Thursday, January 29

၂၄ရဲ့ခြေလှမ်းသံ………



ဘာရယ်မဟုတ်ပဲ ဒီနေ့ဆိုရင် လှမ်းလာတဲ့ ခြေလှမ်းတွေ ၂၄လှမ်းကို တိုင်ခဲ့ပါပြီ..။ ဒီခြေလှမ်းတွေကို ပြန်လှည့်ကြည့်ချိန်မှာ…. တိုးတက်မှုတွေရှိခဲ့သလို ဆုတ်ယုတ်မှုတွေ လည်းများခဲ့ပါတယ်…။ ၁လှမ်း ၂လှမ်း ကစခဲ့တဲ့ ခြေလှမ်းတွေဟာ ခုချိန်ဆို ပြောင်းလဲတိုးတက်မှုတွေရှိခဲ့ပါတယ်…။ ခြေလှမ်းတွေကတစ်ဆင့် ခြေလှမ်းတွေများလာ တာနဲ့အမျှ ခြေလှမ်းတွေ ပိုမိုခိုင်မာလာခဲ့ပါတယ်…။ ဒီခြေလှမ်းတိုင်းမှာ နူးညံ့တဲ့ မြေသားနုနုကို နင်းမိတဲ့ ခြေလှမ်းတွေရှိခဲ့သလို ကျောက်စလစ် နဲ့ မြေပူလမ်းပေါ် လျှောက်ခဲ့ရတဲ့ခြေလှမ်းတွေလည်း ရှိခဲ့တယ်…။ ဆူးစူးခဲ့တဲ့ ခြေလှမ်းတွေလည်း ရှိခဲ့ပါတယ်….။ လောကဓံကိုကြံ့ကြံ့ခံခဲ့ရတဲ့ ခြေလှမ်းတွေလည်း ကြုံခဲ့ရတယ်…။ မသိမသာ လှမ်းခဲ့မိတဲ့ ခြေလှမ်းတွေလည်း ကြုံခဲ့ရတယ်…။ ဒီခြေလှမ်းတွေထဲကမှ ၂၃ ခြေလှမ်းကစပြီး ကိုယ့်ခြေလှမ်းကို ကိုယ်ပိုင်နိုင်စွာ လျှောက်လှမ်းခဲ့ရတယ်…။ ၂၃ခြေလှမ်းထိ မိဘအပေါ်မှာ လက်ကိုင်တွဲလျှောက်ခဲ့ရတဲ့ ခြေလှမ်းတွေဟာ…. ၂၃မှ ၂၄ ခြေလှမ်းမှာတော့ ခိုင်မာစွာ ကိုယ်ပိုင်လျှောက်လှမ်းခဲ့ပါတယ်……….။


ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတစ်လှမ်းဟာ ဒုက္ခတွေနဲ့ ကြုံတွေ့ရသလို ယိုင်နဲ့မှုတွေလည်း ရှိခဲ့ပါတယ်…။ အမေပေါ်မှာ ဘေးလွယ်အိတ်လို တွဲလွဲ လျှောက်လှမ်းခဲ့တဲ့ ကျမခြေလှမ်းတွေဟာ ကျွမ်းကျင်ပိုင်နိုင်လှပသလောက်… ကျမရဲ့ ခြေလှမ်းလေးတစ်လှမ်းမှာတော့ အမေကို …. အားအင်အဖြစ် ကောင်းမွန်စွာ ရပ်တည်မပေး နိုင်ခဲ့သေးပါဘူး…။ ဒီခြေတစ်လှမ်းမှာ အမေကို အနားယူခိုင်းပြီး မလျှောက်လှမ်းစေခဲ့ပေမယ့်…. ခုချိန်ထိ အမေအပေါ်မှာ မှီခိုရပ်တည်နေရဆဲပါ…။ အမေအတွက် တောင်ဝှေး တစ်ချောင်းအဖြစ် ရပ်တည်နိုင်အောင်ကြိုးစားပေမယ့် ဒီတောင် ဝှေးလေးက အမေ့အပေါ်မှာ ပြန်လည် မှီခိုနေရဆဲပါ…။


တစ်ခါတစ်လေမှာ လျှောက်လှမ်းဖို့ခက်ခဲချိန်မှာ အမေဆိုတဲ့ မှီခိုရာအပေါ်မှာ မှီခိုရင်း အားအင်တွေလည်း မွေးဖွားနေရဆဲပါ…။ ကျမရဲ့ခြေလှမ်းတွေဟာ အမေသာမရှိခဲ့ရင် ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ပါဘူး…။ ခြေလှမ်းလျှောက်တတ်အောင်သင်ပေးခဲ့တဲ့ အမေ့ရဲ့ သင်ကြားပြသမှုတွေ ဆူး၊ ကျောက်စလစ်စတဲ့ ခလုတ်ကသင်းတွေ ရှောင်ရှားတတ် အောင်သင်ပေးခဲ့တဲ့ သင်ကြားမှုတွေ… စိုစွတ်တဲ့ဗွက်နွံထဲ မလျှောက်မိလေအောင် လမ်းပြ ပေးတဲ့ အမေ့ရဲ့သင်ကြားမှုတွေ…. ဖြောင့်ဖြူးချောမွတ်တဲ့ လမ်းပေါ်မှာ ဘေးရန်ကင်းစွာ လျှောက်လှမ်းနိုင်အောင် စေတနာ ၊ မေတ္တာ ၊ ဂရုဏာစတဲ့ တုနှိုင်းမရတဲ့ မေတ္တာတွေနဲ့ လျှောက်လှမ်းစေခဲ့ခြင်းတွေ…… လမ်းမပေါ်မှာ လျှောက်လှမ်းချိန်မှာ တစ်ကိုယ်ကောင်းမ ဆန်စွာ ၊ စိတ်ထားဖြူစင်စွာဖြင့် တစ်ခရီးတည်းသွားရသည့် အဖော်များအား ဆက်ဆံတတ် စေရန် သင်ကြားပေးခဲ့ခြင်းတွေကြောင့် ကျမရဲ့ ၂၃ မှ ၂၄ခြေလှမ်း တစ်လှမ်းဟာ ပြိုလဲယိုင်နဲ့မသွားပဲ ကောင်းမွန်စွာ အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ခြင်းပါ…။


လမ်းခရီးမှာ ဒုက္ခဆိုတဲ့အရာနဲ့ ကြုံတွေ့ရတိုင်း လဲကျချိန်တိုင်း ဘေးကနေ ဖေးမကူညီအားပေးရင်း အဖော်အဖြစ် ခုချိန်ထိ လျှောက်ပေးခဲ့ တဲ့ အမေ့ရဲ့ ခြေလှမ်းတွေသာ ဘေးကသာ ပါမလာခဲ့ရင် ကျမရဲ့ခြေလှမ်းတွေဟာ ရပ်တန့် သွားနိုင်ပါတယ်..။ ဒီခြေလှမ်းတစ်လှမ်းမှာ အမေ့ကိုပြန်လည်မှီခိုအားပြုရင်း အမေ့အတွက် အားဖြစ်စေခဲ့တယ်လို့ ထင်မိပါတယ်…။ ကျမရဲ့ခြေလှမ်းတွေရဲ့ဦးဆောင်မှုနဲ့အတူ အမေ့ရဲ့ ကျန်ရှိနေတဲ့ ခြေလှမ်းတိုင်းကို လှပခိုင်မာစေချင်ခဲ့မိပါတယ်..။ ကျမရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတိုင်းဟာ အမေ့ရဲ့ လှပတဲ့ ဖြောင့်ဖြူးသာယာတဲ့ ခြေလှမ်းလေးတွေ ဖြစ်စေဖို့ အတွက် ကျမကြိုးစားနေဆဲပါ…။ ဒီတစ်လှမ်းမှာ ကျမ အားရမှုမရှိခဲ့ပါဘူး….။ ဘ၀ရဲ့ဆိုတဲ့ ကွင်းပြင်ကျယ်ထဲမှာ…. ပညာဆိုတဲ့ အတတ်ပညာနဲ့ အသက်မွေးရတဲ့ ဖြောင့်ဖြူးသာယာ စေတဲ့ လမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့ အမေ့ခြေလှမ်း ဦးဆောင်မှုနောက်မှာ ကျမ ထပ်ကြပ်မကွာ လျှောက်လှမ်းခဲ့ပေမယ့် အမေဖြစ်စေချင်သလို ကျမ ဖြစ်ချင်မိသလို ဖြစ်မလာသေးပါဘူး…။ ဒီတစ်လှမ်းမှာ ဖြစ်မလာပေမယ့် နောက်ထပ်လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့ ကျမအတွက် အမေဆိုတဲ့ အားတစ်ခုပဲ လိုအပ်ပါတယ်…။ အမေသာ ကျမအနားမှာ ရှိနေခဲ့မယ်ဆိုရင် ကျမ ဘယ်အရာကိုမဆိုရင်ဆိုင်နိုင်တဲ့ သတ္တိအပြည့်နဲ့ပါ…။ လဲကျပါစေ ပြန်ထနိုင်ဖို့ အင်အားအပြည့်ပါ…။ ကျမရဲ့ ဆိုးသွမ်းမှုတွေ ကလေးဆန်မှုတွေကိုလည်း အပြစ်မယူ ချစ်ခင်စွာ မေတ္တာထားဆဲဖြစ်တဲ့ အမေ့ကိုကန်တော့ပါရစေ…။ ကျမရဲ့ ခြေလှမ်းတွေ လှပဖို့ ခိုင်မာ ဖြောင့်ဖြူးဖို့ အမေ့ရဲ့ မေတ္တာတရားကိုပဲ လိုချင်တောင့်တမိပါတယ်…။


ဒီ၂၄ခြေလှမ်းမှစ၍ နောင်ခြေလှမ်းပေါင်းများစွာတိုင်အောင် အမေ့ကျေးဇူးကိုဆပ်ရင်း အမေ့ခြေလှမ်းတိုင်းကို သာယာလှပစွာဖေးမပေးနိုင်တဲ့ စိတ်ချမ်းသာမှု အစစ်အမှန်ဖြင့် ဘ၀ကိုရပ်တည်နိုင်တဲ့ ခြေလှမ်းများကို ပိုင်ဆိုင်နိုင်ရပါစေလို့ ဆုတောင်းရင်း…၂၅…၂၆.. စတဲ့ ခြေလှမ်းများသို့ချီတတ်ဆဲပါ…………..။



Creative Commons License

21 comments:

Anonymous said...

Happy Birthday

နာအရင်ဆုံးကွ :)

လင်းဦး(စိတ်ပညာ) said...

တူမလေး... မွေးနေ့မှသည် ပျော်ရွှင်မှုတွေပဲ ပိုင်ဆိုင် နိုင်ပါစေတော့လို့...........

ခဏခဏ ရန်မဖြစ်ကြနဲ့.....။ မွေးနေ့ရှင်က ဘာမှလည်း ကျွေးဘူး.... လေးလေးကပဲ ကျွေးရတော့မယ်... :)

Anonymous said...

သူငယ်ချင်းရေ့ အသက်တွေသာ တစ်နှစ်ပြီးတစ်နှစ်ကြီးလာတယ် ရည်ရွက်ချက်တွေ ပျောက်လာတာကလွဲလို့ တစ်ဖြည်းဖြည်း ရင့်ကျက်သင့်ပေမယ့် ဘာမှလည်းမပြောင်းလဲသေးဘူးနော်။ ဒီလိုနဲ့ပဲ သစ်ရွက်လေးတွေ တစ်ဖြုတ်ဖြုတ်ကြွေ ဟဟားး တစ်လွဲမတွေးနဲ့နော် ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ ပြီးတော့ နတ်သားလေးတစ်ယောက်လောက် မြန်မြန်ရပါစေ ။

ein said...

ဟက်ပီဘတ်ဒေးတူမိုင်ဒီးရားဖရန့် စိန်ကြီး...
၂၄ခြေလှမ်းကနေ နောင်ခြေလှမ်းပေါင်းများစွာတိုင်အောင် အမေ့ကျေးဇူးကိုဆပ်ရင်း အမေ့ခြေလှမ်းတိုင်းကို သာယာလှပစွာဖေးမပေးနိုင်တဲ့ စိတ်ချမ်းသာမှု အစစ်အမှန်ဖြင့် ဘ၀ကိုရပ်တည်နိုင်တဲ့ ခြေလှမ်းများကို ပိုင်ဆိုင်နိုင်ရပါစေလို့ ဆုတောင်းပေးရင်း…၂၅…၂၆.. စတဲ့ ခြေလှမ်းများသို့ချီတတ်ဆဲပါဆိုတဲ့ မင်းရဲ့အားမာန်တွေ ဆက်လက်ဟစ်ကြွေးထားနိုင်ပါစေကွာ...
ဟေ့ရောင် ဘတ်ဒေးဝစ်ကို မင်းချစ်ချစ်ပြီးရင် နာ ဆုတောင်းပေးတာနော် ...ဟိ ကိုကြီးကြောင်ထက်ဦးတွားပီကွ...:P

ကိုတိုး said...

Happy Birthday ပါနော် တီတီလေးရေ ၂၄ ခြေလှမ်းမှာသည် နောက်ခြေလှမ်းပေါင်းများစွာတိုင်အောင် သာယာလှပစွာနဲ့ ချစ်သောသူ မိဘများနဲ့အတူရှိနေနိုင်ပါစေလို့ဆိုတောင်းပေးပါတယ်။ ပြန်လာရင် မုန့်ဝယ်ကျွေးရမယ်နော် မွေးနေ့ရှင်.......... စားချင်တာ

Anonymous said...

ကလေးရဲ့ မွေးနေ့မှာ ဘေးနားက ရှိနေမပေးနိုင်ခဲ့တာကို စိတ်မကောင်းဖြစ်မိတယ်...။
တိတ်တခိုးချစ်ခဲ့ရတဲ့ကိုယ့်ဘ၀လေးကို
ကလေးနားလည်ပေးနိုင်မယ်ထင်မိတယ်...
မွေးနေ့မှစတင်ပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင်
ကလေးချစ်တဲ့သူနဲ့ ထာဝရပျော်ရွှင်စွာ လက်တွဲပြီး
လျှောက်လှမ်းနိုင်ပါစေလို့...
တိတ်ဆိတ်စွာဆုတောင်းရင်း...
ကလေးကိုချစ်တဲ့
ကို....

Minn Anawrahtar said...

ပျော်ရွင်စရာကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေ........
အမေ့ကျေးဇူးကို ဆပ်နိုင်တဲ့သမီးလေးဖြစ်နိုင်ပါစေ ... ....သူငယ်ချင်းရေ..
မင်းအနော်ရထာ
နင့်လိုပဲ ငါလည်း အမေ ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါခဲ့လို့ ငါလည်း ပညာဆိုတဲ့အတတ်ပညာနဲ့ အသက်မွေးနိုင်ခဲ့တာလေ........
နင်နဲ့ ငါခံစားချက်ချင်းတူနေတယ်...........

Anonymous said...

Happy Birthday ပါ.. ခကွေးရေ...
၂၄နှစ်တောင်ရှိပြီပဲ... ဟိုတလောက ပြောတော့ ၁၇နှစ် ပြည့်ပြီးတာ ၇နှစ်ရှိတော့မယ်ဆို။ လူကြီးတွေကို အဲသလို နောက်ရလား :D။
အပျော်ပါ...
မွေးနေ့မှသည်... သံသရာမှာ ကျင်လည်နေသမျှ စိတ်ဆင်းရဲမှုများ လျော့ပါးပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ.....

ခင်မင်လျက်...

HAPPY CLOUD said...

ပျော်ရွှင်ခြိမ့်သဲ၊ မွေးနေ့ပ၊ွဲ ဆင်နွှဲပျော်ရွှင်သည်။
တို့တွေရောက်လာ၊ ပျော်ရွှင်စွာ၊ ၀င်ကာဆင်နွှဲသည်။
မိဘကျေးဇူး၊ ဂုဏ်ဖော်ကြူး၊ ကြည်နူးပီတိဖြာ။
ခြေလှမ်းတိုင်းမှာ၊ ခွန်အားပါ၊ လိုရာရောက်မည်သာ။
မွေးနေ့မေတ္တာ၊ ဤကဗျာ၊ ရေးကာပေးသည်ဗျာ။
နှစ်စဉ်တိုင်းလည်း၊ ခြိမ့်ခြိမ်သဲ၊ ပျော်ပွဲဆင်နိုင်စေ။
လိုအင်ဆန္ဒ၊ လုံးတ၀၊ ပြည့်ဝရွှင်ကြည်စေ။
မွေးနေ့ပွဲလာ၊ ဆွေသဟာ၊ ပျော်ပါရွှင်ပါစေ။
ရောက်ပီးဆုချွေ၊ မေတ္တာဝေ၊ ပြန်ပီဒေါ်ကြီး "ခရေ"၊
တာတာ....
:P :)
ခင်မင်လျက်...
ဖိုးမောင်

Unknown said...

ဘယ်သူ့မေတ္တာတွေ ဘယ်လောက်အေးပါတယ် ပြောပြော နောက်ဆုံးတော့လည်း အမေ့မေတ္တာကိုပဲ ပြန်လည်တောင့်တကြတာပါပဲ...

မွေးနေ့တော့ သိကြတာပေါ့.. လူတိုင်းလေ.. သေနေ့တော့ ဘယ်သူမှ မသိနိုင်ဘူး ခရေ... သိဖို့လည်း မလိုပါဘူး... ဒါပေမယ့် သေခြင်းကင်းအောင်တော့ ကျင့်ဖို့လိုတာပေါ့လေ.. အလုပ်တွေလုပ်ရင်း.. ခြေလှမ်းတွေလှမ်းရင်း.. စိန်စီသောလမ်းမှာ လျှောက်ရင်း.. ကျင့်သွားနိုင်ပါစေ။

ခင်မင်လေးစား အဖြူရောင်မေတ္တာများဖြင့်
ဖိုးသား

ရိုးမြင့်အောင် said...

တောင်ဝှေးလေးရေ... အဲ မွှားလို့... စိန်ကြီးရေ... ၂၄ လမ်းမှာသည် ၂၅၊ ၂၆ လမ်း ကျုံးဒေါင့်ထိ ခြေလျှင်လျှောက်နိုင်ပါစေ...း)

ဘဝမှပျော်ရွှင်မှုတွေနဲ့အတူ.... အောင်မြင်သောသူတစ်ယောက် ဖြစ်ပါစေ.. မိဘကျေးဇူးကို သိနားလည်သလို ပိုမိုလုပ်ကျွေးပြုစုနိုင်ပါစေ....

ဖြိုးငယ် said...

သူငယ်ချင်းလေး .. နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်သော
ဘ၀ကို ချစ်သောသူနဲ့ လျှောက်လှမ်းနိုင်ပါစေ ..
၂၄ ကျော်ပြီဆိုတော့ ၂၅ ဆိုရင် အပျိုကြီး ဖြစ်ပြီ ..
အပျိုကြီး တစ်ကိုယ်တည်း ဘ၀ကလည်း ကျွတ်ပါစေဗျာ ..

ကောင်းကင်ပြာ said...

Happy Birthday ပါခရေလေးရေ၊
၂၅၊၂၆မှနောက် နှစ် ၁၀၀ တိုင် လိုအင်ဆန္ဒတွေ
ပြည့်ဝပီး အစစအဆင် ပြေပါစေ ညီမလေးရေ

လင်းထက် said...

ပျော်ရွင်စရာ မွေးနေ့လေးက စလို့ သက်ဆုံးတိုင် အေးချမ်းတဲ့ ဘဝလမ်းခရီးကို လျှောက်လှမ်း နိုင်ပါစေ ညီမငယ် လေးရေ..။

အရုပ်ကလေး said...

မွေးနေ့မှသည် နောင်အနာဂတ်
တက်ချီလှမ်းလို့ စံနန်းထိုက်ပြီး
ဘ၀ရဲ့လမ်း ဖြောင့်ဖြူးပါစေ..။

ညီမလေး တစ်ယောက် ပျော်ရွှင်သုခတွေနဲ့
မွေးနေ့ရက်ချိန်မှ ရှေ့ဆက်လို့ သာယာပါစေ ..။

Anonymous said...

အမေ့ တောင်းဆုတွေ ပြည့်ဝနိုင်ပါစေ ရှေ့ဆက်ရမယ့် လမ်းတွေမှာ စိတ်ညစ်စရာတွေကင်းကွာ ပျော်ရွှင်မှုတွေနဲ့သာ တွေ့ဆုံနိုင်ပါစေ... အောင်မြင်မှုတွေနဲ့ အတူ ကံကောင်းခြင်းတွေလည်း ရရှိနိုင်ပါစေ.. ဒီနေ့ သမီးကို အရင်ကျွေးတာပါနော် နော် ဟိဟိ :P :P :P

Unknown said...

သူငယ်ချင်းပန်းခရေရေ....။ ၂၄ ကြိမ်မြောက် ခြေလှမ်းမှသည် နောင်နှစ်ပေါင်းများစွာ ဘ၀တစ်လျှောက်ငြိမ်းချမ်းစွာ...။ အောင်မြင်စွာ....။ ခြေလှမ်းပေါင်းများစွာ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ....။ :)

ကိုလင်းထက်ကြီးဆီမှာလည်းဆုတောင်းခဲ့တယ်...။ ကိုလင်းထက်ကြီးပေးထားတဲ့ လက်ဆောင်လည်း သွားယူ လိုက်ဦး :P

Anonymous said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျား လာမဖိတ်ပေမဲ့
အရောက်လာသွားပါတယ်ဗျာ။

May Moe said...

Happy Birthday ပါညီမလေးရေ ။All the best နော်

Welcome said...

ညီမငယ်
ပျော်ရွှင်တဲ့ မွေးနေ့လေး ဖြစ်ပါစေ။
သက်ဆုံးတိုင်
ဘ၀နဲ့ ဆန္ဒတစ်ထပ်တည်း ကျပါစေ။

တင့်ထူးရွှေ said...

Happy Birthday ပါ သယ်ရင်း ၊ ၂၄- ၂၅ ခြေလှမ်းတွေမှ စလို့ နောင်ခြေလှမ်းများစွာကို ခိုင်ကျည်စွာနဲ့ မားမတ်စွာ လျှောက်လှမ်းနိုင်ပါစေ ၊ အခက်အခဲအနဲဆုံးနဲ့ အောင်မြင်မှု များစွာ လက်လှမ်းယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။

Related Posts Plugin for WordPress, Blogger...