Wednesday, October 15

အချစ်ဆိုသည်မှာ...

အချစ်ဆိုသည်မှာတဲ့ ဒီခေါင်းစဉ်လေးကို ဘလော့တိုင်းမှာ တွေ့နေရ ဖတ်ရပါတယ်..။ ဒီခေါင်းစဉ်လေးကို စိတ်ဝင်စားမိတယ် ဖတ်လည်းဖတ်ဖြစ်တယ်..။ လူတိုင်းရဲ့ အချစ်အပေါ်မြင်တဲ့အမြင် ၊ ခံစားမှု အားလုံးကို စိတ်ဝင်စားစွာဖတ်ဖြစ်တယ်..။ အားလုံးရဲ့ အချစ်ဆိုသည်မှာ အမြင် ၊ ခံစားမှုတွေဟာ တစ်ထပ်တည်းမကျသလို တိကျစွာလည်း အဖြေမထွက်ဘူး..။ အားလုံးဟာလည်း အချစ်အတွက်ကြောင့် ခံစားမှုပေါင်းများစွာနဲ့ ဖြတ်သန်းနေကြရတယ်..။ ကျမလည်း အချစ်ဆိုတာကို တော်တော်ကိုစိတ်ဝင်စားမိတယ်..။ ဘာကြောင့် အချစ်ဆိုတဲ့ အရာလေးက လူတွေအားလုံးကို ချုပ်ကိုင်နိုင်ရတာလဲ.....?

လူတွေရဲ့စိတ်တွေဟာ ဒီအချစ်ဆိုတဲ့ အရာကြောင့် နူးညံ့သွားကြသလို ၊ ခက်ထန်မာကြောလာတာတွေလည်း ရှိကြတယ်...။ ဒီအချစ်ကြောင့်ငိုကြွေးပူဆွေးရသလို ၊ ပျော်ရွှင်ကြည်နူးရတာတွေလည်းရှိတယ်..။ အချစ်ကြောင့် စိတ်ပူပန်ရသလို စိတ်အေးချမ်းသာရတာလည်းရှိတယ်...။ စိတ်အေးချမ်းသာမှုပေးတဲ့အချစ်ကတော့ မေတ္တာ ပါရောနှောနေမယ်ထင်တယ်..။ အချစ်ဆိုတာ ပူလောင်တဲ့မီးတောက်ငယ်တစ်ခုလို့ ဆိုထားသလိုပဲ ပူပြင်းတဲ့ ခံစားမှုတစ်ခုပါ..။ ဘာကြောင့်ပူလောင်လဲ? အတ္တ ဆိုတဲ့ လူတွေရဲ့အတ္တ ပြင်းထန်ရင် ပြင်းထန်သလို ပိုပြီးတော့ ပူလောင်ကြတယ်..။


အမှန်တစ်ကယ်တော့ အချစ်ဆိုတာ ဖန်တီးယူလို့မရတဲ့ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ ခံစားမှုတစ်ခု...။ ဒီခံစားမှုကို လူတွေရဲ့ အတ္တအရောင်တွေ၊ မာနအရောင်တွေ၊ သောကအရောင်တွေ ၊လောဘ မောဟ အရောင်တွေ ဖုံးလွှမ်းမှုတွေကြောင့် အချစ်ဆိုတာ အရောင်ပြောင်းသွားကြတယ်..။ ကိုယ်က အေးမြတဲ့အချစ် မေတ္တတရားပေါင်းစပ်အခြေခံပြီး အချစ်ကိုမြတ်နိုးတန်ဖိုးထားပေမယ့် အဲဒီ တန်ဖိုးထားမှု အလေးထားမှုကို အခွင့်ကောင်းယူပြီး လှည့်စားတတ်ကြတဲ့ လူတွေရဲ့ စိတ်ကြောင့် အချစ်ဆိုတာ ကြောက်စရာ အရာ တစ်ခုဖြစ်မှန်းမသိဖြစ်လာတယ်..။ မေတ္တာတရားမှာ အသွားအပြန်အလျားအနံဆိုတာ ရှိပေမယ့်..အချစ်မှာတော့ အသွားအပြန်မရှိပဲ တစ်လမ်းသွား (သို့) လုံးဝမရှိတာမျိုးလည်း ဖြစ်တတ်တယ်...။ အချစ်ရဲ့ ဆန်းကြယ်မှုဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရဘူး..။ အချစ်ရဲ့ အဓိပ္ပာယ်ကတော့ တိကျစွာ မရှိတာအမှန်ပဲ။


ဒီလို တိကျစွာ အဖြေမရှိတဲ့ အချစ်ကို ကျမ ချစ်ခဲ့မိတယ်...။ ချစ်သူနဲ့ချစ်လျှက်နဲ့ မပေါင်းဆုံရတဲ့ ဒုက္ခကလည်း ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာတာလား? ..။ဒါမှမဟုတ် ချစ်သူကိုချစ်လျှက်နဲ့ စွန့်လွှတ်လိုက်ရတာ ကျမ ညံ့ဖျင်းမှုလား...?။ ချစ်သူအလိုကျ ချစ်သူစိတ်မဆင်းရဲလိုစေခြင်း ၊ ပူဆွေးသောကရောက်နေခြင်းကို မကြည့်ရက် ခြင်း ၊ ချစ်သူစိတ်ပင်ပန်းဆင်းရဲခြင်းကို မမြင်လိုခြင်း ၊ ချစ်သူအပေါ်ကျရောက်နေတဲ့ ဒုက္ခအားလုံးကို မျှဝေခံစားလိုခြင်း၊ချစ်သူစိတ်နဲ့တစ်သားတည်းတစ်ထပ်ကျအောင်နေခဲ့ပြီး ချစ်သူလေသံကို နားထောင်ခြင်း ဖြင့် စိတ်ညစ်နေချိန်လား ပျော်ရွှင်နေချိန်လား ၊ ဘာအလိုမကျဖြစ်နေလဲဆိုတာပါ တွေးတောတတ်လာခြင်း ၊ ချစ်သူအလိုကျ အရာရာပေးဆပ်ဖို့အသင့်ဖြစ်နေပြီး ၊ မည်သည့်အကြောင်းနှင့်မျှ ချစ်သူကို အထင်မသေးတတ်ခြင်း၊အပြည့်အ၀နားလည်ပေးနိုင်ခြင်းစတဲ့ကိုယ့်အတ္တကိုထည့်မတွက် ချစ်သူအတွက်သာလျင် ကြည့်တတ်ခဲ့တဲ့ ကျမအချစ်ကရော...ဘယ်လိုအချစ်မျိုးပါလဲ...? ကျမ ပူလောင်ခဲ့ရတဲ့ အချိန်တွေများခဲ့ပါတယ်..။ ကျမကလွဲရင် တစ်ခြားတစ်ယောက်ကိုများ ပိုချစ်မိလေမလား ? ကျမကိုပစ်ခွာထားခဲ့လေမလား စတဲ့ အတွေးပေါင်းများစွာနဲ့ ရင်တွေပူလောင်ရင်း ကျမရဲ့ဘ၀လေး မငြိမ်းချမ်းခဲ့ဘူး..။ ငိုခဲ့ရတဲ့ မျက်ရည်တွေလည်း များလှပြီ..။ ကြိမ်ဖန်များစွာ နာကျင်ရလွန်းလို့ ရင်တွေလည်းနာလှပါပြီ...။ ပူလောင်ရလွန်းလို့ စိတ်တွေလည်း ပင်ပန်းလှပြီ...။ ဒါတွေက ချစ်သူကိုချစ်နေရချိန်မှာ ဖြစ်မိတဲ့ အတ္တကြောင့်ဖြစ်ပေါ်လာတဲ့ ရလဒ်တွေ..။ တစ်ကယ်တမ်းချစ်သူဒုက္ခဆင်းရဲရောက်ချိန်မှာ ကျမပေးနိုင်သမျှ မေတ္တာ ၊စေတနာ၊ ဂရုဏာ၊ မုဒိတာတွေကို ပေးဆပ်ရင်း ချစ်သူကိုအားပေးရင်း ချစ်နိုင်သလောက် ချစ်ခဲ့မိတယ်...။ မချစ်လို့မဟုတ်ပါပဲ အကြောင်းအမျိုးမျိုး ကြောင့်ခွဲခွာသွားကြရတဲ့ ချစ်သူတွေရှိကြပေမယ့် ကိုယ့်အဖြစ်က ဒီလိုကြုံတွေ့ရမယ်လို့လည်း မမျှော်လင့်ခဲ့မိဘူး။ တစ်ကယ်တမ်းကြုံတွေ့ရချိန်မှာ အရမ်းကိုတုန်လှုပ်ခဲ့မိတယ်..။ ချစ်သူကိုစွန့်လွှတ်ရတော့ မှာပါလားဆိုတဲ့အသိက ရင်တစ်ခုလုံးကို ဗြောင်းဆန်စေခဲ့တယ်...။ မငိုပါပဲကျတဲ့ မျက်ရည်တွေဟာလည်း မခမ်းခြောက်နိုင်တော့လောက်အောင်ကို ကျဆင်းနေခဲ့တယ်..။ ဆောက်တည်ရာမရ ဘ၀တစ်ခုလုံး ပျက်သုန်းမလားမှတ်ထင်ရလောက်အောင် နှလုံးသားတွေ ပျက်ကြွေခဲ့တယ်...။ ပျက်ယွင်းသွားတဲ့ အခြေအနေကို မနည်းအားယူတည့်မတ်ရင်း ချစ်သူကို အားပေးဖို့ အင်အားတွေမွေးမြူခဲ့တယ်..။ ချစ်သူကို ချစ်ခွင့်ရချိန်ထိတိုင် အောင် ဆက်ချစ်သွားဖို့...ဆုံးဖြတ်မိတယ်...။ ချစ်သူကိုပိုင်ဆိုင်ချင်တဲ့စိတ် ၊ စွန့်လွှတ်ရမယ့်စိတ် ဒီစိတ်နှစ်ခုနဲ့ ဆက်လက်ရပ်တည်နေရတဲ့ ကျမ ဒီစိတ်နှစ်ခုက ဖြစ်ပေါ်လာတဲ့ ကောင်းဆိုး ခံစားမှု ၊ ၀မ်းနည်းပူဆွေးမှု အားလုံး ကိုကြံ့ကြံ့ခံရင်း ရှင်သန်နေတဲ့ကျမ ချစ်သူနဲ့ပေါင်းဆုံရပါစေလို့ တိတ်တစ်ဆိတ်မျှော်လင့်ချက်မဲ့စွာ မျှော်လင့်နေမိတာလည်း ကျမရဲ့ အချစ်ဆိုသည်မှာပါ......။


Print this post (စာထုတ်ယူရန်)

Creative Commons License

7 comments:

Anonymous said...

အတ္တ မာနတွေ မောဟတွေ သောက တွေကြောင့် အချစ်ဆိုတာ အရောင်ပြောင်းတတ်ကြပါတယ်... တကယ်အချစ်ဆိုတာ မေတ္တာလိုသဘောမျိုးပဲ... အရမ်းအေးမြတယ်... အဲဒီအရာကိုမှ အခြားအရောင်တွေ လွမ်းသွားရင် အချစ်က ရောနှောတဲ့ အချစ်ဖြစ်သွားပြန်ရောဟေ... ငါ့အထင်တော့ အချစ်ဆိုတာ မရှိဘူးဟ... တကယ်စစ်မှန်တဲ့ အတွေးမရသေးလို့သာ အချစ်ဆိုတာ ရှိနေခဲ့တာ... မေတ္တာဆိုတာက တော့ အမြဲရှိနေတဲ့ အရာပဲ... အစစအရာရာ အဆင်ပြေပါစေ စိန်ကြီးရေ.....

Anonymous said...

အချစ်အကြောင်းလေး ဖတ်ပြီးတော့ရင်ထဲထိသွားသလိုလိုပဲနော်.........။ အချစ်ဆိုတာ ဖန်တီးယူလို့မရပဲ သူအလိုလိုဖြစ်လာတာပါ အဲလိုဖြစ်ပေါ်လာတဲ့အချစ်ရဲ့ ခံစားချက်လေးကို ကျွန်တော်လည်းသိချင်နေတာ မပန်းသိရင်ပြောပြပေးနော်။

Apprenticeship said...

ဆက်လက်ရူးနိုင်ပါစေ.. ပြောလို့မရလဲ နောက်တခါလာလာမငိုပြနဲ့ မသနားဘူး :P
နားမလည်နိုင်လွန်းတဲ့ အဲဒီမျက်ရည်နံ့တွေနဲ့ နာကျင်စေတဲ့ အချစ်ဆိုတယကြီးကို ငါတော့ ကြောက်ကြောက်........ နာ့ဆီကလဲ အားလုံးယူသွားနော်..
စသည်နော်....အင်း... ရူးနိုင်သူများဆက် ရူးနိုင်ပါစေကွာ... အဲမေ့လို့ ချစ်နိုင်သူများဆက်ချစ်နိုင်ပါစေလို့ပါ :P

emayarKhin said...

သိပ်ကိုကောင်းပါတယ်ညီမရယ်.....
ဒါကြောင့်အမရာကချစ်သူတိုင်းကိုပျော်စေချင်
သူပါ..............ချစ်သူနဲ့အမြန်ဆုံးစုံစည်းနိုင်ပါစေ။

ဖြိုးငယ် said...

အချစ်ဆိုတာ နေရာဒေသ ဘက်ပေါင်းစုံက အခြေအနေပေါင်း မြောက်မြားစွား အပေါ် ပုံတည်ပြီး ....
ဖြစ်ပေါ်ပုံခြင်း ကွဲပြားသွားသလို ခံစားချက်ခြင်းလည်း
မတူညီတက်ဘူးဟေ့ .... နင်ရေးထားတာလည်းကောင်းတယ် ပန်းပန်း ....
ငါရေးရင်လည်း ငါဖတ်ဦး

Anonymous said...

အချစ်ကို သူများတွေလို စာမဖွဲ့တတ်ပေမယ့်
ချစ်သူကိုလည်း ယုံကြည်ချက်နဲ့
အလေးနက်ဆုံး ချစ်တယ် ..

အမေရေ အချစ်ဆိုတာ ဖန်တီးလုပ်ယူလို့ မရဘူး ဆိုတာ တကယ်အမှန်ပါပဲ
ပေးဆပ်တယ် ဆိုတာ
နောက်ဆုံး မရလိုက်မှ
လက်လျော့ပြီး ပြောတဲ့ စကားပါ...
သူချစ် ကိုယ်ချစ်မို့
သမီးတော့ လုံးဝ မပေးဆပ်နိုင်ပေါင်
ဘယ်လို အခက်အခဲ ရှိနေပါစေ
အဆုံးထိ ရအောင် ရင်ဆိုင်မယ်...

အချစ်ဆိုတာ ယုံကြည်ရင်
သောက မများနဲ့နော်
စစ်မှန်သော ချစ်ခြင်းနဲ့ ယှဉ်ပြိုင် လိုက်ရင်
အနှောင့်အယှက် ဆိုတာ ခဏပါ
ချစ်သူက ဘယ်လောက် ချစ်ပြီး
ဘယ်လောက် မြတ်နိုး တန်ဖိုးထားတယ် ဆိုတာ
ကိုယ်တိုင်တာ အသိဆုံးမို့
ကျန်တာတွေ ခေါက်ကာထား လို့
ရှေ့ဆက်ကာ နီးနိုင်ဖို့ အရေး
ယုံကြည်ချက်တွေထား
နားလည်မှုတွေနဲ့
ချစ်ကြစို့နော်
အမေ နဲ့ သမီး
ကံကောင်း နိုင်မှာပါ
{သူတို့က အရမ်းချစ်ပြီး
အရမ်း ဂရုစိုက်တာကိုးနော် ဟုတ်တယ်ဟုတ် ;) }
ကျန်တာတွေ အေးဆေးပါ အမေရယ် အေးဆေး.. :P
သမီးနဲ့ ထပ်တူ ပျော်ရွင် နိုင်ပါစေ..:)

Anonymous said...

အရင်က ဒါမျိုးတွေကို အပိုတွေလို့ထင်ခဲ့ဘူးတယ်..
လှောင်ရီလဲရီခဲ့ဘူးတယ်..
အထင်လဲ မကြီးခဲ့ဘူး...
တဏှာကို တန်ဆာဆင်တာလို့ပဲထင်ခဲ့တယ်..
လက်တွေ့ ကြုံ လိုက်တဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို မုန်းတီး နာကျည်း တဲ့အထိကို ချစ်မိခဲ့တယ်..
နောက်ထပ်လဲ မုန်းနေဦးမယ်..


i

Related Posts Plugin for WordPress, Blogger...