တစ်ကယ်တမ်းတော့ လူတစ်ယောက်ဟာ လူ့အသိုင်းအ၀ိုင်းနဲ့ သဟဇာတဖြစ်ဖို့ဆိုတာ သိပ်မလွယ်ကူတဲ့ ကိစ္စတစ်ရပ်ပါ..။ လူတိုင်းလူတိုင်း လူ့အသိုင်းအ၀ိုင်းနဲ့နေထိုင်ကြတဲ့ အခါမှာ ကိုယ့်စိတ်နဲ့မကိုက်ညီတဲ့ အချိန်ခါတွေကလည်း မနည်းပါဘူး..။ လောကမှာ လူ့စိတ်က အပြောင်းအလဲအမြန်ဆုံးပဲဆိုတာ အမှန်တရားတစ်ခုပါ....။ဒီလိုလူတွေထဲကလူတစ်ယောက်ဖြစ်တဲ့ကျနော်လည်းလူ တွေနဲ့ပေါင်းသင်းဆက်ဆံရတဲ့ အချိန်မှာ အဆင်မပြေတာတွေရှိတယ်...။ မကိုက်ညီတာတွေရှိတယ်..။ လွဲချော်နေတာတွေရှိတယ်..။ စိတ်နဲ့မကိုက်ညီတာ တွေရှိတယ်..။ ဒီလိုဖြစ်နေတော့ ကျနော်ပတ်ဝန်းကျင်မှာနေထိုင်ရတာ သိပ်ပြီးတော့ မရွှင်လန်းတော့ဘူး...။ စိတ်ပျက်လာတယ်..။ လူတွေကို နားမလည်နိုင်ဘူး..။ အကျင့်ပျက်တဲ့ လူတွေ.. တစ်ကိုယ်ကောင်းသိပ်ဆန်တဲ့သူ တွေ နိုင်လိုမင်းထက်ပြုသူတွေ .. အတ္တကြီးတဲ့သူတွေ သိပ်ပေါများနေတဲ့ လူပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းမှာ နေထိုင်ရတာ ကြာတော့ ကျနော်စိတ်ပျက်လာတယ်..။ စိတ်ကုန်မိတယ်..။ ဒါနဲ့ပဲ ကျနော် ဒီအသိုင်းအ၀န်းက ဝေးတဲ့ ဟိုးအဝေးကြီးကို ထွက်ပြေးချင်တဲ့စိတ်တွေ ဖြစ်ပေါ်မိတယ်..။ ထွက်လည်းထွက်ပြေးချင်လောက်အောင်ကို အကြောင်းတရားတွေ ရှိလာတော့ လူတွေနဲ့ဝေးလေကောင်းလေဆိုပြီး စိတ်ထဲရှိတဲ့အတိုင်း အဝေးတစ်နေရာကို ကျနော်ထွက်သွားမိတယ်..။ ကျနော်လည်း ခြေဦးတည့်ရာကို သွားနေလိုက်တာ.. ဘယ်ရောက်နေလို့ ရောက်နေမှန်းတောင် မသိအောင် နောက်ကြောင်းကိုလည်း ပြန်လှည့်မကြည့်မိဘူး..။
ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်ဆိုပြီး ထွက်လာမိတဲ့ ခြေထောက်တွေ.. ဦးတည်ရာမဲ့နေတဲ့ ခြေလှမ်း တွေ ခေါင်းစဉ်မပါတဲ့ ဦးတည်ချက်တွေ... ပျံ့လွင့်နေတဲ့ စိတ်အစဉ်တွေ.. နဲ့အတူ လျှောက်သွားနေလိုက်တာ များ အချိန်တွေ ကုန်ဆုံးလို့ကုန်ဆုံးမှန်းကို မသိခဲ့ဘူး..။ ဒီလိုလျှောက်လာလိုက်တာ လူတွေအုပ်စု အုပ်စုနဲ့ စုရုံးနေတဲ့ နေရာတစ်နေရာကို ရောက်သွားခဲ့တယ်...။ လူတွေများပြားလိုက်တာ တိုးကြိတ်နေကြတယ်..။ အလွန်တရာကိုသိချင်စိတ်ပြင်းပြလွန်းတဲ့ လူ့စိတ်က ခြေလှမ်းတွေရဲ့ရှေ့ကို ကြိုရောက်ပြီး... လူအုပ်ထဲကို တိုးဝင် သွားတယ်..။ လူအုပ်ကြီးရဲ့အလည်မှာ ဘိုးတော်လား တန်ခိုးရှင်လားမသိတဲ့ လူကြီးတစ်ယောက်က ဘာတွေရေ ရွတ်မှန်းမသိပဲ ရေရွတ်ရင်း လူတွေကလည်း ဘာတွေ တောင်းဆိုနေမှန်းမသိ တောင်းဆိုနေကြတာ တွေ့ရ တယ်...။ သိပ်သိချင်ဇောပြင်းပြရင်းနဲ့ ကျနော်လူအုပ်နားလေးက ဦးလေးကြီးတစ်ယောက်ကို စပ်စုလိုက်တယ်. “ဦးလေးကြီး ဒါဘာတွေလုပ်နေကြတာလဲ.....”
“ အေးကွ...ငါတို့တွေ လိုတရဘိုးဘိုးဆီမှာ..ငါတို့လိုချင်တာအားလုံးကို လာတောင်းခံနေတာကွ..”
“ဗျာ..”ကျနော်မျက်လုံးပြူးသွားတယ်..။ အံ့သြစရာပဲ ဟိုဘိုးဘိုးကြီးက လိုတရဖန်ဆင်းရှင် တန်ခိုးရှင်ကြီးပေါ့..။
“ဒါဆို..ကျနော်လည်း လိုချင်တာအားလုံး တောင်းလို့ရလား...”
“ရတယ်..လူလေး...မင်းလိုချင်တဲ့အရာအားလုံးကို ဒီဘိုးဘိုးကြီးက ဖြည့်ဆည်းပေးတယ်.. ဦးလေးလည်း တန်းစီလိုက်အုံးမယ်ကွာ...လိုချင်တာတွေ မေ့မှာစိုးလို့ပါကွာ...”
ကျနော်လည်း တောင်းဆိုချင်သား.. ဘာကိုတောင်းဆိုရမလဲ ကျနော်ဘာကို လိုအပ်နေမှန်းကို မသိတာပါ..။
ကျနော်လည်း တောင်းဆိုနေကြသူတွေကို ကြည့်ရင်း ကျနော့အလှည့်ရောက်အောင် တန်းစီနေလိုက်တယ်..။ တောင်းဆိုနေလိုက်ကြတာများ တော်တော်လေးကို ထောင့်စေ့တဲ့သူတွေပါ..။ ဟမ်းဖုန်း၊ တိုက်၊ ကား၊ မိန်းမလှ လေးတွေ...အို စုံလို့ပဲဗျ...။ ကျနော့် လိုအပ်ချက်တွေသာ တောင်းဆိုရမယ်ဆိုရင် တော်တော်ကိုများလွန်းလို့ ဒီဘိုးဘိုးကြီး မျက်စိလည်သွားနိုင်ပါတယ်...။ ကျနော့်အလှည့်ကို ရောက်လာတယ်ဗျ...။ ကျနော်ရှေ့တိုးပြီး... တောင်းဆိုဖို့ ဟန်ရေးပြင်လိုက်တယ်..။ ဘိုးဘိုးကြီးက ကျနော့ကို သေချာစိုက်ကြည့်ပါတယ်..။ အဓိကကတော့ ကျနော့မျက်လုံးတွေကိုပါ..။ ဘိုးဘိုးကြီး စိုက်ကြည့်လိုက်တဲ့ မျက်လုံးတစ်စုံရဲ့ အင်အားဟာ ကျနော့ရင်ထဲကို ထိုးဖောက်ဝင်ရောက်လာတယ်..။ ကျနော့ကို မေးပါတယ်..။
“ကဲ ပြောလူလေး ....ဘာလိုချင်လဲ... ဘာလိုအပ်လဲ...?”
“ဟုတ်ကဲ့ ..ဘိုးဘိုး ..ကျနော် အခုကျနော့ရှေ့ကလူတွေ တောင်းဆိုထားသမျှအရာ ၀ထ္ထုအားလုံး တစ်ခုမှ မလိုချင်ပါဘူး..။ ဒါပေမယ့် ကျနော်သိပ်ကို လိုအပ်နေတဲ့ လိုချင်နေတဲ့ အရာတစ်ခု ရှိပါတယ်...။ စိတ်ဆန္ဒတစ်ခု ပါ...ကျနော်သိပ်ကိုလိုချင်တောင့်တမိတဲ့ စိတ်ဆန္ဒတစ်ခုကို တောင်းဆိုပါရစေ...။”
ဘိုးဘိုးက ခေါင်းငြိမ့်ပြပြီး....ပြောဆိုတဲ့ သဘော နဲ့ ကျနော့ကိုဆက်ပြောစေပါတယ်..။ ကျနော်ဘိုးဘိုးကိုကြည့် ရင်း
“ဟုတ်ကဲ့....ကျနော့်ဘေးမှာရှိတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့စိတ်တွေကို ပြောင်းလဲပေးပါ..ဘိုးဘိုး.. ”
“ ကိုယ်ချင်းစာတရားကြီးမားသော....
ရိုင်းပင်းကူညီတတ်သော..
တစ်ကိုယ်ကောင်းမဆန်သော....
ကြီးနိုင်ငယ်ညှင်းမပြုမူတတ်သော....
ငဲ့ညှာသနားတတ်သော....
နိုင်လိုမင်းထက်မပြုသော...
သည်းခံခြင်းတရားများပြားသော..
ကိုယ်ကျင့်တရားမပျက်ပြားသော..
သစ္စာသမာဓိတရားပြည့်ဝသော...
အမှန်တရားကိုလက်ခံနိုင်သော..
အတ္တမဆန်သော...
လောဘ၊ဒေါသ..မာန်မာနတွေ ကင်းစင်သော....
နားလည်မှုပေးနိုင်သော....... စိတ်ဓာတ်တွေသာ ပြည့်နှက်နေတဲ့ လူသားများစွာကို လိုချင်ပါတယ်...။။ ကျနော့ဘေးနားက လူတွေရဲ့စိတ်တွေကို ပြောင်းလဲပေးပါ..ဘိုးဘိုး...”
ကျနော့စကားသံအဆုံးမှာ အဘိုးရဲ့မျက်လုံးတွေဟာ ဘာမှမပြောင်းလဲတဲ့ အရောင်တစ်မျိုးနဲ့ ကျနော့မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်တယ်..။ ပြီးတော့ ..
“လူလေး ....မင်းလိုချင်တဲ့ တောင်းဆုကို အဘိုး မဖြည့်ဆည်းပေးနိုင်ဘူးလူလေး...အဘိုးတင်မှမဟုတ်ပါဘူး ဘယ်လို တန်ခိုးရှင် ဖန်ဆင်းရှင်ကမှ ဖန်တီးမပေးနိုင်ဘူးကွဲ့...”
“ လူလေး...ဒီတော့ မင်းလိုချင်တဲ့ လိုအင်ဆန္ဒတွေကို မင်းကိုယ်တိုင် လုပ်ယူမှရမယ်..။ လူမှန်ရင် အတ္တဆိုတာ ရှိတယ.်....။ လောဘ.ဒေါသ ၊မန်မာန၊ တစ်ကိုယ်ကောင်းဆန်မှု ၊ သနားကြင်နာ ညှာတာမှု ...စတဲ့ အရာအားလုံးနဲ့ ပေါင်းစပ်ထားတဲ့စိတ်ကို လူတိုင်းပိုင်ဆိုင်ထားတယ်...။ ဒါမှလူ့စိတ်မှန်တယ်..။ အဲဒီတော့ လူလေးလိုချင်တဲ့ ဆန္ဒကို လူလေးကိုယ်တိုင် နည်းလမ်းရှာဖွေပါ...။ လူလေးရှာလိုက်တဲ့ နည်းလမ်းပေါ်မူတည်ပြီး မှသာ လူလေးလိုချင်တဲ့ ဆန္ဒကို လူလေးကိုယ်တိုင်ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်...။”
“ လူလေး ..တစ်နည်းတော့ရှိတယ်..အဲဒါဘာလဲ ဆိုတော့ လူလေးစိတ်ကို ပြင်လိုက်ပါ....”
ဘိုးဘိုးစကားဆုံးသွားတော့ ကျနော်နားမလည်ခြင်းတွေ ၊ အံ့သြခြင်းတွေ ..စတဲ့ စိတ်ခံစားမှုပေါင်းများစွာနဲ့ ခေါင်းငိုက်စိုက်ပြီး...ထွက်လာခဲ့တယ်...။ ဘိုးဘိုးပြောတာဘာလဲ...။ ဘာကိုဆိုလိုချင်တာလဲ ....။ စိတ်ညစ်လို့ထွက် လာမိတဲ့ခြေထောက်တွေ....ယောင်ချာချာဖြစ်နေဆဲပါပဲ....။ကိုယ့်မှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေ ...အားလုံးကို ပပျောက်မယ်ထင်ပြီး...တောင်းလိုက်မိပေမယ့် ကိုယ်တောင်းဆိုလိုက်တဲ့အကြောင်းအရာက ကိုယ်တိုင်နည်းလမ်း ရှာဖွေမှ တွေ့နိုင်မယ်ဆိုတော့.....။ ဘယ်လိုလုပ်ရမလဲ...။ကျနော်နားမလည်သေးဘူး..။ သဘောလည်းမပေါက် ဘူး..။ ဒါပေမယ့် ကျနော်ပတ်ဝန်းကျင်ကို ပြန်ရောက်လာပါတယ်....။ အရင်လိုပဲ ကျနော့ပတ်ဝန်းကျင်နဲ့ ကျနော် သိပ်အသားမကျစွာ ဖြတ်သန်းနေမြဲပါ....။
ဘိုးဘိုးပြောတဲ့ ကိုယ့်စိတ်ကို ပြင်ရမယ်ဆိုတဲ့ စကားကိုသိပ်နားမလည်ဘူး..။ ကျနော့စိတ်ကို ပြင်လိုက်ရုံနဲ့ ကျနော့်ဘေးက လူတွေရဲ့စိတ်က ဘယ်လိုပြောင်းလဲမလဲ...။ အမျိုးမျိုးစဉ်းစားတယ် ...။ ဘယ်လိုမှ အဖြေထွက် မလာဘူး ..။ ဘယ်လိုနေထိုင်ရမယ်မှန်းလည်းမသိသေးဘူး...။ ဒီလိုအဆင်မပြေဖြစ်နေတဲ့ကျနော် တစ်နေ့နေ့ စဉ်းစားမိတာ ဘိုးဘိုးပြောတဲ့ စကားလုံးကိုပါ...။
ဒီလိုနဲ့ ကျနော့်စိတ်တွေကို ကျနော်ပြုပြုင်တတ်သလို ပြုပြင်ယူလိုက်ပါတယ်...။ ကျနော်လူတွေကို သည်းခံတယ်..။ တက်နိုင်သလောက် သည်းခံပေးတယ်...။ လိုက်လျောတယ် သူတို့ဖြစ်ချင်တာမှန်သမျှကို လိုက်လျောပြီးလုပ်ဆောင်ပေးတယ်...။ သူတို့အားလုံးကို တက်နိုင်သလောက် နားလည်ပေးတယ်...။ သူတို့နဲ့အတွေးအခေါ်မတူလည်း တက်နိုင်သလောက် နားလည်ပေးလိုက်တယ်...။ အတ္တကြီးတဲ့သူကိုလည်း ကျနော့ အတ္တကို တက်နိုင်သလောက် လျှော့ချပေးလိုက်တယ်...။ သစ္စာမရှိတဲ့သူကို မျက်နှာလွဲလိုက်တယ်..။ ဒီလို ကျနော့စိတ်ကို ပြုပြင်နိုင်သလောက် ပြုပြင်လိုက်တဲ့အချိန်မှာ.. ကျနော့ဘေးနားကလူတွေဟာ အရင်လို မဆိုးကြတော့ဘူး..။ သူတို့ရဲ့စိတ်ဓာတ်တွေဟာလည်း အရင်လို အတ္တမဆန်ကြတော့ဘူး..။ တစ်ဖြည်းဖြည်းနဲ့ ပြောင်းလဲကုန်ကြတယ်...။ ပေါင်းသင်းဆက်ဆံရတာ အဆင်ပြေလာတယ်..။ အရင်လို စိတ်မညစ်ရတော့ဘူး...။ အဆင်ပြေလာတယ်...။ ကျနော်လည်းပျော်ရွှင်လာတယ်..။
အရင်လိုကျနော့စိတ်တွေမပူလောင်တော့ဘူး...။ စိတ်တွေလည်းငြိမ်းချမ်းလာတယ်..။ ဘာလို့လဲဆိုတော့ ကျနော့်စိတ်က ဘာကိုမဆို ဖြစ်လာသမျှအားလုံးကို ပြောင်းပြီးတော့လက်ခံပေးလိုက်တာပါ..။ ကျနော့အတ္တကို ဖျောက်ပစ်လိုက်တာ ...လျှော့ချပစ်လိုက်တာ ...ခံယူမှုပြောင်းလဲပစ်လိုက်တာ....။ အဲဒီအချိန်မှာပဲ ကျနော်ရလာတဲ့ သူတို့အားလုံးရဲ့စိတ်က ကျနော်လိုချင်တဲ့ စိတ်တွေဖြစ်သွားတယ်...။ အမှန်က သူတို့စိတ် ပြောင်းသွားတာမဟုတ်ပါဘူး...။ ခံယူတဲ့ကျနော့စိတ်ပြောင်းသွားတာပါ...။ လူ့စိတ်ကိုမပြောင်းလဲနိုင်ဘူးဆိုတဲ့ ဘိုးဘိုးပြောတဲ့စကားတစ်ခွန်းကို နားထဲပြန်ကြားမိတယ်..။ ဟုတ်တယ် ဘိုးဘိုးပြောသလို ကျနော့စိတ်ကို ကျနော်ကိုယ်တိုင်ပဲ ပြောင်းလဲပစ်နိုင်တယ်ဆိုတာပေါ့..........။
=================================================
ဘာရယ်မဟုတ်ပါဘူး..။ အတွေးတစ်ခုကနေထရေးလိုက်တာပါ..။ ကျနော့ရေး သားမှုညံ့ဖျင်းတဲ့အတွက် ကျနော်ပြောချင်တာကို မမြင်ဘူးဆိုရင်တောင်းပန်ပါတယ်...။ ဝေဖန်ပေးခဲ့ပါ..။ အမြင်လေးတွေထားခဲ့ပေးပါ..။ ကျနော့အတွေးကမှန်ချင်မှလည်းမှန်မယ်...မှားချင်လည်းမှားမယ်..။ ဒါကိုဝေဖန်ပေးကြပါလို့ပြောချင်ပါတယ်..။
အားလုံးအဆင်ပြေပါစေ ....း)
ပန်းခရေ(ရင်တွင်းဖြစ်)

17 comments:
အတ္တကြီးရင် ဘီလူး အတ္တမရှိရင် အရူး တဲ့လေ။ ကောင်းပါတယ်ဗျာ လောကကြီးမှာ အကောင်းအဆိုးတွေကို အမြဲတမ်းတွဲပေးထားတာပါ။ အရမ်းကောင်းတဲ့ ပိုစ့်လေးတစ်ခုပေါ့ ပေခရမ်းရေ။ ဒီလိုအတွေးမျိုးကို တွေးမိတဲ့ ပေခရမ်းကို ချီးကျူးပါတယ်။ ကိုယ်ကိုယ်တိုင်က ကောင်းမှ သူများကို လမ်းပြပေးလို့ရမှာပေါ့နော်
ပေခရမ်းကို နေလှန်းရင်
နွမ်းခြောက်သွားမယ်။
ရနံကတော့မသေ
ဒါ အတ္တတွေ
အများအကျိုး မထိခိုက်ဘူး။
ကောင်းရင်ထုတ်
မကောင်းရင် မြိုပ်လိုက်ပေါ့။
ဘာမှပြောစရာမရှိဘူး။ စိတ်ကူးကောင်းတယ်။ ငါ့အပေါ်အတ္တမထားတဲ့ လူတွေများစွာကို လိုချင်နေတာကိုက အတ္တတစ်ခုပဲ။ ပျော်ရွှင်ပါစေ။
အကျဉ်းချူပ်လိုက်ရင်တော.မေတာပို.ခြင်းလို.ထင်တာဘဲ.
သယ်ရင်းရေ.. ရေးထားတာလေးတွေက ဆရာတော်ဦးဇောတိက ဟောကြားရေးသားထားတဲ့ အကြောင်းအရာလေးတွေလိုပဲကွ။ ငါတော့ကြိုက်တယ်။ ငါလဲကြိုးစားကြည့်တယ်ကွ။ တခါတလေကျတော့လဲ မလွယ်ကူဘူး။ လက်ခံကျင့်သုံးနိုင်မယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးပေါ့ကွာ။ လက်ခံကျင့်သုံးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ :)
ဆန္ဒတွေ ထပ်တူကျပါတယ် သူငယ်ချင်းရေ့ ဒီလိုပါပဲ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ငါလည်း နင်တောင်းတဲ့ ဆုအတိုင်း တောင်းချင်တယ် ။ ဘိုဘိုကြီးပြောသလိုပဲ ကိုယ့်ကိုယ်ကို သာ ပြုပြင်ပြီးနေတာ အကောင်းဆုံးပါပဲ ။ အဆင်ပြေပါစေကွာ ။
sis, ရေ အိမ်မှာ အမတို့ စိတ်ကောက်ရင် အဘိုး ပြော တာလေးကို သတိရမိတယ် ။ စိတ်ဆိုး စိတ်ညစ် ကိုယ့် ကြောင့် ဖြစ် ပယ် ပြစ် မြန်မြန်ပါ တဲ့။
အဆင်ပြေ ပျော်ရွှင်ပါစေနော်
အရမ်းကိုအဓိပ္ပါယ်ရှိတယ် ပေခရမ်း။
“စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်
သည်းခံမေတ္တာထား” တဲ့။
ကျေးဇူးပါ ခရေရယ်..
ခုတလော မီလဲ ညစ်နေတာ။
ဟုတ်တယ်.. ကိုယ့်ဘာသာ အရင် ပြင်ရမယ်။
cheers! :-)
အစ်မ ပန်ခရေ အရမ်းအဓိပ္ပာယ်ရှိတယ်ပိုစ်လေးပါ။ ဒီပိုစ်လေးက ကျွန်တော်အခုခံစားနေရတာနဲ့တထပ်တည်းပဲဗျာ။ ဘာမှတော့မပြောခဲ့ချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လဲမသိဘူး။ အရမ်းကောင်းတဲ့ပိုစ်လေးပါ။
good idea..! Well done..! And waiting for another great posts ;)
ဝေဖန်ပေးပါဆိုယင် မမအတွေး မှန်ပါတယ်ခင်ဗျာ ...
ဒါ့အပြင် တိုင်မင်လေးတောင်စောနေသေးတယ်။
ဒါမျိုးကသာမန်အားဖြင့်တော့ အသက်အရွယ်နဲ့ ဖြတ်သန်းမှုကိုရင်းပြီးမှရတာမျိုး ..
အရာအားလုံးကို တစုံတဦးသောတန်ခိုးရှင်ကဖန်ဆင်းပေးနေတယ်ဆိုယင်
မမ အခုလိုတွေးခြင်းအတွက် ကျနော်က ကျေးဇူးစကားပြောလိုက်ပါတယ်။p:
ကျနော်လူလားမြောက်စအချိန်က ကျနော့ရင်ထဲမှာ ကမ္ဘာကြီးကို ပန်းချီဆွဲထားတဲ့ ကားတချပ် ရှိတယ်။ ဒါပေမဲ့ တကယ့် ကမ္ဘာကြီးက ကျနော့ရင်ထဲကပုံနဲ့ မတူဘူး အဲဒီတုံးက ကျနော့ဆုံးဖြတ်ချက်က
တကယ့် ကမ္ဘာကြီးကို လွင့်ပြစ်လိုက်မယ်လို့ ။
နောက်တခု
လောကကြီးနဲ့ ကျနော့ရဲ့ ပါတ်သက်မှုအပိုင်းမှာ ကျနော်မက်တဲ့အိမ်မက်တခုရှိတယ်။
အဲဒီအိမ်မက်ကို အကောင်အထည်ဖြစ်ဖို့  ကျနော်ဟာ နှစ်တွေ ဆယ်စုနဲ့ ချီပြီးအားထုတ်ခဲ့တယ်။
နောက်ဆုံးကျနော့အိမ်မက်ထဲကဘ၀ကိုကျနော်တကယ်ရောက်သွားတယ်။
အခု ကျနော်ပိုင်ဆိုင်ခဲ့ဖူးတဲ့ တကယ့်ဘ၀ဟာ အိမ်မက်ဖြစ်သွားပြီ်။
ဒီလိုဖြစ်ခြင်လို့ ဒီလိုလုပ်တာဒီလိုလုပ်လို့ ဟိုလို ဖြစ်သွားနိုင်တယ်ဆိုတာ
သိသိကြီးမို . နှမျောပေမဲ့ဝမ်းမနဲပါဘူး။
အသိအမြင်အတွေးအခေါ်တခုဟာအချိန်ကာလတခုမှာ
မှန်တယ်လို့ ဆုပ်ကိုင်မိပေမဲ့
နှောင်းကာလတခုမှာမြင်တွေးပုံပြောင်းတတ်ပါတယ်။
နောက်ဆုံးတခု(အရှင်ဆန္ဒာဓိက စိတ်အားဖြည့်ဓမ္မသံစဉ်များ စာအုပ်မှ)
~ ဆဲဆိုတာ သူ့အလုပ် သည်းခံရမှာ ကိုယ့်တာဝန်၊
~ ချစ်စရာကောင်းတာ သူ့အလုပ် မချစ်မိအောင်သည်းခံတာ ကိုယ့်တာဝန်၊
~ မုန်းစရာကောင်းတာ သူ့အလုပ် မမုန်းမိအောင်သည်းခံတာ ကိုယ့်တာဝန်၊
လေးစားခင်မင်စွာဖြင့်
ပေခရမ်းရေ အတွေးလေးကော အရေးလေးပါ ကောင်းပါတယ်ဟာ။ လောကကြီးမှာ လူတိုင်းလူတိုင်း
အတ္တနဲ့ ပရမျှတရင် ဒီကမ္ဘာလောကကြီးက နေပျော်စရာကြီးပါဟာ.......
မေတ္တာတရားထားနိုင်ဖို့ကအရေးကြီးဆုံးပေါ့ဗျာ
အရမ်းကောင်းတဲ့ပိုစ်တစ်ခုပါ
wow great thoughts. hard to overcome yeah? don't give up though.
အရမ်းကောင်းပါတယ်...ကိုယ်တိုင်တတ်နိုင်သလောက်ကြိုးစားရမှာပဲလေ...လူဖြစ်လာပြီဆိုမှတော့ ဒါမျိုးတွေဟာနည်းတာနဲ့ များတာပဲကွာမှာပါ...
ကျနော် မြင်မိတယ် မပန်းဆိုလိုတာကို..........ခံယူထားမိတာက"ဖြစ်ချင်တာ
ဖြစ် စိတ်မညှစ် လုပ်သင့်တာလုပ်ကိုယ်အလုပ်"ဆိုပြီးတော့
...............ရေလိုက် ငါးလိုက်ပါပဲ...........မပန်းပျော်ရွှင်ပါ
စေ........အားလုံးကိုနားလည်နိုင်ဖို့ကြိုးစားရင်း
Post a Comment