Sunday, April 6

အတွေးတစ်စ




ချစ်သူရယ်.. ဘာကြောင့်များဒီလို အဖြစ်ဆိုးမျိုးကိုမှ ကြုံတွေ့ရပါလိမ့်နော်..။ ကျမချစ်တဲ့ချစ်သူကိုမှ ဒီလိုအဖြစ် မျိုးကြုံကြိုက်ရတာလဲ..။ ဘာလို့များဒီလိုအဖြစ်ဆိုးမျိုးကို သယ်ဆောင်လာရတာလည်း ကံကြမ္မာရယ်..။ အခုလိုဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့လို့.. အစတည်းက တားဆီးခဲ့တာပါ..။ ကျမနှစ်ယောက်ရဲ့အချစ်တွေကို လေးနက်တန်ဖိုးထားခဲ့တယ်... တို့နှစ်ယောက်ပျော်ရွှင်စွာ ဖြတ်ကျော်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်လည်လိုချင်မိ တယ်..။ ရနိုင်မှာပါလို့လည်း ယုံကြည်မျှော်လင့်တယ် ..။ ဒီလိုအဖြစ်မျိုးက မဆန်းကြယ်ပေမယ့် ရင်ဆိုင်ကြုံတွေ့ ရချိန်မှာတော့ ရင်နဲ့မဆံ့ပါဘူး..။


ကျမရဲ့စိုးရိမ်ပူပန်မှုတွေ ချစ်သူရဲ့ခံစားရတဲ့ အသံကိုကြားရချိန်မှာ ကျမရင်ထဲမှာဖြစ်သွားတဲ့ စိတ်ပူမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး..။ ရင်ထဲကို သံရည်ပူလောင်းချလိုက်တဲ့ အတိုင်းပူလောင်မှုတွေက ဘာနဲ့မှဖြေဖျောက်လို့မရဘူး..။ ကျမအချစ်ဆိုတာကို ခံစားမိတယ် ဒါပေမယ့် ဒီလောက်လေးနက်လိမ့်မယ် မထင်ခဲ့မိဘူး..။ ချစ်သူဇာတ်လမ်းကိုကြားရချိန်မှာတော့ ပေါက်ကွဲမိတယ်...။ ယူကြုံးမရဖြစ်မိတယ်..။ ရင်ထဲမှာ လည်းမုန်တိုင်းထန်နေခဲ့တယ်..။ မုန်းတီးနာကြည်းမိတယ်..။ စက်စုတ်ရွံ့ရှာမိတယ်..။ အထင်သေးမိတယ်..။ ပက်ပက်စက်စက်ကိုပြောပစ်ခဲ့ချင်မိတယ်..။ “ ချစ်သူ ကိုယ်ကဒါတွေက အပျော်တွေပါကွာ.. ကိုယ်ချစ်တာ မင်းတစ်ယောက်တည်းပါကွာ... လုံးဝသ၀န်မတိုပါနဲ့... အဲဒါအပျော်..ကိုယ့်ကိုနားလည်ပေးပါကွာ...”
ဆိုတဲ့ ချစ်သူစကားသံတွေကို ကျမဘယ်လိုလက်မခံပေးနိုင်တာ ကျမမှားခဲ့တာလား..။
ကျမနားလည်မပေးနိုင်ခဲ့ဘူးပေါ့ ... ကျမကသူ့ကိုနားလည်မှုမရှိဘူးပေါ့..။ သူလိုချင်တာ ကျမဘက်နားလည်မှု ပါတဲ့..။ ဒါကိုကျမကဘယ်လိုနားလည်ပေးရမလဲ..။

ကျမနားလည်ပေးခဲ့တာတွေများပါတယ်..။ ပြောချင်တာပြောပြီး ပေါက်ကွဲချင်တာ ပေါက်ကွဲပြီး ကျမကသာပဲ အလျှော့ပေးခဲ့ရတာများပါတယ်..။ ကျမကလိုက်လျောရတာများပါတယ်...။ ကျမသည်းခံခွင့်လွတ်မှုတွေကို အခွင့်ကောင်းယူပြီး ဆိုးနေခဲ့တဲ့ ချစ်သူကို နားလည်ပေးခဲ့တယ်..။ ကျမသည်းခံမှုတွေ ပေါက်ကွဲထွက်ရင် လည်းချစ်သူကလက်မခံနိုင်ခဲ့ပြန်ဘူး..။

ကျမဒီလိုဖြစ်တယ်ဆိုတာ ချစ်သူကိုစိတ်ပူတာပါ...။ ကျမချစ်သူဒုက္ခရောက်မှာ ကိုစိုးရိမ်ကြောင်ြ့က မိခဲ့တယ်လေ..။ ချစ်သူရဲ့ ရယ်သံတိုင်းကိုလည်း ရင်ခုန်သေးပြန်တယ်..။ စကားသံတိုင်းကိုလည်း ဦးညွတ်လက်ခံမိတယ်..။ ဘယ်သူမှားတယ်ဆိုတာ ပြောလို့မရတဲ့ အဖြစ်အပျက်တစ်ခုမှာ.. ကျမချစ်သူကိုလည်း အပစ်မတင်ချင်ဘူး လေ.။ ဒါတွေအားလုံးကို အဆင်ပြေစေချင်တဲ့ စိတ်ဆန္ဒတစ်ခုပဲရှိတယ်..။

ချစ်သူတစ်ယောက်တော့ စိတ်ဆင်းရဲနေမှာပဲ ဆိုတဲ့ အတွေးတစ်ခုနဲ့တင် ချစ်သူစိတ်ချမ်းသာဖို့အတွက် ကျမကိုယ်ကျမ ဆုံးဖြတ်ပိုင်နိုင်စွာချနိုင်ခဲ့တယ်..။ ကျမနေတတ်ရမှာပေါ့..။ ကျမနေတတ်အောင်ကြိုးစားပါတယ် ကျမစိတ်ကိုပြုပြင်လိုက်တယ်..။ ကျမဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံးကို ထိန်းချုပ်လိုက်တယ်..။ ကျမသူ့ရဲ့ စိတ်နဲ့တစ်သားတည်းကျသွားအောင်နေလိုက်တယ်..။ ကျမသူ့စိတ်နဲ့တစ်သားတည်းကျသွားတဲ့ အချိန်မှာ သူဖြစ်ချင်တာအားလုံးကို ဖြစ်အောင်လုပ်ပေးချင်တဲ့ စေတနာတွေသာပြည့်သိပ်လာတယ်..။ ချစ်သူသာစိတ် ချမ်းသာမယ်ဆိုရင် ဘာမဆိုပေးဆပ်ဖို့အသင့်ဖြစ်နေခဲ့တယ်..။

ဘ၀ဆိုတာ သူ့ဘာသာသတ်ထားပြီးသားပါ.။ ကံကြမ္မာဆိုတာလည်း သူ့အလိုလိုသတ်မှတ်ထားပြီးသား ..။ အရာအားလုံးဟာ ရှိပြီးသား ပုံသေကားချပ်လိုပါပဲ..။ ဒါတွေကိုကျမတို့တွေအားလုံးက မသိကြပဲ လျှောက်တွေး ၊ လျှောက်ခံစားနေကြတယ်.. ခံစားချက်တွေ အားလုံးကို ပေါက်ကွဲကြတယ် ..။ ဖြစ်ပေါ်လာတဲ့ အတွေးအတိုင်း လိုက်လုပ်ကြတယ်..။ ဒါကြောင့် ဖြစ်ရပ်တွေက တစ်မျိုးစီဖြစ်နေပြီး အံ့ဝင်ဂွင်ကျမဖြစ်ဘူး လွဲချော်နေကြတယ်..။ ဒါကြောင့် စိတ်ဆင်းရဲမှုတွေ စိတ်မချမ်းသာမှုတွေ ဖြစ်ကုန်ကြတယ်..။ အမှန်ကသူ့ဘာသာသူရှိပြီးသားပါ..။ ကိုယ်ကအသာကလေးနေနေရုံပါပဲ..။

အချစ်ဆိုတာနဲ့ဘ၀ဆိုတာ ဘယ်တော့မှတစ်ထပ်တည်းမကျဘူး..။ အချစ်ကအချစ်ပဲ ..။ ဘ၀ကဘ၀ပဲ သီးသန့်စီ တစ်ကန့်စီမှာရှိကြတယ်..။ အချစ်ဆိုတာကို ဘ၀လို့ခံယူထားကြတဲ့ ခံယူချက်အမှားတွေကြောင့် အချစ်ကြောင့် ဘ၀ပျက်တယ်ဆိုတာတွေ.. ခံစားချက်တွေဖြစ်ကုန်တယ်..။ ဒါကိုခံစားနေကြလို့ စိတ်ဆင်းရဲမှုတွေ ဖြစ်လာတာ..။ တစ်ကယ်တမ်းတော့ လူဆိုတာ စိတ်နဲ့ခန္ဒာပေါင်းစပ်ပြီး ဖြစ်လာတာ..။ ဒီစိတ်ကအဓိကပဲလေ..။ ဘ၀မှာ စိတ်မချမ်းသာရင်ဘာလုပ်ရမလဲ..။ ဘယ်လိုနေထိုင်ရမလဲ..။ ဒီစိတ်ချမ်းသာမှုကသာ အဓိကပါ..။ ဒီလိုအချိန်မှာ အချစ်ကြောင့်စိတ်ဆင်းရဲမှုက ပိုပြီးပူလောင်ပါတယ်..။ ရယူလိုမှုအချစ်ဆိုတာလည်း ပူလောင်တယ် ပိုင်ဆိုင်လိုခြင်းပါလာတော့ မပိုင်ဆိုင်ရမှာကို တွေးပူမိပြီး စိတ်ဆင်းရဲရတယ်..။ ပေးဆပ်ခြင်းချစ်ခြင်းမှာလည်း ခံစားရတာပါပဲ...။ သူကရယူခြင်းလောက် ပူလောင်မှုမရှိ ဘူး...။ ဒါပေမယ့် သူ့မှာရင်းနှီးထားရတာ ရင်ဘတ်ကြီးတစ်ခုလုံးလေ..။ ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်ရမှာ ဘယ်လိုနှလုံးသားမျိုးကများ ခံနိုင်ရည်ရှိပမလဲ..။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်အားလုံးဟာ မချိုမြိန်တာတော့ အမှန်တရားပဲလေ..။

ဒီလိုဖြစ်နေတဲ့ခံစားချက်တွေနဲ့.. ကျမချစ်သူစိတ်ချမ်းသာဖို့ နားလည်ပေးရတဲ့ အလုပ်က လွယ်ကူတဲ့ အလုပ်မှ မဟုတ်တာနော်..။ ကျမပေးဆပ်ရမှာ ရင်ဘတ်ကြီးတစ်ခုလုံးလေ..။ သူ့ကိုနားလည်ပေးဖို့ ကြိုးစား၇တာလည်း မလွယ်ကူပါဘူး။ ကျမဒီမလွယ်ကူတဲ့ အလုပ်ကို ကျမကြိုးစားပြီး လုပ်ဆောင်တယ်..။ အဲဒါကတော့ ကျမချစ်သူဖြစ်ချင်တာကို ဖြစ်ခွင့်ပေးတယ်..။ သူ့ကိုအပစ်မယူဘူး..။ နားလည်ပေးတယ် ကိုယ့်ကိုကိုယ် အဓိက ကိုယ့်စိတ်ကို သူ့စိတ်အဖြစ်ပြောင်းလိုက်တယ်..။ ဒီအချိန်မှာ သူ့ကိုနားလည်လာတယ် ခံစားပေးတတ်လာတယ်..။ အကြံဥာဏ်လေးပါ ပေးနိုင်လာတယ်..။ ဆုံးဖြတ်ပေးနိုင်လာတယ်..။ စဉ်းစားပေးနိုင်လာတယ်..။ သူသွားချင်တယ်ဆိုလည်း ထွက်ခွာသွားခွင့်ပြုဖို့အသင့်ဖြစ်လာတယ်..။ နေခဲ့တာ မဟုတ်ပါဘူး..။ သူ့ကိုဆက်သွားခိုင်းလိုက်တာ ..။ ယှဉ်မသွားတော့တာ..။ နောက်ဆုံး အဝေးကိုထွက်ခွာသွား ရတာမျိုးတော့လုံးဝမဖြစ်ချင်ဘူး..။ သူ့ကိုပေးသွားခိုင်းလိုက်တာပါ..။ ကိုယ်ကနောက်ကအေးဆေး ကိုယ့်လမ်းကိုယ် လျှောက်တဲ့သဘော နေရစ်လိုက်တယ်..။

အဲဒီအချိန်မှာ ကျမဘာကိုခံစားမိလဲဆိုရင် မေတ္တာတရား ဒီမေတ္တာတရားလေးကို ခံစားမိသွားတယ်..။ အေးမြတဲ့ တစ်ကယ့် အစစ်အမှန် ချစ်ခြင်းကို တွေ့လာတယ်..။ ကျမသူ့အပေါ်မေတ္တာတရား အပြည့်အ၀ထားလိုက်တယ်..။ ပထမဆုံး ကျမခံစားခဲ့ရသမျှ ပူလောင်ခဲ့ရသမျှ အကြောင်းအရာအားလုံး ငြိမ်းချမ်းသွားတယ် ..။ ကျမရင်တစ်ခုလုံး အေးမြသွားတယ်..။ ကျမနေပျော်သွားတယ်..။ ကျမရလိုက်တဲ့ အရာက ကျမသူ့ကို ပိုင်ဆိုင်ခွင့်မရလို့ ဆုံးရှုံးလိုက်ရခြင်း ဆိုတာ အသေးအမွှားဖြစ်သွားတယ်..။ ဒါတစ်ကယ်ဆုံးရှုံးတာမဟုတ်ဘူးဆိုတာသိလာတယ်..။ ကျမသူ့ကိုမေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်သွား တယ်..။ မေတ္တာဆိုတာရဲ့ တန်ဖိုးကိုသိမြင်လာတယ်..။ ဒါကျမရလိုက်တဲ့ ပိုင်ဆိုင်မှုပါ..။ ကျမပိုင်ဆိုင်မှုဆိုတာ ရယူခြင်းဆိုတာ ဒီအရာပါလားဆိုတာ သိမြင်လာတယ်..။ ကျမကျေနပ်ပါတယ်..။ ကျမရလိုက်တဲ့ အရာအတွက် ကျမကျေနပ်တယ်.။ ချစ်သူအဆင်ပြေပါစေလို့လည်း ဆုတောင်းမိတယ်..။ ချစ်သူစိတ်ချမ်းသာဖို့ သာပဲမျှော်လင့်မိတဲ့အတွက် ကျမကျေနပ်တယ်..။ ကျမရင်တွေ ငြိမ်းချမ်းသွားတယ်..။ တစ်ကယ်တော့ အချစ်ဆိုတာ ချစ်တတ်ရင် အေးမြပါတယ်..။ ငြိမ်းချမ်းပါတယ်..။

ကျမချစ်သူကို နားလည်ယုံကြည်စွာ ၊ ခွင့်လွှတ်သည်းခံစွာ ၊ မြတ်နိုးတွယ်တာစွာနှင့် ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ သိပ်ချစ်ခဲ့ပါတယ်ရှင်..။ ကျမချစ်သူစိတ်ချမ်းသာစွာ ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းရင်း ချစ်သူကိုသစ္စာရှိ စွာချစ်နေဆဲပါ...။ .....။

++++++++++++++++++++++++++++++++++++++++++++

အတွေးတစ်စကနေဖြစ်ပေါ်လာတဲ့ အကြောင်းအရာလေးပါ..။ ကျမရေးလိုက်တဲ့ အရေးအသားတွေ ခံယူချက်တွေ အမြင်တွေ အားလုံး သူငယ်ချင်းတို့နဲ့ တူညီချင်မှ တူညီမယ် ကိုက်ညီချင်မှ ကိုက်ညီမယ်..။
ဒါပေမယ့် ဒါကျမအမြင်လေးတွေပါ ဝေဖန်နိုင်တယ် ငြင်းဆိုနိုင်တယ်..။ စိတ်ထဲရှိရာ ပြောပြနိုင်တယ် ..။ ဒါကြောင့် အမြင်လေးတွေကို ပြောပြေပေးစေချင်ပါတယ်..။ ကျမစိတ်ကူးမိတာလေးကို ချရေးတာဖြစ်တဲ့အ တွက် လက်တွေ့ကျချင်မှ ကျမယ် မှန်ချင်မှလည်းမှန်မယ်..။ လွတ်လပ်စွာ ဝေဖန်ပေးနိုင်ပါတယ်..။
သူငယ်ချင်းတို့ရဲ့ ဝေဖန်မှုကိုမျှော်နေမယ်နော်..။းP

ပန်းခရေ(ရင်တွင်းဖြစ်)

18 comments:

Apprenticeship said...

wooh chit chin ko lar learning lote twar tal Nyi mah lay. Mah daw dar twe nar ma lay lo ta yawk hte be ne ne hkye tal:) paing saing mu, chit chin, and sone sea mu twe ma par le chit lo yar tar hote bu lar? But I have a present for you. I though you it might be useful for you. :)
o live in this world

you must be able
to do three things:
to love what is mortal;
to hold it
against your bones knowing
your own life depends on it;
and, when the time comes to let it go,
to let it go.

~ Mary Oliver: Blackwater Woods

မော်စီ said...

အတွေးစ လေးတွေကို သဘောကျတယ်ဗျာ ပူလောင်တဲ့ချစ်ခြင်းကနေ အေးမြတဲ့ မေတ္တာအဖြစ်ပြောင်းလဲနိုင်တာ လေးစားစရာပါဗျာ။ ဒါကို လူတိုင်းလုပ်နိုင်မယ် မထင်ဘူးဗျ။ ချစ်သူအပေါ် နားလည်ပေးနိုင်မှုတွေလည်း လေးစား စရာပါပဲ။ လူတစ်ယောက်ကို အားလုံးနားလည်ပေးနိုင်ဖို့က လွယ်ကူတဲ့အလုပ်မှ မဟုတ်တာလေ။ ဒါကို ဒေါ်ကြီး စိန်မမက လုပ်ဆောင်နိုင်တယ်ဆိုတော့ ချီးကျူးပါတယ်ဗျာ . . .

Unknown said...

မမစိန်ရေ....

မမစိန်ရဲ့ ရင်တွင်းဖြစ်ဝေဒနာတွေ အတွက်.. ခံစားချက်တွေ... နာကြင်ခြင်းတွေ ကြင်နာခြင်းတွေ ...
ပုံဖော်သွားလိုက်တာ....

ရင်ထဲကို ကုလားဘုရားဝင်က သွားသလိုပဲ....

မမစိန်ရေ...
ပျော်ရွှင်ပါစေဗျာ....

ငြိမ်းစု said...

ဝေဖန်ရေးကို ကြိုဆိုတာကိုတော့ ကြိုက်တယ်။
အမှန်တကယ် ကျင့်သုံးဖို့နဲ့ အပြည့်အ၀နားဘလည်ပို့က အရေးကြီးပါတယ်။ အရေးအသားကောင်း၏။

Anonymous said...

အရေးသာူတွေ တက်လာတယ် သူငယ်ချင်းရေ့ ဒီလိုပါပဲ အချစ်ဆိုတာ ပူလောင်တယ် ကိုယ်ပေတိုင်းသာ ပြန်ရကြေးဆိုရင် အသဲကွဲတာတို့  ရင်နာတာတို့  ဘယ်ဖြစ်တော့မလဲ ဒါကြောင့် မေတ္တာဆိုတဲ့ အေးမြမှုစမ်းရေလို အချစ်နဲ့ ပဲ ချစ်နေသင့်တယ် ။ ဒီလိုဆို ပင်ပန်းတာတွေ လွမ်းတာတွေ ကို ဖြေဆေးတစ်ခု အနေနဲ့ တော့ သက်သာရာ ရနိုင်မယ်ထင်ပါတယ်။ သိပ်တော့ မသိဘုးကွ တက်သလောက်လေး ၀င်ပြောကြည့်သွားတာ အားလုံး အိုကေပါစေဗျာ။

Unknown said...

အား...တော်တော်ချစ်နိုင်ကြတာပဲနော် ... :(

ein said...

ယုံကြည်မျှော်လင့်ပါကွာ...မျှော်လင့်ခြင်းဟာ အဆုံးစွန်သောလှပမှုပါပဲစိန်ကြီးရေ...ချစ်သူကိုသစ္စာရှိစွာနဲ့
ဆက်ချစ်နိုင်ပါစေကွာ.....း)

ein said...
This comment has been removed by the author.
မင်းကျန်စစ်။ said...

အဆင်ပြေစေဖို့ပဲ မျှော်လင့်နေတယ် အမေရေ။ ခံစားနေရတာတော့ သိချင်ဘူး။

သက်မီမီထိုက် said...

ဟုတ်တယ် ။ အချစ်ဆိုတာ ချစ်တတ်မှအေးချမ်းတာ....
နင့်ရဲ့ post လေးကိုငါအရမ်းကြိုက်တယ်ဟာ... ငါခံစားချက်နဲ့ တူနေတယ်ဟ.. ကိုယ်ချစ်တဲ့သူကို ကိုယ်နားလည်ပေးတဲ့ နင့်ရဲ့စိတ်ဓာတ်ကို ငါလေးစားတယ်.
ငါလည်းအဲဒီလို ငါရဲ့ချစ်သူကို နားလည်ပေးတယ်.. ဒါပေမယ့် ဒီလိုနားလည်ပေးရတာ အရမ်းကို စိတ်မောပန်းစေတယ်...
ဘာပဲဖြစ်ဖြစ်ဟာ.... လောကကြီးမှာ ကိုယ်ကစိတ်ကောင်းထားပြီး အစစ်အမှန်တွေကိုသာပေးဆပ်မယ်ဆိုရင်... ကိုယ်အတွက်လည်း အကောင်းဆုံးတွေသာ ပြန်ရလာမှာပါ.... ဒါကိုတော့ ငါယုံကြည်တယ်ဟာ....

Anonymous said...

ပေခရမ်းရေ......သဘောတူပါသည် ခင်ဗျား.......

စူး said...

လူတယောက်ကို ပေးခဲ့ဘူးတယ်..။ အဲဒီအတိုင်း ပဲ။
ပူလောင်ရာကနေ လျှော့ချလိုက်တဲ့ အေးမြခြင်းတွေ ရတဲ့အခါ သိပ်ပျော်ခဲ့ရဘူးတယ်။
ဒါပေမဲ့ ထပ်ခါထပ်ခါ ခွင့်လွှတ်ခဲ့ နားလည်ပေးခဲ့ပေမဲ့
.. တခါတလေ.. အချစ်နဲ့ ဘ၀ ထပ်တူမကျတတ်တဲ့ ကံကြမ္မာ မုန်တိုင်း အောက်မှာ အရည်ပျော် ပျက်ဆီ်းခဲ့ရလို့ အခုတော့ နှလုံးသား ကို သော့ခတ် အချစ်နဲ့ ခပ်စိမ်းစိမ်းပဲ နေလိုက်တော့တယ်။ မခံစားချင်တော့လို့။ အလွမ်းတွေကိုလည်း မလိုချင်တော့ဘူး။
စာအရေးအသား ကောင်းတယ်။ ဆက်ရေးပါ။

တင့်ထူးရွှေ said...

ပြောသလောက်တော့ မလွယ်ဘူးထင်တယ်
ကြိုးစားကြည့်ရမှာပေါ့ ...

Tin said...

အဓိက က စိတ်ပါဘဲလေ။ အကောင်းမြင် ဝါဒ ခံယူထား နိုင် ရင် တော့ စိတ် ချမ်းသာမှုဆိုတာ ရှိ နေမှာ ပါ။

Welcome said...

မြ၀တီရုပ်မြင်သံကြားမှာ
Policy ကားရိုက်တဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)နဲ့
အမျိုးတော်သလား .....
ရင်တွင်းဖြစ် မို့ ရင်နဲ့အမျှခံစားရပြီဆိုရင်
ပေါက်ကွဲတတ်တာ ဓမ္မတာပဲ ......
ကျွန်တော်လည်းပေါက်ကွဲခဲ့ပါပြီ
ကိုရင်ဝတ်တုန်းပါ
ဘွာတေး.....

Pinkgold said...

အမလေး အဖြစ်က ဆိုးတယ် စိန်စိန်ရယ်
ဒီလောက် ခံစားတတ်လိမ့်မယ်လို့ကို မထင်ထားမိဘူး
မိုက်တယ် မိုက်တယ် ဆက်မိုက်
တပည့်လေး တော်လာပြီ

Unknown said...

မစိန်မမရေ... လာလည်သွားပါတယ်ဗျို့

nanda ပါခင်ဗျ

၀ဿန်ဦး said...

~~~အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု~~~ ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု~~~ မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တစ်ခု~~~ ၅၂၈ထက်ပိုရင် ငိုပွဲတွေစု~~~ အနိုင်ရဲ့ သီချင်းလေးဗျ။ အဲဒီသီချင်းလေးလိုပဲနော်...။ အဆင်ပြေပါစေ သယ်ရင်းရေ..။ :)

Related Posts Plugin for WordPress, Blogger...