေပဲလား…။ အရာအားလုံးမှားယွင်းသလားဆိုတာကို မဝေခွဲတတ်ပေမယ့် တစ်ခါတစ်ရံမှာ… ဦးနှောက်က မဖြစ်သင့်ဘူး…မဖြစ်နိုင်ဘူး ထိန်းချုပ်ထားပေမယ့်… နှလုံးသားနဲ့ စိတ်ခံစားမှုကို မလွန်ဆန်နိုင်တဲ့…ရက်စက်လွန်းတဲ့ကံကြမ္မာရဲ့ လှည့်ကွက်အလည်မှာ… အပြစ်ကင်းစင်တဲ့ နှလုံးသာတစ်စုံကိုစတေးခဲ့ရတဲ့ …. သေရာပါ ဒဏ်ရာအလွမ်းကို မျက်ကွယ်ပြုရတဲ့ အခါတွေလည်း ရှိတတ်ကြတယ်…။ ဘာကြောင့် လောကကြီးမှာ ညီမျှခြင်းတွေ လွဲချော်နေခဲ့ရတာပါလဲ…။ ကျမအပေါ်မှာ မငဲ့ကွက်…ဆိုးချင်တိုင်းဆိုး…နိုင်ချင်တိုင်းနိုင်.. ကျမခံစားချက်တွေကို လျစ်လျှူရှု တတ်တဲ့ ယောက်ကျားတစ်ယောက်အပေါ်မှာ သေမလောက်ချစ်မိပေးဆပ်နားလည်ပေးနေပြီး… ကျမအပေါ်မှာ အနွံတာခံ ၊ ကောင်းဆိုးမှန်သမျှနားလည်လက်ခံပေး၊ လေးနက်စွာ ဦးစားပေးတတ်တဲ့ အချစ်ဆိုတာကို လက်တွေ့ပုံဖော်ပေးပြီး… အရာအားလုံးမျှဝေခံစားပေးတဲ့ ယောက်ကျားတစ်ယောက်ကိုကျတော့ ဘာကြောင့် ပြန်လည်ချစ်ခွင့်မရခဲ့ပါသလဲ…။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဖြစ်နေတာတွေအားလုံး ဘာကြောင့်များ တစ်ထပ်တည်း မကျခဲ့ပါသလဲ…။ အချစ်ဆိုတဲ့ ပုစ္ဆာမှာ ဘာကြောင့် ညီမျှခြင်းချမရခဲ့တာပါလဲ…။ တစ်ကယ်တော့ အချစ်ဆိုတာ နားလည်ပေးမှု ၊ ပေးဆပ်ရယူမှု၊ ၀မ်းနည်းပျော်ရွှင်မှု ၊ ပူပင်အေးချမ်းမှု ၊ နာကျင်မှု စတဲ့ ခံစားချက်တွေကို ညှိယူပေးရတဲ့… ညှိယူရင်း..ထပ်တူညီမှုမရှိတဲ့…ညီမျှခြင်းတစ်ပုဒ်ပါ……….။ ဒီမညီမျှတဲ့ ညီမျှခြင်းတွေနဲ့အတူ…နှလုံးသားတစ်စုံကို လျစ်လျူရှုရင်း..နှလုံးသားတစ်စုံ အတွက် တစ်ဖက်သတ်နားလည်းခြင်းများနဲ့ ပေးဆပ်ချစ်နေတဲ့ နှလုံးသားတစ်စုံနဲ့အတူ ညီမျှခြင်းတွေ ချနေဆဲပါ….။



Print this post (စာထုတ်ယူရန်)

Creative Commons License

14 comments:

ကိုတိုး said...

ထပ်တူညီမှုမရှိတဲ့ ညီမျှခြင်းဆိုတာက ကိုယ်တိုင်လည်း လုပ်ယူလို့ရပါတယ်။ ရေးထားတာလေးတွေကောင်းတယ် အဲ့လိုမရေးတတ်ဘူး......... ကောင်းတယ်နော်... သိပ်မဝေဖန်တတ်လို့ ဒီလောက်နဲ့ပဲရပ်တော့မယ်နော်တီတီလေး...

Welcome said...

အေးအတူ ပူအမျှ
ကောင်းတူ ဆိုးဖက်
မေတ္တာမျှနိုင်မယ့်
အဖော်မွန်ကို
လူတိုင်း တောင်းတကြမြဲပါ
ပြည့်ဝပါစေ

emayarKhin said...

အဲဒါဟာ...အချစ်ပေါ့...
အချစ်ဆိုတာတကယ်တော့စိမ်ပြေး
လိုက်တမ်းကစားသလိုပါပဲ........
ပြေးတဲ့လူကပြေးလိုက်တဲ့သူကလိုက်လေ.....
ဒီလိုနဲ့ပေါ့......

Anonymous said...

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ထပ်တူမကျတဲ့ ဘ၀မှာ အချစ်ဟာ အမြဲတစေ ရှင်သန်လှုပ်ရှားတယ် ... ။ အဲလိုကာလတွေမှာ အချစ်ဟာ အသည်းအသန်ကို ရုန်းကန်ရတယ်၊ ပြင်းပြင်းထန်ထန်လှုပ်ရှားရတယ် ... ။ လူတွေရဲ့ စိတ်က ဆန်းကြယ်တယ် အဲစိတ်မှာ အခြေချနေခဲ့တဲ့ အချစ်ဟာလည်း ပိုလို့တောင် ဆန်းကြယ်တယ် ... ။ ဆုံးဖြတ်ချက်တွေဟာလည်း အချစ်ကြောင့် မှားယွင်းတတ်သလို၊ အချစ်ကြောင့်ပဲ လမ်းမှန်ပေါ်ရောက်တတ်ကြတယ် ...။ နောက် ... အချစ်က မျက်စိလည်လမ်းမှားပြီး နှလုံးအိမ်တံခါးကို ခေါက်တဲ့အခါ သိပ်ကို နောက်ကျနေတတ်တာကလည်း အချစ်ရဲ့ သိပ်ဆန်းကြယ်တဲ့ နိယာမတစ်ခုပဲ ညီမ ... ။
တစ်ခုပဲ ကြည့်မယ်ဆိုရင် တစ်ထောင့်ပဲ ရှိတယ် ... အချစ်နဲ့ ပတ်သက်ရင်ပေါ့ ...
နှလုံးသားနဲ့ ကြည့်မှာလား ....
ဦးနှောက်နဲ့ ကြည့်မှာလား ....
တကယ်တော့ အချစ်ဟာ တစ်ခုတည်းဖြစ်ပေမယ့် သူ့ရဲ့ မျက်နှာစာတွေကတော့ များလွန်းလှလေရဲ့ ... ။

ပျော်ရွှင်ပါစေ ညီမငယ်

Saing Khan Tun said...

ခရေ .. လာလည်တယ် သူများတွေလည်းဖတ်စေချင်လို့ ... လင့်ယူသွားတယ် ..

Anonymous said...

အတွေးအခေါ်အယူအဆတွေကို မှတ်သားသွား
ပါတယ်ဗျာ

Apprenticeship said...

မိန်းကလေးတစ်ယောက်အတွက် အဖြစ်သင့်ဆုံးက ကိုယ့်အပေါ်နားလည်ပြီး အချစ်စစ်နဲ့ချစ်တဲ့ သူနဲ့ဆုံးမိဖို့က ကိုယ်အသဲစွဲချစ်တာထက် ပိုအရေးပါတယ်လို့ ရှေးလူကြီးတွေဆိုတတ်တယ်။ ဟိဆုံးဖြတ်ပေါ့။ :P P.S>အချစ်စစ်ဆိုတာ အသံ မပေးပဲလာပြီး ထွက်သွားတတ်တယ်တဲ့။

Unknown said...

သူငယ်ချင်းရေ..

ဒီလိုပါပဲ.. ဒုက္ခဘုံကိုရောက်လာမှတော့ ဒုက္ခတွေ ခံစားရတာ မဆန်းပါဘူးလေ.. သိပ်မခံစားတတ်အောင် ကြိုးစားပေါ့...

လယ်တီဆရာတော်ဘုရားရဲ့ ဒီအလင်္ကာလေးနဲ့ ဆင်ခြင်ပေါ့သူငယ်ချင်းရာ... တရားသဘောတွေ ပြောလို့ နည်းနည်းစိတ်ခုသွားမယ်ဆိုရင်လည်း တောင်းပန်လိုက်ပါတယ် ဒီနေရာကပဲ..

ချစ်လျှံဝေေ၀၊ ချစ်သူတွေနဲ့
ချစ်နေသမျှ၊ ပေါင်းဖော်ရလည်း
ကွဲရမည်မှာ၊ မလွဲသာတည့်။

ရှည်စွာအသက်၊ တည်ရှိလျက်လည်း
ပုခက်နှင့်ပေ၊ ဝေးလေလေသို့
နီးလေပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်။

အကြောင်းမတော်၊ သုံးရက်ကျော်က
ပုပ်စော်ညှီနံ့၊ ရင်းသွေးပျံ့သို့
အမှန်ချစ်သူ၊ လျစ်လျူရှုသုဉ်း
တကယ်မုန်း၏။.... တဲ့

လေးစားခင်မင်စွာဖြင့်
ဖိုးသား

အောင်မြေ said...

ရေးထားတာ ဖတ်လို့ သိပ်ကောင်းတယ်။
အတွေးလေးတွေလား
အပြင်မှာ တကယ်ပဲလား

ကောင်းကင်ပြာ said...

ဒီမညီမျှတဲ့ ညီမျှခြင်းတွေနဲ့အတူ…နှလုံးသားတစ်စုံကို လျစ်လျူရှုရင်း..နှလုံးသားတစ်စုံ အတွက် တစ်ဖက်သတ်နားလည်းခြင်းများနဲ့ ပေးဆပ်ချစ်နေတဲ့ နှလုံးသားတစ်စုံနဲ့အတူ ညီမျှခြင်းတွေ ချနေဆဲပါ….။

အရမ်းလှတဲ့ အရေးအသားလေးပါ၊
ခံစားချက်ခြင်းတူနေလို့ မျှပြီးခံစားသွားတယ်နော်

mhyawlintchin.blogspot.com said...

အချစ်ကတစ်ခါတလေမှာချိုမြိန်တယ်လို့
ယူဆရပင်မဲ့တခါတလေကြရင်လဲမမအရမ်းကို
ခါးသက်တာပဲ . . . ဒီလိုပါပဲမမရာလိုတိုင်းမရ
ရတိုင်းလည်းမလိုအပ်ပြန်ဘူး . .. . . ရေးသား
ချက်ကထိတယ်နော်..........တမြေ့မြေ့နဲ့...:)

Anonymous said...

အကြောင်းအရာက ကျွန်တော်မကျွမ်းကျင်တဲ့ ဘာသာရပ်ဖြစ်နေလို.ဗျာ ဘာမှမပြောတော့ဘူးနော် ဒေါ်စိန် အဲ မှားလို. ပန်းခရေ ရေ။

mhyawlintchin.blogspot.com said...

မမဒီနောက်ဆုံးအပိုဒ်လေးကကောင်းတယ်နော်..

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဖြစ်နေတာတွေအားလုံး ဘာကြောင့်များ တစ်ထပ်တည်း မကျခဲ့ပါသလဲ…။ အချစ်ဆိုတဲ့ ပုစ္ဆာမှာ ဘာကြောင့် ညီမျှခြင်းချမရခဲ့တာပါလဲ…။ တစ်ကယ်တော့ အချစ်ဆိုတာ နားလည်ပေးမှု ၊ ပေးဆပ်ရယူမှု၊ ၀မ်းနည်းပျော်ရွှင်မှု ၊ ပူပင်အေးချမ်းမှု ၊ နာကျင်မှု စတဲ့ ခံစားချက်တွေကို ညှိယူပေးရတဲ့… ညှိယူရင်း..ထပ်တူညီမှုမရှိတဲ့…ညီမျှခြင်းတစ်ပုဒ်ပါ……….။ ဒီမညီမျှတဲ့ ညီမျှခြင်းတွေနဲ့အတူ…နှလုံးသားတစ်စုံကို လျစ်လျူရှုရင်း..နှလုံးသားတစ်စုံ အတွက် တစ်ဖက်သတ်နားလည်းခြင်းများနဲ့ ပေးဆပ်ချစ်နေတဲ့ နှလုံးသားတစ်စုံနဲ့အတူ ညီမျှခြင်းတွေ ချနေဆဲပါ….။
........ညှိယူလို့ရတဲ့အချစ်ကတည်မြဲမယ်လို့
မောင်လေးတော့ထင်တယ်ဗျ :)

mhyawlintchin.blogspot.com said...

........ညှိယူလို့ရတဲ့အချစ်ကတည်မြဲမယ်လို့
မောင်လေးတော့ထင်တယ်ဗျ :)

Related Posts Plugin for WordPress, Blogger...