Saturday, August 30

MBS Dayy

Illustrated by Thet Paing Kha





၃၁.၈.၀၈ နေ့လေးဟာ မြန်မာ MBS ရဲ့ ဒုတိယနှစ်ပတ်လည်နေ့လေးပါ..။ ဒီနှစ်ပတ်လည်လေးအတွက် မြန်မာ ဘလော့ဂါများက ဦးစီးပြီး ဆီမီနာပွဲလေး တစ်ပွဲ ကျင်းပဖို့ရန်အတွက် ကြိုးစားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့ကလေးမှာ မလုပ်ဖြစ်ခဲ့ပါဘူး..။ ဒီလိုမလုပ်ဖြစ်ခဲ့တဲ့အတွက်လည်း ၀မ်းနည်းမိပါတယ်..။ ဒီပွဲကလေးကို အားကြိုးမာန်တက် တက်ရောက်ချင်လွန်းလို့ ကျနော် ရန်ကုန်ရွှေမြို့တော်ကြီးကို အရောက်သွားခဲ့ပေမယ့် အရာအားလုံး အချည်းနှီး ဖြစ်သွားခဲ့ပါတယ်..။ ဒီပွဲလေးကို တက်ရောက်ခွင့်တော့ ရချင်ပါသေးတယ်..။ ဆီမီနာပွဲ အနေနဲ့ မကျင်းပနိုင်ခဲ့ပေမယ့် ခုလို ဘလော့လေးပေါ်မှာ ကိုယ်ပိုင်ပွဲလေး တစ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ကျင်းပခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်...။ မြန်မာဘလော့ဂါအားလုံး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်..။ ဒီပုံလေးကို ဘလော့ဂါ သက်ပိုင်ခက ပုံဖော်ထားတာဖြစ်ပါတယ်..။



ပန်းခရေ(ရင်တွင်းဖြစ်)

Thursday, August 28

“သိဘူး”

-
တစ်ရက်လာလည်း ...
မထူးခြားမြဲ..
ထူးထူးခြားခြား
မေ့ထားဆဲ....ငါ့ကို
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။

ဂရုတစိုက်
အကြင်အနာ
အလိုက်တသိ
မြတ်နှိုးမှုလျှံစိမ့်
အရိပ်တကြည့်အချစ်မျိုး
ဘယ်ကုသိုလ်ဆိုးကြောင့်လွဲဖယ်
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။

ငါ့ နှလုံးသွေး တို့ ဆူပွက်
ဦးဏှောက်ကိုဖောက်ထွက်
သံစဉ် တစနဲ့ 
ခလောက်ဆန်သောနှလုံး
ဝင်ထွက် သက် ကာရံ
ဥပက္ခာတောမှာနစ်မွှန်း
ချစ်လွန်းသူ့ ကဗျာ
အသင်္ချေကြာပါ့
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။

ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ်..
မင်းငါ့ကိုဂရုမစိုက်တာ
နားလည်ပြီးသားပါလို့
ယုံကြည်ထားလို့လား...
ဒါမှမဟုတ်
အလေးထားဂရုစိုက်စရာမလိုဘူးလို့
မင်းစိတ်မှာ
မှတ်ထင်ထားလို့လား...
လားမျာစွာအဖြေညှိ
နေမချိတဲ့နှလုံးသားအစုံ
လောင်မြိုက်လျှံ့ရဲ ခဲသွားမလား
တင်းခံအားကျော်ပျော်သွားမလား
သည်းခြေဖေါက်ပျက် ပေါက်ထွက်မလား
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။

ဟန်ဆောင်ခြင်းကင်းစွာ
နားမလည်တဲ့အကြည့်
ပကတိ ရိုးစင်း
အရှင်းမသိတဲ့ မင်းရဲ့ စကား
ငါ့နှလုံးသားကို……………….။

“ညီမလေးက ဘာဖြစ်နေတာလဲကွာ” …တဲ့
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။ ။





ပန်းခရေ(ရင်တွင်းဖြစ်)

Monday, August 18

တင်းတောင်... တင်းတောင်...

ကျမရဲ့ မျက်ဝန်းအစုံဟာ..မိုဘိုင်းဖုန်းလေးဆီသို့ ကြောက်ရွံ့အံ့သြစိုးထိတ်စွာ ရောက်ရှိသွားမိတယ်..။ ဒီဖုန်းသံကို တစ်စုံတစ်ယောက်ရဲ့ နံပါတ်အတွက်သာ သွင်းထားခြင်းဖြစ်တယ်။ တင်းတောင်သံလေး.. မမြည်တမ်းတော့တာ ရက်ပေါင်းဘယ်လောက်ကြာပြီလဲ…။ အလန့်တကြားဖုန်းကို ကောက်ကိုင်မိရင်း..အတိတ်က အဖြစ်ကို မြင်ယောင်တမ်းတမိတယ်…။ ကျမ သူုနဲ့ဆုံဆည်းခဲ့ရတာ… ဖုန်းမှားဝင်လာခြင်းကစတင်ခဲ့တယ်..။ နံပါတ်မသိတဲ့ ဖုန်းနံပါတ်နဲ့အတူ သူ့အသံကိုစတင်ရင်ခုန်ခဲ့ဖူးတယ်…။ တည်ကြည်ခန့်ငြား ရဲရင့်ပြတ်သားတဲ့ သူု့ အသံကို စွဲလမ်းသွားမိတဲ့ ကျမအဖြစ်ကိုလည်း အံ့သြမဆုံးဖြစ်ခဲ့ရတယ်…။ အမှတ်တမဲ့ ဖုန်းမှားခြင်းကနေ… ကျမဘ၀အတွက် အမှတ်တရတွေ.. သယ်ဆောင်လာခဲ့လိမ့်မယ်လို့ ..တစ်ကြိမ်တစ်ခါမှ မစဉ်းစားခဲ့မိဘူး…။ ဒီလိုနဲ့ပဲ ကျမတို့၂ယောက်ဟာ ညပိုင်း..၁၁နာရီဆို ဖုန်းအမြဲပြောဖြစ်တဲ့ အကျင့်လေးရလာခဲ့တယ်..။ ဒီလိုဖြစ်ရပ်လေးကိုလည်း ရင်ခုန်မက်မောမှန်းမသိ မက်မောလာတယ်…။ ည ၁၁နာရီထိုးချိန်တိုင်း တင်းတောင်သံလေးကို နားစွင့်ရင်း ကျမဘ၀တွေ အဓိပ္ပာယ်ပြည့်လာခဲ့တယ်…။ ကျမတို့၂ယောက်ရဲ့ ရောက်တတ်ရာရာ စကားလုံးတွေ..သူ့ ဟာသပုံပြင်လေးတွေ…တစ်ခါတစ်ရံ ကျမနေ့စဉ်ဖြစ်နေကြ ဖြစ်စဉ်ထဲမှာ ကျမမှားယွင်းမှု များကိုလည်း ထောက်ပြဆုံးမခြင်းတွေအောက်မှာ ကျမတို့ ၂ယောက်ဟာ…တစ်နေ့ထက်တစ်နေ့ သံယောဇဉ် ပိုလို့တွယ်လာမိတယ်..။ သူုကလည်း တွေ့ဆုံဖို့ မတောင်းဆိုဖူးသလို ကျမကလည်း ….တွေ့ခွင့်ရဖို့ မကြိုးစားမိခဲ့ကြဘူး…။ တစ်ယောက် ရင်ခုန်သံ တစ်ယောက်နားလည်ရင်း.. နေ့တွေကုန်ဆုံးလာလိုက်တာ… လောကကိုမေ့လျော့ပြီး... သူနဲ့ဖုန်းပြောရခြင်းကို ဘ၀တစ်ခုအဖြစ်.. မှတ်ယူမိခဲ့တယ်…။ တစ်နေ့မှာ…. သူုဖုန်းဆက်နေကြချိန်မှာ ဖုန်းလုံးဝမလာခဲ့ဘူး…။ ကျမစခေါ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့်.. ဘယ်လိုအကြောင်းတရားက ဖုန်းမခေါ်ဖြစ်အောင် တားဆီးခဲ့မှန်းမသိအောင်… ကျမစိတ်တွေ.. လေးလံထိုင်းမိုင်းနေခဲ့တယ်…။ ကျမအဲဒီညတစ်ညလုံး ဟိုလူးဒီလိမ့်နဲ့ အိပ်ပျက်ခဲ့ရတယ်…။သူ့ဖုန်းသံကို နေ့တိုင်းမျှော်လင့်မိပေမယ့်…ခုချိန်ထိ ဖုန်းလုံးဝမလာခဲ့ပါဘူး…။

ဒီနေ့…တီးတောင်သံလေး…ကကျမရဲ့ သေဆုံးနေတဲ့ နှလုံးခုန်သံကို လှုပ်နှိုးခဲ့တယ်…။
==============================================
ရသ… မင်းဒီဖုန်းနံပါတ်ကို မဆက်သင့်တော့ဘူးကွာ…။

ကျနော့် သက်ပြင်းကိုမွန်းကျပ်စွာ ချပစ်ရင်း..ကျနော့်စိတ်တွေ လေလွင့်နေခဲ့တယ်…။ မင်းကောင်မလေးကို….တစ်ကယ်ချစ်ခဲ့တယ်ဆို မင်းဒီလိုမလုပ်သင့်တော့ဘူးကွာ…။ငါတကယ်ချစ်တာကွ…သူ့အသံကို ငါဘယ်လောက်ချစ်မိလဲ..သူ့ရယ်သံတစ်ချက်ဟာ ငါ့ရင်ကို ဘယ်လောက်နွေးထွေးစေခဲ့လဲ….သူ့ကြောင့် ငါ့စိတ်ဓာတ်တွေ.. ဘယ်လောက် တက်ကြွခဲ့ရလဲ… သူ့ကြောင့် ငါ့ဘ၀က တကယ်ကို အဓိပ္ပာယ်ရှိလာခဲ့တာ…မင်းသိလောက်မယ် ထင်ပါတယ်ကွာ…။

တကယ်တမ်းတော့ ကျနော်ဟာ ကျနော့်ချစ်သူကောင်မလေးကို မမြင်ဖူးခဲ့ပါဘူး…။ မတော်တဆဖုန်းမှားခြင်းကနေ..ချစ်စရာအသံလေးနဲ့ ဖြူစင်တဲ့ စိတ်ထားလေးကို ချစ်ခဲ့မိတယ်…။ တစ်နေ့နေ့ သူ့အသံလေးကို နားထောင်ရင်း ရင်ခုန်ဝမ်းနည်းခဲ့ရတာလည်း ရက်ပေါင်းမနည်းခဲ့ဘူး…။ ချစ်သူဆိုတဲ့ နားလည်မှု.. ယုံကြည်မှု.. အလေးထားတန်ဖိုးထားမှု.. မြတ်နိုးတွယ်တာခြင်းတွေနဲ့ ကျနော် ကောင်မလေးကိုချစ်ခဲ့တယ်…။ ဒါပေမယ့် ကျနော် ကောင်မလေးကို ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း…နှုတ်ကဖွင့်ဟမပြောဆိုခဲ့ဘူး…။ ရင်ထဲကဖြစ်ပေါ်လာတဲ့ ခံစားချက်အတိုင်း ခံစားမှုအတိုင်း ချစ်ခဲ့မိတယ်…။ ကောင်မလေးကို သွားတွေ့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်... မအောင်မြင်ခဲ့ဘူး…။ ကောင်မလေးရဲ့ သည်းခံမှုစွမ်းအားကိုလည်း အံ့သြစွာ လေးစားခဲ့မိတယ်..။ တွေ့ဖို့မကြိုးစားမိတဲ့ ကျနော့ကို အပြစ်တစ်ချက်ကလေးမတင်ခဲ့ဘူး.။ ကျနော့်ရဲ့ လူရာမ၀င်တဲ့ ဒုက္ခိတဘ၀ထဲကို ကောင်မလေးကို ဆွဲမခေါ်ချင်ခဲ့ဘူး..။ ကောင်မလေးတိုးဝင်လာတဲ့ ကျနော့်နှလုံးသားလေးထဲကိုပဲ လွတ်လပ်စွာ…ခွင့်ပြုခဲ့မိတယ်.။ ကျနော့်ဘ၀ကိုလည်း အသိမပေးဖြစ်ခဲ့ဘူး…။ ကျနော်ကောင်မလေးရဲ့ အသံကိုမစွန့်လွှတ်ချင်ခဲ့ဘူး…။ ကောင်မလေးနဲ့ ကျနော်မခွဲနိုင်ခဲ့ဘူး..။ ဒါပေမယ့်..ကျနော့် ကြောင့် ကောင်မလေးဘ၀ နစ်နာမှာကို မမြင်ရက်ခဲ့ဘူး…။ ကျနော်တစ်ယောက်တည်းခံ စားရင်း..ရင်နာစွာပဲ…ကောင်မလေးဆီဖုန်းဆက်ခြင်းကို ဖျက်ပစ်ခဲ့တယ်…။ဒီလိုနဲ့ ရက်လနှစ်ပြောင်းလဲလာခဲ့ပေမယ့်.. ကောင်မလေးကို တစ်နေ့မှ မေ့မရခဲ့ဘူး…။ ရီကောဒင်း လေးထဲက ကောင်မလေးအသံတွေကိုပဲ နေ့စဉ်နားထောင်ရင်း.. အချိန်တွေကုန်ဆုံးပြစ်ခဲ့တယ်…။
====================================================
၁၅.၆.၀၈

ဒီနေ့ ကျမနဲ့သူ တွေ့ဆုံခြင်းတစ်နှစ်ပြည့်….။ ကျမစိတ်တွေ..ေ၀၀ါးနေခဲ့တယ်..။ လေလွင့်နေခဲ့တယ်..။ ကျမ ဖုန်းခေါ်ရမလား…။ ဟင့်အင်..မခေါ်နဲ့.. သူက မခေါ်စေချင် လို့မခေါ်ခဲ့တဲ့ ဖုန်းကို ကျမကသွားခေါ်လို့ဖြစ်ပ့ါမလား…။ ကျမစောင့်နေပါတယ်….။ သူဆက်လာမယ့် အချိန်ကိုစောင့်နေပါတယ်…။ အသံလေးပဲကြားဖူးခဲ့တယ်ဆိုပေမယ့်… ကျမရင်ထဲကနှစ်နှစ်ကာကာချစ်ခဲ့မိတာပါ…။ အလို…မငိုပါပဲ ဒီမျက်ရည်တွေ ပါးပြင်ပေါ်ကျ နေပြန်ပါရော…။ မငိုပါနဲ့ မိလွမ်းငုံ..သူက ငိုတာမကြိုက်ဘူးလေ…။ ကျမ မျက်ရည်တွေ သုတ်ပြစ်ရင်း… Ortho Ward ထဲကိုဝင်လာခဲ့မိတယ်..။ ဒီဝဒ်က ကျမတို့အလုပ်သင် ဆရာဝန်တွေ ဒီလအတွက်တာဝန်ကျတဲ့ Ward ဖြစ်တယ်..။ အရိုးအထူးကုခန်း… ခွဲစိပ်ခန်းအနီးမှာ.. ဆရာဝန်ကြီး.. အလာကိုရပ်စောင့်နေရင်း အတွေးတွေ.. နယ်ချဲ့နေခဲ့တယ်..။ ခွဲခန်းဝင်ချိန်ဆရာဝန်ကြီးရောက်လာချိန်မှာ ခွဲစိတ်ခန်းသို့ ၀င်လာရင်း..ကုတင်ပေါ်က လူနာနှင့် မျက်လုံးခြင်းဆုံမိချိန်မှာ တစ်ခုခုကို ၀မ်းနည်းမောပန်းနာကျင်သလို ခံစားလိုက်ရတယ်..။ ကျမဘာဖြစ်တာပါလိမ့်…။ သနားသွားတာဖြစ်မယ်…။ ကျမဆရာဝန်ကြီးလုပ်ကိုင်ပုံကို သေချာလိုက်မှတ်နာယူရင်း စိတ်တွေက လူနာဆီရောက်နေခဲ့မိတယ်..။ ကျမထက် နည်းနည်းသာ ကြီးပုံရတဲ့ သူ့ကို ကျမစိတ်မှာ ရင်းနှီးနေသလို ခံစားမိတာ .. ထူးဆန်းမိပါရဲ့…။ သူ့မျက်လုံးတွေဟာ မျက်ရည်လဲ့နေတယ်လို့ ဘာကြောင့်ခံစားမိပါလိမ့်…။

ခွဲစိတ်ခန်းမှာ.. အလုပ်သင်ဆရာဝန်မလေးရဲ့ မျက်ဝန်းနဲ့ ဆုံမိချိန်မှာ ကျနော့်စိတ်တွေ..ထူးဆန်း စွာ လေးနက်နေမိတယ်…။ ဒေါ်လွမ်းငုံ အား… ကျနော်ဘာဆက်လုပ်ရမလဲ… ကောင်မလေး.. ကျနော့်ရဲ့ကောင်မလေး.. ရင်နဲ့အမျှ ချစ်ရတဲ့ကောင်မလေး…။ ကျနော့်ကိုသူမသိဘူး…။ ရိပ်မိဖို့လည်းမလွယ်ဘူး..။ ဒုက္ခိတတစ်ယောက်ဟာ သူချစ်မိခဲ့တဲ့ ကျနော်ဆိုတာ သူဘယ်လိုမှမသိနိုင်ပါဘူး…။ ကောင်မလေးရယ်…။ မင်းသိပ်လှတာပဲ.. ငါ့မျက်လုံးတွေလေးလာပြီ..။ ငါမင်းကိုကြည့်နေချင်တယ်…။
======================================================
ခွဲစိတ်ခန်းမှထွက်လာပြီး.. နားနေဆောင်ဘက်ကူးလာရင်း.. ဖုန်းလေးကို ငေးမောနေမိတယ်. ဒီနေ့လိုနေ့လေးမှာတော့ ဆက်သင့်တာပေါ့..။ဖုန်းတစ်ချက်လောက် ခေါ်ပါလားရှင်ရယ်..။ ကျမစိတ်တွေ လေးလံမွန်းကျပ်လွန်းလို့ပါ…။ ကျမရှင့်ကိုလွမ်းလှပြီ…။ မျက်လုံးတွေကို လေးလံစွာ..ဖွင့်ဟနေရတာ ပင်ပန်းလိုက်တာ..။ ကောင်မလေး ကောင်မလေးဘယ်ရောက်နေလဲ..။ ကျနော့်ကို ထားမသွားပါနဲ့…။
=====================================================
"ရသ မင်းစိတ်တွေလျှော့လိုက်ကွာ…မင်းသူ့ဆီဖုန်းခေါ်ချင်နေတယ်မလား.. မင်းသိပ်ခေါ်ချင်နေရင်.. ခေါ်လိုက်ပါကွာ..။" ကျနော်ခေါင်းခါရင်း
"ငါသူ့ကိုတွေ့ခဲ့တယ်.. မင်းထင်... ငါသူ့ကိုတွေ့ခဲ့ရတယ်ကွ..။"
"မင်းရူးနေလားကွာ..ဘယ်မှာတွေ့တာလဲ.."
"ငါခွဲခန်းဝင်တုန်းက.. အလုပ်သင်ဆရာဝန်မလေးတွေ.. ထဲကတစ်ယောက်.." ကျနော့်စကားသံတွေ ဆက်မတိုးနိုင်ဘူး..မောပန်းနေတယ် ဒီနေ့ခွဲရတာပင်ပန်းလိုက်တာ.. ကျနော်မောနေတယ်. မျက်လုံးတွေမှိတ်ချင်နေတယ်..။
"တော်ပါတော့ကွာ..မင်းမောနေပြီ..နားလိုက်ပါကွာ..။"

တကယ်ဆို ကျနော်သူ့ကိုပြန်တွေ့ချင်သေးတယ်…။ ကောင်မလေးရဲ့မျက်နှာလေးကိုငေးကြည့်ချင်သေးတယ်…။ ဟုတ်တယ်..ကျနော်ခဏအိပ်ပြီး..အားအင်းပြည့်လာတာနဲ့ ကောင်မလေးဆီကို ဖုန်းဆက်မယ်..။ ကျနော်သူ့ကိုမခွဲနိုင်ကြောင်းပြောမယ်…။ ကောင်မလေးရယ်..မင်းလက်ကလေးကိုဆွဲကိုင်ပြီး ငါပြောမယ်..ထာဝရမခွဲဘူး…။ မင်းကိုသိပ်ချစ်တယ်…။ငါအသက် ရှင်သန်နေထိုင်နိုင်ချိန်ထိ မင်းငါ့ဘေးမှာရှိနေပေးပါကွာ.။ မင်းရဲ့ဖြူစင်တဲ့ မျက်ဝန်းလေးတွေနဲ့..ငါ့ကိုရယ်ပြပါလားကွာ..။ ဟုတ်တယ်ငါ့မျက်ဝန်းတွေ မှိတ်ပြီးပြန်နိုးထတာနဲ့.. ကောင်မလေးဆီ ဖုန်းဆက်မယ်…။ ဖုန်းခေါ်ရမယ်..။ ကောင်မလေးရယ်…
=====================================================
ဆရာဝန်ကြီးတွေ… ဆရာမတွေ ရှုပ်ယှက်ခတ်ပြေးလွှားနေပါလား..။ ကျမ အလုပ်ထဲပြန်ဝင် လာချိန်မှာ..စောစောကခွဲခန်းကလူနာအခန်းမှာ ဆရာဝန်တွေ ပြေးလွှားနေလေတယ်..။ မျက်နှာလည်းမကောင်းကြဘူး…။ ကျမရင်ထဲနင့်ခနဲဖြစ်မိသွားတယ်..။ သူ…မျက်ဝန်းတစ်စုံ သူ…..မသက်သာတာများလား…သူတစ်ခုခုများ..အို.. ငါဘာတွေတွေးနေတာလဲ…
ဒီအချိန်ကျမနှလုံးခုန်သံတွေ အရမ်းမြန်နေခဲ့တယ်… ကျမလက်တွေအေးစက်နေခဲ့တယ်..။ မောပန်းလာတယ်..။ ကျမအားအင်တွေကုန်ခမ်းလာသလို ခံစားရတယ်…။

ရုတ်တရက် ..
တီးတောင်... တီးတောင်...
အိုးး.. ကျမရဲ့ မျက်ဝန်းအစုံဟာ..မိုဘိုင်းဖုန်းလေးဆီသို့ ကြောက်ရွံ့အံ့သြစိုးထိတ်စွာ ရောက်ရှိသွားမိတယ်..။ ဒီဖုန်းသံလေး တစ်စုံတစ်ယောက်ရဲ့ နံပါတ်အတွက်သာ သွင်းထားခြင်းဖြစ်တဲ့…တင်းတောင်သံလေး…သူ..သူဖုန်းဆက်တယ်.. ဖုန်းကိုကတုန်ကယင် ကိုင်ရင်း…ကျမနား နားလေးကိုကပ်လိုက်မိတယ်….။ ကျမနှုတ်ခမ်း ကရုတ်တရတ်…
ကို... သူမှသူအစစ် ကျမဆီဖုန်းဆက်တယ် ...
"မင်းကိုချစ်တယ် ကောင်မလေးရယ်…"
ကို… ကို… ဒီစကားလေးတစ်ခွန်းပဲ ပြောပြီး ရုတ်တရက် ရပ်သွားတဲ့ အသံ..သူ့အသံ…ကျမရင်တွေ မောလိုက်တာ…။

"ဟလို..."
ကို… ကို.... ကျမဘယ်လိုခေါ်ခေါ်…ပြန်ထူးသံမကြားရတော့ဘူး…။ ကျမထပ်ကြားလိုက်တဲ့အသံက..
"စိတ်မကောင်းပါဘူး…သူဆုံးသွားပြီ…" ဆိုတဲ့အသံ.
"ရှင်… ဘယ်လို ..." မဟုတ်ဘူး ... မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်မိရင်း ကျမ မတ်တပ်ရပ်ရင်းသေဆုံးသွားသလို…ကျမမျက်လုံးတစ်စုံဟာလည်း..အစောကအခန်းလေးထဲကိုရောက်သွားမိတယ်…။ အခန်းလေးထဲက ငိုသံတွေ..ဆရာဝန်ကြီးရဲ့ ပြောဆိုသံတွေ.. အားလုံးကို ကျမ ဖုန်းလေးထဲက ကြားနေရတယ်…။

"ရသ မင်းအဲလောက်တောင်ပဲ လွမ်းငုံကိုချစ်ခဲ့လားကွာ..မင်းဖုန်းခေါ်ခဲ့တာရခဲ့လားကွာ မင်းသိပ်ကြားချင်တဲ့ သူ့အသံလေးကိုကြားလိုက်ရလား သူငယ်ချင်း..ငါလိုဒုက္ခိတ ဘ၀ထဲကို ဆွဲမသွင်းချင်ဘူးဆိုပြီး..မင်းတစ်ယောက်တည်းခံစားရသမျှ မင်းလွမ်းငုံသိခဲ့လား မင်းသိပ်ချစ်ကြောင်း မင်းပြောခွင့်ရလိုက်လား… ဟင်.." ဆိုတဲ့ လူတယောက်ရဲ့ မချိတင်ကဲ ရေရွတ်သံ...
ဒါဆို... ဒါဆို... ကျမချစ်ခဲ့တဲ့ကိုဟာ..ကျမကိုယ်တိုင်ခွဲစိပ်ခဲ့တဲ့ မျက်ဝန်းပိုင်ရှင်လေးတဲ့လား…။ ကျမမငိုပါဘူး…မျက်ရည်တွေစီးကျနေတဲ့ ပါးပြင်ကို ပွတ်သပ်ရင်း..ကျမမငိုပါဘူးကိုရယ်… ကို့ကိုနောက်ဆုံးနဲ့ပထမဆုံးမြင်ခွင့်ရလိုက်တဲ့ အတွက်လည်း ကျမကျေနပ်ပါတယ်ကို… ကိုဘယ်ဘ၀ကိုပဲရောက်ရောက်..ကိုသေဆုံးခဲ့ပေမယ့်…ကျမ နှလုံးသားနဲ့အတူ ကို့နှလုံးသားလေး အသက်ရှင်ကျန်ခဲ့ပါတယ်ကို…။ ကျမ အရင်လို အထီးမကျန်တော့ပါဘူး ကို… ကျမရှင့်ကိုသိပ်ချစ်တယ်….။ ကျမစိတ်ထဲမှာ မထင်မှတ်လွန်းတဲ့ ခံစားချက်အမျိုးမျိုး ခံစားလိုက်ရရင်း ထိန်ချုပ်မှုများ လွတ်ထွက်သွားခဲ့တော့တယ်။

"ဆရာမလေး..ဆရာမလေး… ဒေါက်တာ..ဒေါက်တာလွမ်းငုံ.."
လဲပြိုသွားတဲ့ ဒေါက်တာမလေးလွမ်းငုံရဲ့ ခန္ဒာကိုယ်လေးဟာ…အပြာရောင်န်ာစ့်မလေး လက်ထဲမှာ…အသက်မဲ့နေလေရဲ့…။ ဖွင့်ထားဆဲဖုန်းလေးတွေကိုင်ရင်း.. အသက်မဲ့သွားတဲ့ ခန္ဓာကိုယ် နှစ်ခုဟာ… ထူးဆန်းစွာတိုက်ဆိုင်ခဲ့သတဲ့..။
==================================================
လက်ကိုင်ဖုန်းနှစ်လုံးစလုံးကို ဘေးယှဉ်ချထားရင်း…

"ရသနဲ့လွမ်းငုံ..မင်းတို့နှစ်ယောက်..ခုချိန်ဆို ပြန်ဆုံဆည်းနေလောက်ပြီလို့…ငါယုံကြည် တယ်ကွာ…။ မင်းတို့နှစ်ယောက် နောက်ဘ၀ဆိုတာ ရှိခဲ့မယ်ဆိုရင်…ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံကြပါစေနဲ့လို့…ငါဆုတောင်းပေးလိုက်ပါတယ်…။" မျက်ရည်စက်လက်ကျဆင်းရင်း ငိုသံရှိုက်ကာ ဆုတောင်းလိုက်တဲ့ မင်းထင်ဆုတောင်းသံ အဆုံး လေပြေတိုးသံမှာ တယ်လီဖုန်းလေး မြည်သံလို ကြားယောင်နေမိတော့တယ်...။
==================================================
စိတ်ကူးနဲ့ပုံဖော်ထားခြင်းဖြစ်ပါသည်..။ ခုမှ စရေးတာ ဝေဖန်ပေးပါ…။

ပန်းခရေ(ရင်တွင်းဖြစ်)

Friday, August 15

MY Status

သူငယ်ချင်းအားလုံးကို ကျနော့်ရဲ့အခြေအနေလေးကို ပြောပြမလို့ပါ...။ ခုတလော တော်တော်လေးကို စိတ်ညစ်နေပါတယ်..။ အကြောင်းပြချက်မရှိ စိတ်ဓာတ်ကျနေပါတယ်...။ ပျင်းလိုက်တာလည်းလွန်ပါရော...။ စာလည်းမရေးချင်ဘူး..။ အလုပ်လည်းမလုပ်ချင်ဘူး...။ ဘာမှကိုမလုပ်ချင်တာ..။ ဘယ်လောက်ထိစိတ်ဓာတ်ကျလဲ ဆိုရင် လူ့ပြည်မှာ အသက်တောင်မရှင်ချင်တော့ဘူး...။ လူက နေမကောင်းဘူး..။ မိုးမိတယ်..ဖျားတယ်...၁၅ရက် ကျော်ပြီ...။ မျက်လုံးတွေလည်းသိပ်ကိုက်တာပဲ...။ ဆေးထိုးရမှာသိပ်ကြောက်တဲ့ ကျနော် ဆေးခန်းလည်းပြေးရ တယ်..။ မျက်ရိုးတွေသိပ်ကိုက်လွန်းလို့...ဆရာဝန်ပြတော့လည်း..ဆေးသောက်ရမယ့်ဆေးရေးပေးတယ်..။ ကုန်လိုက်တဲ့ ပိုက်ဆံ.ပျောက်လည်းမပျောက်ဘူး..။ဆေးဝယ်စားရသေးတယ်..။ ပျောက်လည်းမပျောက်...မဆိုးလွန်းဘူးလား...။ သူငယ်ချင်းတွေကိုတောင် အားနာလာတယ်..။ ဂရုစိုက်ပေးရတဲ့ သူငယ်ချင်းတွေ စိတ်ပူပေးရတဲ့ သူငယ်ချင်းတွေ...အားနာလာပြီ..။ အစားလည်းမစားဘူး...။ ဆေးတွေကလည်း သောက်ရတာများလိုက်တာ...။ ခုလည်းရေးရင်း မူးနေတာပဲ..။ ဂရုစိုက်မှုကိုလည်း နေမကောင်းချိန်မှာဆိုတော့ လိုချင်မိသားနော်..။ ဒါပေမယ့် ကိုယ့်ကိုဂရုမစိုက်ပဲ ပစ်ထားခံရတာလည်း များပြီ..။ စိတ်ညစ်လိုက်တာ ဆိုတာကို ပုတီးစိပ်သလို စိပ်နေမိတယ်..။ ကျနော်စိတ်ဓာတ်ကျတဲ့ရောဂါများ ရနေလားမသိ..။ အလုပ်လည်း သိပ်အဆင်မပြေဘူး..။ ရုံးမတက်ချင်တဲ့ ရောဂါလည်းစွဲကပ်နေတယ်..။ ထစ်ခနဲဆို..ရုံးလစ်ချင်နေတာ..။ မနက်ရုံးတက်ချိန်ဆို လူက နေမကောင်းဘူး..ဖျားပြီ...။ ရုံးမှာဆို..တစ်နေကုန်..နေလို့မကောင်းတာ.. မူးနေတာပဲ..။ မျက်လုံးတွေလည်းကိုက်နေတာပဲ..။ အာရုံကြောအားနည်းတာတဲ့...ဆရာဝန်ကပြောတယ်..။ လူလည်းရူးနေတာလားမသိဘူး..။ စိတ်တွေလည်းဟိုရောက်ဒီရောက်နဲ့...။ ပို့စ်တွေလည်း မရေးနိုင်ဘူးး..။ သူငယ်ချင်းတွေဆီလည်း သိပ်မလည်ဖြစ်ဘူး...စိတ်ကရောက်ပြီး လူကမရောက်ဖြစ်ဘူး...။ တစ်ခုမှကိုမကောင်း ဘူး..။ လူမမာမေးကြတဲ့ သူငယ်ချင်းတွေကိုလည်း အားနာပါတယ်..။ ကျနော်မြန်န်ပျောက်အောင် လုပ်ပါ့မယ်..။ အသက်တော့မဟုတ်ပါဘူး...း)...။ စာတွေလည်း ဘယ်ကစရေးပြီး ဘယ်ရောက်မှန်းလည်း မသိတော့ဘူး..။
စကားတွေလည်းပြောရတာ အဆင်မပြေဘူး..။ ထစ်ခနဲဆို စိတ်က တိုချင်နေရော..။ စိတ်တိုလွယ်နေသလိုပဲ ခုတလော..။ စိတ်နဲ့လူလည်းမကပ်ဘူး..။ တော်ရုံလည်းမကြားဘူး.။ အာရုံလည်းစုလို့မရဘူး..။ ဘယ်လိုကြီးမှန်းကိုမသိတော့ဘူး....။ မူးနေတာပဲ...။ သိတော့ ဘူး..။ အားလုံးပျော်ရွှင်ပါစေ..။အဆင်ပြေကြပါစေ..။ စာရေးနိုင်တဲ့အချိန်ကြရင်..။ များများရေးမယ်နော်...။

ပန်းခရေ(ရင်တွင်းဖြစ်)

Friday, August 1

ဗလာနတ္ထိလူသား..



ကဗျာတွေစာတွေလည်း
ပီပြင်ပြတ်သားအောင်
မဖွဲ့ဆိုတတ်ပါဘူး…။
ရစ်သမ်တွေ ကာရန်တွေလည်း
ကောင်းစွာ နားမလည်ခဲ့ပါဘူး..။
နည်းပညာအတတ်ပညာတွေလည်း
ကျွမ်းကျင်ပိုင်နိုင်စွာ
မတတ်ကျွမ်းပါဘူး..။
လူမှုရေးနယ်ပယ်မှာလည်း
အောင်မြင်ကျော်ကြားခြင်း မရှိခဲ့ပါဘူး..။
အလှအပရေးရာကိုလည်း
ကောင်းစွာ မဖန်တီးနိုင်ခဲ့ပါဘူး..။
ရိုမီယို ဂျူးလိယက်ချစ်ပုံပြင်ကိုလည်း
အားမကျခဲ့ပါဘူး..။
စိတ်ကူးထဲမှာ နစ်မြောပြီး..
စိတ်ကူးထဲမှာ မပျော်မွေ့ခဲ့ပါဘူး..။
ပျော်အောင်နေတတ်ခဲ့ပေမယ့်
တစ်ကယ့် ပျော်ရွှင်မှု
အစစ်အမှန်မရခဲ့ပါဘူး..။
ရင်ထဲမှာရှိသမျှအရာအားလုံး
ထုတ်ဖော်ပြသခဲ့ပေမယ့်
အရာမ၀င်ခဲ့ပါဘူး..။
စီစဉ်တိုင်းမဖြစ်တဲ့ လောကကြီးမှာလည်း
အစီအစဉ်မကျခဲ့ပါဘူး..။
စိတ်ပျော့ညံ့ပေမယ့်..
စိတ်ပျော့ညံ့မှုကိုလည်း
မနှစ်သက်ခဲ့ပါဘူး..။
ဒီလို ဘ၀တစ်ခုရဲ့ ကန့်သတ်ချက်တွေကို
နားမလည်ခဲ့ပေမယ့်
နားလည်ချင်ယောင်မဆောင်ခဲ့ပါဘူး....။
တစ်ကယ်တော့ငါဟာ
ဘာဆိုဘာမှ မသိတဲ့
ဗလာနတ္ထိ လူသားတစ်ယောက်ပါ….။


ပန်းခရေ(ရင်တွင်းဖြစ်)
Related Posts Plugin for WordPress, Blogger...