Sunday, September 14

အလွဲများနဲ့ပေခရမ်း

ပေခရမ်းတစ်ယောက် ဘလော့ဌာနေလေးကနေ ပျောက်ချက်သားကောင်းနေတာ ကြာပါပြီ..။ ဘာလို့ပျောက်နေလဲဆိုရင် .... ပေခရမ်းတို့ ဌာနကလွှတ်တဲ့ သင်တန်းတစ်ခုကို တက်ရောက်ရပါတယ်..။ သင်တန်းသွားရမယ်ဆိုတော့ ဘာသင်တန်းလဲပေါ့ ..။ရွေးရင်း ရွေးရင်း FIBER TRANSMISSION COURSEကို စိတ်ဝင်စားတာနဲ့ ရွေးလိုက်မိတယ်..။ ဒီသင်တန်းကို ရန်ကုန်မှာသွားတက်ရတယ်။။ ရန်ကုန်ရောက်တော့ ပျော်နေလိုက်တာ ထုံးစံအတိုင်း ပေခရမ်းတို့က အလွဲပေါင်းမြောက်မြားစွာနဲ့ပေါ့...။


စတင်ခြေချကတည်းက လွဲတာ လာကြိုတဲ့သူနဲ့ ၅နာရီချိန်းထားတာ ၈နာရီမှ တွေ့...။ ပေခရမ်းဆက်တဲ့ဖုန်းတိုင်းလည်း ဆက်သွယ်မှု ဧရိယာပြင်ပ...။ ဒီလိုနဲ့ သင်တန်းကာလ သုံးပတ်ကိုဖြတ်ကျော်လာလိုက်တာ... သင်တန်းကိုလည်း ဂိမ်းကစားရင်း ဖြတ်ကျော်နေလိုက်တာ.. သင်တန်းမှာစာမေးပွဲ ၃ခါဖြေရတယ်..။ ဒီစာမေးပွဲကနေပြီး..အဆင့်နဲ့ဆုပေးတာရှိတယ်ပေါ့..။ ပထမ ဒုတိယ၀င်ရင် ရာထူးတိုးအတွက်စဉ်းစားပေးတယ်လို့ တော့ကြားတယ်..။ ဒါပေမယ့် ပေခရမ်းတို့က ထုံးစံအတိုင်း စာဆိုသိပ်ပျင်းတာ ကျက်ရမှာ ပျင်းတယ်..။ ဖတ်ရမှာ စိတ်မပါဘူးဆိုတဲ့ လူစားမျိုးလေ..။ ဆုလည်းမမှန်းပါဘူး..။ ယူလည်းမယူပါဘူးပေါ့..။ စာမေးပွဲလည်းပေါ့ပေါ့ပါးပါးပဲ ဖြေလိုက်တယ်..။ ဒီလိုနဲ့ ....

တတိယအပတ် ကြာသပတေးနေ့မှာ ဆုရသူနှစ်ယောက်ကို ကြေငြာတယ်..။ ပထမ ကိုယ့်နာမည်ဟုတ်ဘူး..။ အေးဆေးပဲ..။ ဒုတိယ ဒေါ်စိန်မမ....။ အိုးး လူများနားကြား လွဲသလားပေါ့..။ တစ်ခန်းလုံးကလည်း မြို့နယ်တိုင်းက အင်/ယာတွေကိုးး တော်လည်းတော်ကြတယ်..။ ပေခရမ်းထက်လုပ်သက်ရင့်တွေကြည့်ပဲလေ..။ ဘယ်ထင်ထားမလဲ ဖိုက်ဘာဆိုတာ ပါးကန်လောက်သိတဲ့ ပေခရမ်းက ဒုတိယ ရတယ်ဆိုတောာ့ အံ့သြစရာပဲ..။ ဆရာကိုပြန်မေး...။ ဟုတ်လို့လားပေါ့။ မယုံနိုင်တစ်ကယ်ကိုဖြစ်ခဲ့တာ..။ ထင်မှတ်မထားတော့ ပျော်လည်းပျော်သွားတယ်..။ ဘယ်လိုပျော်မှန်းလည်းမသိဘူး..။


အဲဒီလိုနဲ့ ရဟာဇယ်ကို ညနေပိုင်းမှာလုပ်ရတယ်..။ သောကြာနေ့က ဆုယူရတဲ့နေ့လေ..။ ရဟာဇယ်မှာ ပေခရမ်းတို့ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေနဲ့ပဲ...။ ပြောပြပါအုံးမယ်..။ ဆုရရင်ထုံးစံအတိုင်း ဆုရသူနှစ်ယောက်က ကျွေးမွေးဧည့်ခံရတယ်..။ ပိုက်ဆံကလည်း ပြန်ခါနီးတော့ အိတ်ကပ်လေထန်ကုန်းဖြစ်နေချိန်..။ ကိုက ဆုထရတော့ ကျွေးရမယ်..။ အတန်းဖော်တွေကလည်း အမျိုးသားတွေလေ..။ မိန်းကလေးဆိုလို့ အစ်မတစ်ယောက်နဲ့ ကျနော်ပဲပါတယ်..။ အဲလိုဆိုတော့ သူတို့လည်းပျော်ချင် ကျနော့်ကိုလည်းအငယ်ဆုံးဆိုပြီး အနိုင်ကျင့်ချင်..။ လေထန်ကုန်းလေးထဲက လက်ကျန်လေထန်ကုန်းလေးနဲ့ ရှင်းလင်းလိုက်တာ.. အိမ်ပြန်စရာလမ်းစရိတ်မကျန်တော့လို့ သူငယ်ချင်းက တက်စီခ ပေးလိုက်ရသေးတဲ့အဖြစ်...။

အဲဒါကနိဒါန်းပါ..။ ကျန်ပါသေးတယ်..။ ပြောပြချင်လွန်းလို့ဘလော့ပေါ်ရောက်လာတာ..။ ပေခရမ်းတို့က မလွဲချော်ရရင်ထမင်းစားမ၀င်ဘူး...။ သောကြာနေ့မနက်မှာ သင်တန်းဆင်းပွဲကျင်းပတယ်..။ မိုးလင်းတည်းက စလွဲတာက မိုးတွေအရမ်းကိုသည်းကြီးမည်းကြီးရွာချတာပါပဲ...။ မိုးရေကြားထဲက ၈နာရီအမီ သင်တန်းကျောင်းကိုပြေးရတယ်..။ မိုးတွေစိုစိစိုစိပေါ့...။ ၉နာရီအခန်းအနားစတင်မယ်..။ ကျောင်းကို ၈နာရီမီတဲ့အတွက် စိတ်အေးလက်အေးဖြစ်ပြီး... ကန်တင်းလေးထိုင်လိုက်တယ်..။ အစ်ကိုတော်တွေနဲ့ စကားပြောဆိုရင်းပေါ့..။ ကဲစပါပြီ အဲဒီမှာစတင်တာက သင်တန်းသား ကဒ်ပြား ဒီကဒ်ပြားလေး မပါရင် သင်တန်းထဲမ၀င်ရဘူး..။ ကိုယ်ကဆုထွက်ယူရမယ်..။ မိန်းဖြစ်တဲ့ ကဒ်ပြားပျောက်သွားခြင်း..။ အဲဒီအချိန်ကျမှ အစ်ကိုတွေကို ပြော စီမံရေးရာကိုပြေး လက်မှတ်ထိုးပြီး ဒဏ်ငွေဆောင်..အပြေးအလွှား ကဒ်တစ်ခုထပ်တောင်း.. ဟူးး မောလိုက်တာ....။ ကဒ်ပြားကိစ္စအဆင်ပြေသွားတယ်..။ အဲဒီအချိန်မှာ နောက်တစ်ခုစတင်တော့တာပါပဲ...။ ဘာကဒုက္ခထပေးသလဲဆိုတော့ာ ဖိနပ်ပါ...။

ကျနော့်ဖိနပ်ကလေးပါ..။ ယိုးဒယားဖိနပ်ကလေး ဘာဖြစ်သလဲ..။ ဒေါက်ပါးပါးလေးနဲ့ ကော်ကပ်ထားတဲ့နေရာက ဒေါက်တင်ပြုတ်တာမဟုတ်ပဲ နှစ်ခြမ်းကွာသွားတာပါ..။ မိုးစိုပြီး ကော်တွေ ကွာကုန်တာဖြစ်မယ်..။ဒီမှာတင်ပဲ ပေခရမ်းချွေးပြန်တော့ာတာပါပဲ..။ ပေခရမ်းတင်ဘယ်ကမလဲ တစ်ခန်းလုံး ဆရာတွေရော မျက်လုံးပြူးကုန်တာပဲ..။ ဖိနပ်ကလေးက အသစ်ကလေးး..လှည်းတန်းက နာမည်ကြီးဖိနပ်ဆိုင်က ၀ယ်လာတာပါ..။ စီးတာ ၃ရက်ပဲရှိပါသေးတယ်..။ အချပ်လိုက်ကလေးကို ကွာကျတောာ့တာပါပဲ..။ မိုးတွေကလည်းအရမ်းရွာ ... အချိန်ကလည်းကပ်နေပြီ..အခမ်းအနားကလည်းစတော့ မယ်..။ အားလုံးလည်းလူစုံနေပြီ..။ ဘာဆက်လုပ်ရမှန်းမသိ..။ မိုးတွေကြားမှာ လူကချွေးပြန်..။ အဲဒီအချိန်မှာ ဆရာက ဆင်ကော်လိုက်ရှာ ကံကောင်းချင်တော့ ဆင်ကော်ရခဲ့တယ်..။ အစ်ကိုတွေကလည်း ငါ့ဖိနပ်စီး ..။ မဖြစ်နိုင်ဘူးလေ..။ ကောင်လေးဖိနပ် ။ ၀တ်ထားတော့ရင်ဖုံး..။ အဲလိုကိုလွဲတာ..။ ငိုလည်းငိုချင်..။ ရီလည်းရီချင်။ ဆင်ကော်ရတော့ အစ်ကိုတွေက ဖိနပ်ကို ဆင်ကော်ကပ်ပေးတာ..။ လက်နဲ့ဆင်ကော်နဲ့ဖိနပ်နဲ့ ကပ်သွားလို့ ပြန်ခွာမရတော့ဘူး...။ အိုးး တိုက်ဆိုင်လိုက်တာများကွာပဲ အော်ရတော့မလား..။ ဘာလုပ်ရမှန်းကို မသိတော့ဘူး..။ သင်တန်းတစ်ခုလုံးလည်း ပေခရမ်းကို မသိသူမရှိတော့ဘူး..။ တခြားသင်တန်းသားတွေပါသိကုန်ရော..။ ရှက်လည်းရှက်..။ အစ်ကိုတစ်ယောက်လက်ကလည်း ခွာမရ..။ ဒုက္ခတွေများနေတာ ကံကောင်းချင်တော့ ဆရာမတစ်ယောက်က သူ့ဖိနပ်ပေးတယ်..။ ဖိနပ်က လေးလက်မလောက်ထူတယ.်...။ ဟူးး သေပြီဆရာပဲ..။ အရပ်ကကလန်ကလား ဖိနပ်လေးလက်မနဲ့ စဉ်းစားကြည့်ကြပါအုံး..။ မတတ်နိုင်တော့တဲ့ အဆုံးလေးလက်မကိုပဲစီးပြီး..ဆုယူရတော့တယ်...။ အမှတ်တရဓာတ်ပုံရိုက်တဲ့အချိန်မှာ ပေခရမ်းအရပ်ကြီးက ထိုးထောင်ထွက်နေပြီး နောက်က ကောင်လေးတွေ အားလုံး မမြင်ရတော့ပါဘူး...။ အအော်ခံရလေခြင်းပေါ့..။ ဖိနပ်ကလည်း အသားမကျတော့.. ဆုယူချိန်မှာ ဘာဖြစ်လဲဆိုတော့...လဲမလိုဖြစ်တာပါပဲ..။ ကံကြီးပေလို့ ကျောင်းအုပ်ကြီးရှေ့ဟပ်ထိုးမလဲတာပါ..။

အဲလိုလွဲနေတာ တစ်နေကုန်ကိုမပြီးတော့ပါဘူး..။ ကားမှားစီးမိပါသေးတယ်..။ တာမွေကနေ..မြေနီကုန်းသွားမှာကို ပါရမီကားတက်စီးမိလို့...ပါရမီ ရောက်သွားလို့...တက်ကက်စီလာနဲ့ ပြန်လာရပါတယ်..။ အားလုံးလွဲချော်မှုများနဲ့ ခုတော့ ဌာနေကိုပြန်ရောက်နေပါပြီ..။ ဘာတွေထပ်လွဲအုံးမလဲတော့ မသိတောပါဘူး..။
အလွဲများနဲ့ပေခရမ်းအကြောင်း သူငယ်ချင်းတို့ကို ပြန်လည်ဖောက်သည်ချလိုက်တာပါ..။ အားလုံးဆီကိုလည်း လိုက်မလည်ဖြစ်တာကြာပြီ..။ လိုက်လည်မယ်..။စာတွေလည်းပုံမှန်ပြန်ရေးပါတော့မယ်လို့... ထပ်ပြောပါရစေ..။အားလုံးကိုခင်တဲ့ ပေခရမ်း။

Creative Commons License

4 comments:

Anonymous said...

တာမွေကနေ မြေနီကုန်းသွားမှာ ၅၀ စီးရတယ်လေဟယ် ဒါမှမဟုတ်ရင် ရွှေအင်းဝစီး
နောက်တခါ နာကျောက်မြောင်းပြန်မှ လာခဲ့
လိုက်ပို့ပေးမယ် ဟိ
ဒါနဲ့ ဆင်ကော်နဲ့ဖိနပ်နဲ့ လက်နဲ့ကကွာသွားလားဟင်
တော်ကြာ ဟိုလူကြီးမနက်မျက်နှာသစ်ရင် ဖိနပ်ဖင်လေးနဲ့သစ်နေရဦးမယ် ဟိဟိ

Apprenticeship said...

တော်သေးတာပေါ့ လေးလက်မက ကယ်လိုက်လို့ :D

U NU OF BURMA said...

တော်တော်ရှာကြံတွေးတတ်ပါ့ဗျာ
ဖိနပ်တောင်မှဖိနပ်ဖင်လေးနဲ့ မှမျက်နှာသစ်ခိုင်းတာ။
မတော် ကြုံရင်မိတ်ဆက်မပေးနဲ့ နော်။

မင်းကျန်စစ်။ said...

ဖိနပ်က ပိုတန်ဖိုးကြီးတယ် ဟိုလူကြိးလက်ကို ဖြတ်ခိုင်းလိုက် :P

Related Posts Plugin for WordPress, Blogger...