Friday, December 12

ရင်ဘတ်နွံထဲ နစ်ဝင်နေတဲ့ ကဗျာလေးများ


တစ်ရက် ကိုအိမ်မက်နဲ့ စကားပြောဖြစ်ရင်း...အစ်ကို့ဆီအသစ်ရှိသေးလား မေးမိတော့ တက်ခ် ထားတဲ့ပို့စ်လေးတွေရှိတယ်လို့ပြန်ပြောတဲ့အစ်ကိုကို အနော်ကတော့ တက်ခ်တွေသိပ်မလုပ်ဖြစ်ဘူး ဘယ်သူမှလည်း မတက်ခ်ကြဘူးလို့ပြောလိုက်မိတာနဲ့ပဲ ငါ့အစ်ကိုတော်ကြီးက ချက်ချင်းကို ထတက်ခ်တော့တာပါပဲ...း).... ဒီလိုနဲ့ အစ်ကိုတော်တက်ခ်ထားတဲ့ ခေါင်းစဉ်လေးက
ရင်ဘတ်နွံထဲ နစ်ဝင်နေတဲ့ ကဗျာလေးများ........
အစ်ကိုရေးထားတဲ့ ပို့စ်ထဲက ကဗျာအားလုံးကိုလည်း သဘောကျနှစ်ခြိုက်မိတယ်...။ ဒီခေါင်းစဉ်လေးကို အရမ်းသဘောကျမိတယ်...။ ဘာလို့လဲဆိုတော့ အနော့်ရင်ထဲမှာ နစ်ဝင်နေတဲ့ ကဗျာလေး တွေရှိပါတယ်..။ ကဗျာတိုင်းကိုလည်းချစ်တယ်...။ ဒါပေမယ့် ရင်ထဲစွဲနေတဲ့ ကဗျာလေး တွေထဲက အနစ်ဝင်ဆုံးကဗျာလေး ၂ပုဒ်ကို ရေးပေးခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်...။ အဲဒီကဗျာလေးတွေက လူတိုင်းလည်း ရကြသလို ကဗျာကိုမဖန်တီးတတ်ပါဘူး မခံစားတတ်ပါဘူးဆိုတဲ့ လူသားတိုင်းလည်း ဒီကဗျာလေးတွေကိုတော့ အမှုမဲ့အမှတ်မဲ့ပေမယ့် ရင်ထဲမှာ ကိန်းအောင်းနေမယ်ဆိုတာ ယုံကြည်ထားပါတယ်...။ အနော့်ကဗျာတွေဖတ် ဖြစ်တဲ့သူငယ်ချင်းတစ်ချို့က ပြောကြတယ်...။ ငါက ကဗျာကို မခံစားတတ်ဘူးတဲ့...။ ရေးလည်းမရေးဘူးလို့ ပြောပါတယ်...။ ဒါကို အနော်လက်မခံချင်ပါဘူး........။ လူတိုင်းမှာ မမြင်နိုင်တဲ့ ကဗျာချစ်တဲ့စိတ်ဆိုတာ ရှိကြပါတယ်...။ အနော်ခုရေးပြမယ့် ကဗျာလေးတွေကခေါင်းစဉ်မဲ့လေးတွေပါ....ဖတ်ရှုခံစားပေးပါအုံးနော်...။


ရင်ဘတ်နွံထဲ နစ်ဝင်နေတဲ့ ကဗျာလေးများ

(၁)
မမ ၀၀ ထထ က
အက ပထမ
ကပါ ကပါ မမရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က....။


ဒီကဗျာလေးကို အနော်တို့ငယ်ငယ်က သူငယ်တန်း သင်ပုန်းကြီးဖတ်စာမြန်မာစာမှာ သင်ရပါတယ်..။ ဒါပေမယ့် များသောအားဖြင့် မူကြိုမှာ စသင်ရပါတယ်..။ ဒီကဗျာလေးကို စရွတ်တတ်စက အရမ်းကြည်နူးမိသလို စိတ်ပျော်ရွှင်မှုလည်း ရခဲ့တယ်လို့ ထင်မိပါတယ်..။ အဲဒီကလေးအရွယ်တုန်းကတော့ ဒီခံစားမှုကို ဖော်မပြတတ်ခဲ့ပါဘူး...။ နားလည်းနားမလည်ခဲ့ပါဘူး..။ ဒါပေမယ့် အဲဒီအရွယ်ကာလက ဒီကဗျာလေးစသင်ရချိန် မှာ ဘယ်လောက်ထိ အသည်းစွဲခဲ့လဲဆိုရင် ခုချိန်မှာ ဘယ်သူ့ကိုထမေးထမေး ဒီကဗျာကို မရတဲ့သူဆိုတာ မရှိပါဘူး ...။ ဒီကဗျာလေးဟာ အလွန်တရာမှ ရိုးရှင်းပြီး ကာရံညီတဲ့ ကဗျာလေးပါ..။ ထပ်ခါပြောရရင် အနော့်အသဲထဲမှာ ရင်ဘတ်ထဲမှာ နွံနစ်နေတဲ့ ကဗျာလေးပါ...။ ဒီကဗျာလေးမှာ ပထမဆုံးစတဲ့ စာကြောင်းလေးနဲ့ နောက်ဆုံးဆုံးတဲ့ စာကြောင်းလေး အတူတူဖြစ်နေတဲ့ ထူးခြားချက်ကိုလည်း တွေ့မြင်ရပါတယ်..။ စာဖတ်သူတို့ရဲ့ အမြင်မှာ ပိုမိုဆန်းသစ်မယ်လို့ ထင်မိတယ်..။ နောက်တစ်ပုဒ်ကတော့


(၂)

ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ဆောင်၊
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်၊
ရွှေဇီးကွက်တို့ အိနြေ္ဒ
ဘုရင်ကြီးလိုနေ၊
မိုးလေ၀သ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော၊
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို
ရွှေကျီးညိုသာပါက
ဧည့်သည်လာပါခင်ဗျ။

ဒီတစ်ပုဒ်လေးကလည်း ရင်ထဲမှာ နစ်ဝင်နေတဲ့ကဗျာလေးတစ်ပုဒ်ပါ..။ ဒီကဗျာလေးကတော့ အောက်အဆုံးပိုဒ်လေးမှာ နည်းနည်းလိုနေတာမျိုး စာလုံးလွဲနေတာမျိုးဖြစ်ပါလိမ့်မယ်..။ စာသားတွေလိုနေမယ် ဆိုရင် သည်းခံပြီးဖြည့်ဖတ်ပေးဖို့ ပြောချင်ပါတယ်...။ ဒီကဗျာလေးရဲ့ စကားလုံးများရဲ့ သိုဝှက်မှုကို အရမ်းနှစ်ခြိုက်မိပါတယ်..။ ပညာရှိယောင်ဆောင်တတ်တဲ့သူရယ်...ဘုရင်ကြီးလို အိနြေ္ဒဆည်တဲ့သူရယ်..စတဲ့ သဘာဝလေးတွေကို ဖော်ပြထားတဲ့ တစ်နည်းအားဖြင့် ငယ်စဉ်ဘ၀ကတည်းက ဆုံးမပြသပေးတဲ့ ကဗျာလို့လည်း ခံယူမိပါတယ်...။ ခုလို အနော့်ရင်ဘတ်ထဲက ကဗျာတွေက သူငယ်ချင်းတို့အားလုံးရဲ့ ရင်ဘတ်ထဲက ကဗျာနဲ့မကိုက်ညီပေမယ့် အနော့်ကဗျာတွေကို လက်ခံပေးတယ်ဆိုရင်ပဲ ကျေးဇူးတင်ပါတယ်..။
အနော်ရေးသားမှု ၊ ဆိုလိုရင်းညံ့ဖျင်းမှုကြောင့် နားလည်မှုလွဲသွားမယ်ဆိုရင် တောင်းပန်ပါတယ်..။ အနော့် ရေးသားခြင်းများကို ခံစားပေးနိုင်ပါစေလို့ ဆုတောင်းရင်း ကိုကြီးအိမ်မက်ရေ...အနော် ရေးလိုက်ပီနော်...။ နားလည်ပေးပါဂျ..း)။




Print this post (စာထုတ်ယူရန်)

Creative Commons License

7 comments:

အိပ်မက်ရှင် said...

အို ... ညီမငယ်ရေ ...
TAG ရကျိုးတယ်နပ်ပါလားဗျာ ... တကယ်ပါပဲ ... ကဗျာလေးတွေက သိပ်ချစ်ဖို့ကောင်းနေလေရဲ့ ... ။ အကိုတို့ကိုယ်တိုင် ဖြတ်သန်းခဲ့ဖူးတဲ့ ကလေးငယ်လေးဘ၀က ကလေးလေတွေဆိုတာ သိပ်ကို နုနယ်လွန်းပြီး သူတို့အသိစိတ်ထဲမှာရှိလေတဲ့ “ခံစားချက်” ဆိုတာကို ဘာရယ်မှန်း မယ်မယ်ရရ မသိကြသေးတဲ့ ဘ၀လေးတွေပါ။ ဒါပေမယ့် အခု ကဗျာလေးတွေဟာ ကလေးလေးတွေရဲ့ နှုတ်ဖျားမှာတင်မဟုတ်ပဲ စိတ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ နစ်ဝင်စွဲထင်နေတယ်ဆိုတာကို ညီမငယ်ရဲ့ အခုTAG ပိုစ့်လေးက မီးမောင်းထိုး ဖော်ပြပေးလိုက်တာပါပဲ။ လှပစိတ်ကူးဥာဏ်နဲ့ လတ်ဆတ်နုပျိုတဲ့ ခံစားမှုတွေကို ဖြူဖြူစင်စင်ကလေးလေးတစ်ယောက်အသွင် တွေ့မြင်လိုက်ရတာဟာ အတော့်ကိုပဲ အားပါးတရ၊ နှစ်ထောင်းအားရ ဖြစ်မိပါဘိဗျာ ... ။ အခုကဗျာလေးတွေကို ရင်ဘတ်နွံထဲ နစ်ဝင်စေတဲ့အခါမှာတော့ ... ။

နံပါတ် (၁) ကဗျာကလေး ...

(၁)
မမ ၀၀ ထထ က
အက ပထမ
ကပါ ကပါ မမရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က....။

ဒီကဗျာလေး ရေးဖွဲ့တဲ့သူရဲ့ အတွေးဥာဏ်နဲ့ ဖန်တီးသီဖွဲ့မှု စွမ်းအားဟာ အံမခန်းလေးစားစရာပါပဲ၊ ရိုးရိုးစင်းစင်းလေးပေမယ့် ရွတ်ဆိုလေလေ၊ ရင်ထဲကို ပိုနစ်ဝင်လေလေ၊ ရွတ်ဆိုလေလေ၊ ရင်ထဲကို ပိုစိုက်ဝင်လေလေမို့ ငယ်ငယ်က မောရပန်းရမှန်းမသိ၊ ရွတ်ဆိုနေရင်း ပျော်နေတတ်ခဲ့တာ၊ ဘယ်တော့မှ မမေ့ခဲ့ဘူး၊ ဘယ်တော့မှလည်း မေ့သွားမှာ မဟုတ်ဘူး၊ ဘယ်သူမှလည်း မေ့နိုင်မှာမဟုတ်သလို၊ ဘယ်သူမှလည်း မေ့ပစ်မှာ မဟုတ်ဘူး။ ငယ်ငယ်က ကျောင်းခန်းထဲမှာ ကလေးငယ်လေးတွေရဲ့ သံပြိုင်ဟစ်ကြွေးခြင်းကိုခံခဲ့ရတဲ့ ဒီလိုကဗျာလေးတွေကို ဒီကလေးငယ်လေးတွေ ကြီးပြင်းရင့်ကျက်ချိန်အထိ တိုင်အောင် နှလုံးသည်းပွတ်ထဲမှာ ဆက်လက်ဟစ်ကြွေးနေကြဦးမယ်လို့ ဘယ်သူကတွေးမိမှာလည်း၊ ဘယ်သူက စဉ်းစားမိမှာလည်း။ အမှုမဲ့အမှတ်မဲ့ ဖြစ်နေပေမယ့် အခုလူကြီးဘ၀ကိုရောက်နေတဲ့ ကလေးတိုင်းရဲ့ရင်ထဲမှာ အမှတ်တရနဲ့ နစ်ဝင်ခဲ့ကြတာပဲမဟုတ်လားလေ ...။ အကိုလည်း ကြိုက်တယ်။ အခု ကွန်မန့်ကို ရေးနေစဉ်မှာလည်း အဲကဗျာလေးကို စိတ်အတွင်းကနေ တီးတိုးရွတ်ဆိုနေမိသေးတယ်။ Looping တစ်ခုလို ရွတ်လေ မဆုံးလေ၊ ရွတ်လေ မဆုံးလေနဲ့။ ခံစားနေရတဲ့ စိတ်အစဉ်ဟာတော့ မိုးရေဖြန်းပက်စဉ်မှာ ပွင့်အာလာတဲ့ ပန်းမာလာလေးတွေလို တက်ကြွလန်းဆန်းပြီး ပြန်လည်နုပျိုသွားခဲ့တယ်ဆိုတာပါပဲ။

နံပါတ် (၂) ကဗျာလေး

(၂)
ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ဆောင်၊
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်၊
ရွှေဇီးကွက်တို့ အိနြေ္ဒ
ဘုရင်ကြီးလိုနေ၊
မိုးလေ၀သ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော၊
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို
ရွှေကျီးညိုသာပါက
ဧည့်သည်လာပါခင်ဗျ။

ဒီကဗျာလေးဟာလည်း ကဗျာတွေရဲ့အခြေခံ အလင်္ကာသဘောတွေကို ကလေးတွေနားလည်အောင် ဖွင့်ဆိုရှင်းပြ ထပ်တူဥပမာပေးထားတဲ့နေရာမှာ သိပ်ကို ထိမိသပ်ရပ်လှတဲ့ ကဗျာလေးပါပဲ။ ကဗျာပါ အကောင်လေးတွေရဲ့ စရိုက်လက္ခဏာတွေ၊ သူတို့ လက္ခဏာတွေနဲ့ ထပ်တူညီနေတဲ့ လူသားလောကထဲက စရိုက်လေးတွေ၊ အစဉ်အလာအရ ယုံကြည်ခဲ့ကြတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်ကို သတိထားမိအောင် စေ့ဆော်ပေးတဲ့ သင်ကြားချက်တွေ စတဲ့ စတဲ့ အကြောင်းအရာမြောက်များစွာကို အခုလို ရိုးရှင်းတိုတောင်းလှတဲ့ ကဗျာလေးထဲမှာ “ဘွား” ကနဲ အမှတ်မထင်တွေ့မိလေတော့ သိပ်ကို အံသြရပါတယ်။ ဒီကဗျာလေးဟာလည်းပဲ ကလေးတိုင်းရဲ့ နှုတ်ဖျားမှာ ရေပန်းစားလှစွာနဲ့ ကျော်ကြားပျံ့နှဲ့ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်အဖြစ်နဲ့ နောက်ခေတ်ကာလများစွာ အထိ ဆက်လက်တည်ရှိနေဦးမှာပါပဲ။ အကိုတို့ ငယ်စဉ်တုန်းက ဒီကဗျာလေးကို ရွတ်ဆိုတိုင်းမှာ ဒီအတိုင်းငြိမ်ငြိမ်သက်သက်သံပြိုင်ရွတ်ဆိုခဲ့တာမဟုတ်ပဲ၊ အားလုံး မတ်တပ်ရပ် သက်ဆိုင်ရာအပုဒ်အလိုက်ကို ခြေ၊ လက်၊ ခါး နဲ့ ကိုယ်အမူအယာအယိမ်းအနွဲ့တွေနဲ့တကွ တညီတညာတည်း အော်ဆိုဟစ်ကြွေးခဲ့ရတာကို ပြန်သတိရမိသွားတယ်။ ဒီကဗျာလေးတွေဟာ လူတိုင်းရဲ့ နှလုံးအိမ်ကလေးတွေထဲမှာ ခိုအောင်းနေပြီး ပြန်လည်ရွတ်ဆိုတိုင်းမှာ ရွတ်ဆိုသူကို ကိုယ်၊ စိတ် ပြန်လည်နုပျိုလန်းဆန်းအောင် စွမ်းဆောင်နိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေတယ်ဆိုတာကို ရဲရဲကြီး ပြောချင်မိပါတယ်။

တကယ်တော့ “ကဗျာ” ဆိုတာ လူ့စိတ်ကို သာယာညွှတ်ပျောင်းပြီး နုညံ့သိမ်မွေ့အောင် ထုဆစ်တဲ့နေရာမှာ လက်ရာအပြောင်မြောက်ဆုံး၊ အနုစိတ်ဆုံး ပန်းပုဆရာတစ်ယောက်လိုပါပဲ ညီမရေ ... ။
ညီမငယ် ရဲ့ ရင်ဘတ်နွံထဲ ပျော်ဝင်နစ်မြုတ်နေတဲ့ ကဗျာငယ်ကလေးတွေကို အခုလို မျှဝေခံစား၊ သိရှိရလို့ လည်း ဂုဏ်ယူလေးစားလျှက် ရှိနေပါကြောင်း ပြောပြချင်ပါတယ် ပန်းခရေ ညီမရေ ... ။ အခုလို အကို TAG ကို ဂရုတစိုက်၊ သေသေသပ်သပ်နဲ့ အကျအန ရေးသားတင်ပြပေးတာ အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း ... ။

ခင်မင်လေးစားမှုများစွာဖြင့် အကိုကြီး

အဖြူရောင်မေတ္တာ said...

မင်္ဂလာပါ ပန်းခရေ..ရေ

>>> နံပါတ် ၂ ကဗျာလေးကို ဖိုးသားဖတ်လိုက်ရတဲ့အချိန်မှာ အော်.. ဘယ်လိုခံစားချက်လေးလဲ ဆိုတာ ဖိုးသားမပြောနိုင်ပေမယ့် တစ်ခုခုတော့ ခံစားလိုက်ရတာသေချာပါတယ်။

>>> အော်သိပြီ.. ခုမှပဲသိတော့တယ်။ လူ့သဘာဝတွေကို ဖွဲ့ထားတာ။ လူအမျိုးမျိုး စိတ်အထွေထွေကို ပေါ်အောင်ဖွဲ့ထားတာပဲ။

>>> ငယ်ငယ်တုန်းက ဘ၀ကိုလည်း ပြန်သွားအောက်မေ့ သတိရမိတယ်ဗျာ။
တကယ့်ကို ကျေးဇူးတင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်လေ ခုတစ်လော ကဗျာလေးတွေ ခဲရာခဲဆစ်ဖွဲ့ ခဲ့ပေမယ့် ခုကဗျာလေးလောက် ရင်ထဲမထိဘူးဗျာ။

>>> နောက်ပြီး ဒါလေးကိုပြန်ဖတ်လိုက်ရတော့ အော်.. ငါငယ်ငယ်ကအသိနဲ့ အခုသိနေတာတွေနဲ့ တအားကိုကွာခြားသွားသလို အသက်အရွယ်ချင်းလည်း တအားကို ကွာသွားပါလားလို့ တွေးမိပြီး သံဝေဂလည်း ရတယ်ဗျာ။ အဲဒီအတွက်လည်း ထပ်လောင်းကျေးဇူးတင်ပါရစေ။

>>> ပန်းခရေတစ်ယောက် အလွမ်းတွေပျောက်ပြီး ခရေပန်းလေးလို ဝေလည်းမွှေး၊ ကြွေလည်းမွှေးပါစေ။ လန်းလည်းမွှေး၊ နွမ်းလည်း မွှေးပါစေလို့ အဖြူရောင်မေတ္တာတွေနဲ့ ဆုမွန်ခြွေလျက်...

လေးစားခင်မင်စွာဖြင့်
ဖိုးသား

သီဟညိမ်း said...

လုပ်ချလိုက်ပြီဟ ဒါပေမယ့် ငယ်ဘ၀တော့
လွမ်းသွားတယ်

ကိုတိုး said...

မမ ၀၀ ထထ က
အက ပထမ
ကပါ ကပါ မမရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က....။
တက်စ် ပိုစ့်ရေးထားတာလားမပန်း......... ကဗျာကောင်းကောင်းလေးတစ်ပိုဒ်လောက်တော့ရေးပါအုံး....... ခံစားကြည့်ချင်လို့ပါမပန်း........ ပျော်ရွှင်အဆင်ပြေပါစေမပန်း..............။

အမရာ said...

တကယ့်ကိုတော်တဲ့
ပန်းခရေ...ပေခရမ်း..ကွ

အိမ် said...

အော်... သူကတမျိုးပါလား။
အင်း..ဟုတ်တော့ ဟုတ်တယ်ဗျ။ ဒါလေးတွေတော့ မေ့မရဘူး အရင်ဦးဆုံး စသင်ခဲ့ရတာတွေမို့လားတော့မပြောတတ်ဘူး
နော်..

ရွှန်းမီ said...

ဒုတိယကဗျာကို ကြိုက်တာချင်း တူတယ် ခရေ.. =)
တို့တွေ တူတာ တော်တော်များသားပဲ ..
:-)

Related Posts Plugin for WordPress, Blogger...