Wednesday, June 10

ကျမရဲ့ဝါသနာ.....

မိုးလင်းအစောဂျီလ်တော့လ်လေးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ...ပလုံဆိုပီးတက်လာတာ..ချွေးမတော် နှင်းဆီနက်ရယ်ပါ..။ tag ထားပါကြောင်းတဲ့..။ မရေးရင် ကိုင်ပေါက်မယ်ယောက်ခမဆိုပီး ရာဇသံပြင်းထန်စွာ.. ကြိမ်းဝါးတော်မူတာကြောင့်.. အချိန်မအားမလပ်ကြားက ရသမျှအချိန်လေးကို လုယက်ပြီး ထရေးလိုက်ရတော့တယ်..။ ခေါင်းစဉ်ကလည်း ခေါင်းစားစရာ ဒွတ်ခ ခေါင်းစဉ် ဖြစ်နေပြန်ပါရောလား...။ ခု ၂၄နှစ်ဆိုတဲ့အသက်အရွယ်သာရောက်လာပြီး... မကြာခင်သာ မိခင်လောင်း ဖြစ်တော့မယ်.. ကိုယ်ဘာကို ၀ါသနာပါမှန်းကိုမသိသေးတာအမှန်...။ မြင်းစီးပြီး အထီးမှန်း အမ မှန်း မသိဆိုတဲ့ စကားအတိုင်းပဲ... ခုချိန်ထိ ဘာတွေဝါသနာပါပြီး ဘာဖြစ်ချင်မှန်းကိုမသိဘူး...။

ဝါသနာဆိုတာနဲ့ ဘ၀မှာဖြစ်လာတာနဲ့ကလည်း တစ်ထပ်တည်းကျချင်မှ ကျတတ်တဲ့အမျိုးမလား..။ ငယ်ငယ်တုန်းကတော့ ကလေးဘ၀မှာလူတိုင်း ဆရာဝန်ဖြစ်ချင်ကြတယ်..။ အင်ဂျင်နီယာဖြစ်ချင်ကြတယ်.. စသဖြင့်ပေါ့..။ ပေခရမ်းတို့ကတော့ ဘာမှကိုမဖြစ်ချင်တာ..။ မကောင်းဘူးလား..။ ရည်ရွယ်ချက်မရှိတဲ့သူဟာ ပန်းတိုင်ဆိုတာ ပျောက်နေတတ်တယ်လို့ကြား ဖူးတယ်..။ ရည်ရွယ်ချက် ရည်မှန်းချက်ဆိုတာလည်း ၀ါသနာ အပေါ်မှာ အခြေခံပြီးမှ ဖြစ်လာတာလေ..။ အဲဒီတော့ ၀ါသနာဆိုတာ ရေရေရာရာမရှိတော့ ရည်ရွယ်ချက်ဆိုတာလည်း အလိုလို ပျောက်ဆုံးနေခဲ့တယ်..။

ကလေးဘ၀ကတည်းက ရည်ရွယ်ချက် မယ်မယ်ရရမရှိခဲ့တဲ့ကျမ အလယ်တန်းရောက်လာချိန်မှာ ဘာဖြစ်ချင်လာလဲဆို ရင် ... (ကျမဖြစ်ချင်တာကိုရေးပြရင် ၀ိုင်းရိုက်မလားပဲ ..:P) စစ်ဗိုလ်ကြီးဖြစ်ချင်လာတယ်..။ ကိုယ့်ကိုကိုယ် မိန်းမလား ယောက်ကျားလား မဝေခွဲဘူး...။ ဖြစ်ချင်တာပဲသိတယ်လေ..။ ဟော မဖြစ်နိုင်ဘူးဆိုတာသိလာတော့.. ဆယ်တန်းရောက်တဲ့နှစ်မှာ.. အင်ဂျင်နီယာဖြစ်ချင်လာပြန်တယ်..။ အင်ဂျင်နီယာဖြစ်ချင်ပြီး ကံလေးက ဖေးမလာတော့ G T C ဆိုတဲ့ကျောင်းတော်ကိုရောက်သွားတယ်..။ အဲဒီမှာပဲ မေဂျာတွေ ရွေးရတယ်..။ ဒွတ်ခရောက်ပီ ပေခရမ်းတို့ ဘာဖြစ်လဲ..။ ဘာဝါသနာပါမှန်းမသိတော့.. အိမ်ပဲဆောက်ရမလား ၊ စက်တွေပဲတီထွင်ရမလား၊ လျှပ်စစ်မီးတွေပဲ ဖြန့်ဝေရမလား၊ ဆားကစ်တွေပဲ လေ့လာရမလား၊ စတဲ့ လားပေါင်းများစွာနဲ့ ဝေ့လည်နေတာ.. ဘာမေဂျာ ရွေးရမှန်းမသိဘူးဖြစ်နေပြန်ပါရောလား..။ အဲဒီအချိန်မှာပဲ သတင်းအချက်အလက်နှင့်နည်းပညာဆိုပြီး အိုင်တီမေဂျာလေးကိုတွေ့လိုက်တော့.. သူကဘာလုပ်ရလဲပေါ့..။ နီးစပ်ရာကိုမေးတော့ ကမ္ဘာ့နိုင်ငံအချင်းချင်းစစ်တိုက် တာတဲ့ ..။ အွန်လိုင်းပေါ်ကနေ တိုက်ကြတာတဲ့..။ ဟောတော့ တယ်လည်း ဆန်းသစ်ပါလား ..။ ငါလည်းတိုက်မယ်ကွ ဆိုပြီး အိုင်တီလျှောက်လိုက်တာ.. ကံဆိုးတာလား ကံကောင်းတာလားမသိဘူး..ရသွားပါရော..။ အဲအချိန်ကတော့ ကျောင်းမှာလည်း မြောက်ကြွကြွ .ကြွစောင်းစောင်းပေါ့..။း)) မျက်နှာကလည်းသိတယ်မလား ငှက်ချေးမျှော်နေတဲ့မျက် နှာနဲ့ ( မော့တော့မော့တော့ကို ပြောတာပါ) ကိုယ့်အထင်နဲ့ကိုယ် မြောက်နေတာ..။ ငါစစ်တိုက်ရတော့မယ်ပေါ့..။ ဟဟဟ

ဒီလိုနဲ့လိမ်ဖယ်လိမ်ဖယ်.. ကြွစောင်းကြွစောင်း ရေရေရာရာဘာမှန်းမသိပဲ.. B E ( IT)ဆိုတဲ့ ဘွဲ့ကိုရသွားပါလေရော..။ အဲမှာစသိလာပြီ..ဘာလဲဆိုတော့ ထုံးစံအတိုင်း ကျမတို့ မြန်မာမိန်းကလေးတွေဟာ အစိုးရအလုပ်နဲ့သင့်တော်တဲ့ ဆိုတဲ့ မိဘများရဲ့ ရှေးရိုးအစွဲအတိုင်း အလုပ်အတွက်ရှာဖွေရချိန်မှာတော့ စတင်ဒွတ်ခပေးလာတာ..။ ဒီဝါသနာ အိုင်တီပါ..။ အိုင်တီမေဂျာဖြစ်တဲ့အတွက် ဘယ်ဌာနကမှလည်း နေရာမပေးနိုင်..။ ဘယ်မှာမှလည်း အလုပ်မရ..။ ဘယ်လိုဖြစ်နေလဲဆိုရင် စာစီစာရိုက်နေရာမှာသုံးဖို့ကြတော့လည်း ကိုယ့်ဘွဲ့မတောက်တစ်ခေါက်ကိုအားနာ..။ အပြင်Company ဆိုရင်တော့ အလုပ်တွေပေါပါတယ်..။ ဘယ်နေရာမှာမှ အလုပ်လျှောက်မရ.. စိတ်ဓာတ်တွေအပြိုင်ပြိုင် ကျလိုက်တာများ..ကမ္ဘာကြီးကိုစစ်တိုက်ဖို့ နေနေသာသာ ကိုယ့်ဘ၀အတွက်တောင် လုံအောင်မတိုက်နိုင်သေးတဲ့ငါ့ဘ၀ပါလားဆိုပြီး... နောင်တရမိ စိတ်ဓာတ်တွေအကြီးအကျယ်ကျမိခဲ့တယ်..။ ဒါ ၀ါသနာကို အခြေခံပြီး ယူခဲ့မိတဲ့ လမ်းကြောင်းပါ..။ နောက်ပိုင်းမှာ ကံကောင်းထောက်မပြီး ဆက်သွယ်ရေးက အိုင်တီဌာနမှာ SAEဆိုတဲ့ ပေါက်စအလုပ်လေးကို ရခဲ့တယ်..။ သူ့အိုးနဲ့သူ့ဆန်နည်းနည်းတော့ ကိုက်ညီသွားတယ် ဆိုရမယ်..။ အလုပ်ထဲရောက်မှ အောက်ပြုတ်ကျနေတဲ့စိတ်ဓာတ်တွေ နည်းနည်းပြန်လည် မော့လာပြီး မျှော်လင့်ခြင်း ရောင်ခြည်လေးသန်းလာခဲ့တယ်..။ ခုထိတော့ ကမ္ဘာကြီးကို စစ်မတိုက်ရသေးပါဘူး..:P (အော်..အိုင်တီကို ဒီလိုအဓိပ္ပာယ် ဖွင့်ဆိုပေးခဲ့တဲ့ မဟာပညာရှိကိုလည်း ခုထိ သတိရဆဲပါ..)

ဆိုလိုချင်တာက ၀ါသနာနဲ့ ဘ၀ရပ်တည်မှုဆိုတာ လူတိုင်းတစ်သားတည်းမကျပါဘူး..။ ၀ါသနာပါရာကို ရွေးချယ်ပြီး ဘ၀ရပ်တည်မယ်ဆိုရင် အဆင်ပြေကြသူရှိသလို အဆင်မပြေသူတွေလည်းရှိကြပါတယ်..။ အဖုအထစ် ဒုက္ခလေးတွေ ဆိုတာတော့ ရှိကြစမြဲပေါ့..။ ခုချိန်ထိတော့ ၀ါသနာရယ်လို့ ရေရေရာရာ မရှိသေးပါဘူး..။ ဖြစ်လာတာကိုပဲ ဖြစ်ချင်တာနဲ့ ပေါင်းပြီး ကောင်းသလို အမြဲလုပ်နေခဲ့ရတာကြည့်ပါပဲ..။ အရာတိုင်းမှာ ၀ါသနာဆိုတာ နည်းနည်းစီတော့ ပါစမြဲပါ..။ ဥပမာ..ထမင်းချက်တဲ့နေရာမှာလည်း ကိုယ်ဝါသနာပါတာကို အခြေခံပြီး ထမင်းဟင်းချက်ပြုတ်ကြ ၊ အိမ်အလှဆင်ကြ၊ ပန်းအလှပြင်ကြတာပါ..။ အဲဒီအတွက်ကြောင့် နိဂုံးချုပ်မယ်ဆိုရင်
ကျမ၀ါသနာကတော့ ဖြစ်လာတဲ့အရာမှန်သမျှကို ဖြစ်ချင်တဲ့အရာနဲ့ပေါင်းပြီး တော်သလိုသင့်သလို လုပ်ဆောင်ခြင်းလို့ပဲထင်ပါတယ်...။

ကဲချွေးမတော်လေးရေ...ရေးချင်သလိုရေးလိုက်ပြီ... ကျေနပ်တော်မူ..။ ယောက္ခမ နိုင်စားတဲ့သမီးလေးးးး)


6 comments:

နှင်းဆီနက် said...

ကျေနပ်ပါတယ်ယောက်ခမရယ် နောက်မှပဲကိုင်ပေါက်တော့မယ် အခုတော့ယောက်ခမကမျက်နှာငယ်လေးနဲ့လာပြောတော့သနားသွားပြီ အဟဲ အမကိုချွေးမတော်မယ့်သူတွေတော့ သနားပါ့

Apprenticeship said...

စစ်ဗိုလ်မဖြစ်လိုက်ရလို့ စစ်ဗိုလ်ယူလိုက်တယ်ဆိုပါတော့ :P
အခုအချိန်မှာ အရေးကြီးတာက မိခင်ကောင်းနဲ့ မိန်းမကောင်းဖြစ်ဖို့ ၀ါသနာပါဖို့ ပိုလိုမယ်ထင်တယ်နော့် :D သာယာတဲ့ အိမ်ထောင်တစ်ခုကို ဦးစီးနိုင်ဖို့ ယောကျာင်္တွေက အရေးကြီးတယ် ဒါပေမယ့် တကယ်တမ်းပြန်စဉ်းစာကြည့်ရင် မိခင်တစ်ယောက်ရဲ့ ပါးနပ်လိမ္မာမှု ပညာသားပါပါ လမ်းညွှန်တတ်မှုတွေက သားသမီးတွေအတွက် အခရာပေါ့... အဲဒီတော့ ကမ္ဘာစစ်မတိုက်ခင် မွေးလာမဲ့ သားလေး/သမီးလေး အတွက် တိုက်စစ်မူးကောင်းဖြစ်ဖို့တော့ပို အရေးကြီးမယ်နော်... မွေးလာမဲ့ကလေးတွေပေးတော့ တစ်ပွင့်မှ နှစ်ပွင့် ...... ပန်းခရေဖြစ်ချင်တဲ့ စစ်ဗိုလ်ကြီးဖြစ်ရတော့မှာပေါ့ နောက်ထပ်အပွင့်တွေ အခက်တွေ အထိ ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ထောင်နိုင်ပါစေနော်...

ရွှန်းမီ said...

ခရေ့  ဘလော့လေး လှလာလိုက်တာ..
ခရေက ဒီလောက်လိမ္မာတာ..
သားသားမီးမီးတွေ အလှည့်ဆိုရင်တော့ သူတို့ဝါသနာကို ပျော်ရွှင်စွာဆည်းပူးနိုင်အောင် ပံ့ပိုးပေးနိုင်မှာပါ။

အိမ် said...

ဖြစ်ချင်တာတွေ များလှချည်လားဗျ...။ ဘာပဲပြောပြော အချိန်တန်တော့လဲ သူ့ဟာသူ ဖြစ်သွားတယ်ဆိုတော့လဲ မဆိုးပါဘူးလေ...။
ဘာပဲပြောပြော ကျရာနေရာမှာ ပျော်အောင် နေတတ်တာ အကောင်းဆုံးပါပဲ..။

kaunglay said...

ပျင်းစိန်မရေ စစ်တိုက်ချင်လို့လားကွ... အဟက် ပျင်းပျင်းနဲ့လာသွားတယ် နင့်ဆီရောက်မှ ပိုပျင်းလာတယ်ကွာ :P

မီးငယ် said...

မမရေ.... မီးငယ်လည်း ကွန်ပျူတာ ယူလိုက်ရပြီးတော့
Coding ကိုမုန်းတဲ့ ကွန်ပျူတာသမားဖြစ်နေတယ်...
ဝါသနာပါတာ တစ်ခြား ဖြစ်လာတာက တစ်ခြားနဲ့.. စိတ်တော်တော်ညစ်နေတယ် မမရယ်

Related Posts Plugin for WordPress, Blogger...