Tuesday, March 11

မပြောင်းလဲသောအကြောင်းတရား



မင်းရဲ့စကားသံတွေအောက်မှာ
အကြိမ်ပေါင်းမြောက်များစွာ
နစ်ဝင်ပျော်ရွှင်ခဲ့ဖူးတယ်...။
မင်းရင်ထဲကအချစ်တွေကိုလည်း
မက်မောခုံမင်စွာတောင့်တခဲ့ဖူးတယ်...။
မင်းရယ်သံလေးတွေကိုလည်း
နားသောတဆင်ခဲ့ဖူးတယ်...။
မင်းရဲ့ရယ်သံတစ်ချက်မှာ
ပရမ်းပတာရင်ခုန်ဖူးတယ်....။
မင်းရဲ့စိမ်းကားရက်စက်မှုအောက်မှာလည်း
အကြိမ်ကြိမ်ကျရှုံးဖူးတယ်...။
မင်းပေးခဲ့တဲ့
ကတိတွေအားလုံးကိုလည်း
အကြွင်းမဲ့ယုံကြည်ခဲ့တယ်..။
မင်းသာလျှင်
ငါ့ဘ၀အဖြစ်ကိုးကွယ်ခဲ့ဖူးတယ်..။
အနာဂတ်ရဲ့
ပဲ့ကိုင်ရှင်..
ဘ၀ရဲ့လက်တွဲဖော်..
နှလုံးသားလေးရဲ့
အရှင်သခင်ဟာ
မင်းပဲလို့သတ်မှတ်ခဲ့ဖူးတယ်..။
ငါ့စိတ်ကူးမှာလည်း
မင်းနဲ့အတူလျှောက်ရမယ့်
ဘ၀လမ်းကြောင်းလေးကို
အကြိမ်ကြိမ်ပုံဖော်ရင်း
ပျော်ရွှင်ခဲ့ဖူးတယ်..။
ဒါပေမယ့်...
ချစ်သူရယ်
ဘယ်လိုမှရှေ့ဆက်မရတဲ့
တို့နှစ်ယောက်ရဲ့ဘ၀လမ်းကြောင်းမှာ
အနာဂတ်လှပဖို့
ကိုယ့်ရဲ့အသဲနှလုံးတစ်ခုလုံး
နင်းချေစတေးခဲ့ရတာ
မင်းမှမသိပဲ...။ ဘာပဲဖြစ်ဖြစ်
အနာဂတ်အတွက်
သားကောင်ဖြစ်ခဲ့ရတဲ့ ကိုယ့်နှလုံးသားကတော့
ကျေနပ်ပျော်ရွှင်စွာပဲ
ဆက်လက်ရှင်သန်နေမှာ
အမှန်တရားပါ....။

ပန်းခရေ (ရင်တွင်းဖြစ်)
ဒီကဗျာလေးက ဆောင်းနိဒါန်းဘလော့မှာတင်ဖူးပါတယ်..။
အခုနည်းနည်းပြန်ပြင်ပြီး တင်ပေးလိုက်ပါတယ်...။

5 comments:

Unknown said...

မမစိန်ရေ....
ပြန်လည်အသက်သွင်းလိုက်တော့...
လှပရှင်သန်သွားလိုက်တာ..........
တတောလုံးကိုဝေသွားတာပဲ.......

မမစိန်ရေ... နေ့သစ်တွေရှိနေသ၍ လှပနေအုံးမှာပါ...

နှုတ်ဆက်ခြင်းမှာ နွေဦးလက်ဆောင်လာယူအုံးနော်....

Emily said...

မယ်စိန် မယ်စိန် မသိရင် ခက်မယ်။ ဘာတွေ ရေးပြီး ဘာတွေ တွေးနေလဲဆိုတာ ဘထွေး သိပါတယ် သမီးရယ်။ အမှန်တရားတွေရော အမှားတစ်ရပ်တွေရော ပြောကို မပြောချင်တော့ဘူး။ ကဗျာကတော့ ရင်တွင်းဖြစ် ဆိုတော့ ဟဲဟဲ ခံစားချက် အမှန်လေးတွေနဲ့ ဂွတ်နေသပေါ့လေ။ မှာထားတာ မမေ့ဘူးနော် သိလား။ ရှာထားတယ်ကွ။ ငှဲငှဲ

ein said...

အေးကွာ မင်းရဲ့မပြောင်းလဲသော အကြောင်းတရားလေးကို သူသိပါစေကွာ...
ငါ ယုံကြည်ထားတာကတော့ အချစ်စစ်မှန်ရင် အခြေနေ တွေ ဘယ်လောက်ပဲ မဂွတ်သေးလဲ တနေ့နေ့ ဆိုတာ ရောက်လာမှာပါကွာ သူ့ပေါ်ကိုယ် ထားတဲ့သစ္စာတရားတော့ မှန်နေပါစေနော်...ဟေ့ရောင် ငါပြောချင်တာက ခွဲခွာခြင်းရဲ့အဆုံးမှာ ဆုံစည်းခြင်းဆိုတာရှိတတ်ပါတယ်ကွာ...အကောင်းဆုံးရလဒ်လေးတွေပဲ မင်းကို ရစေချင်ပါတယ်ကွာ သူနဲ့ပတ်သက်ပီးပေါ့ ...:)

Anonymous said...

မပြောင်လဲသော နင့်ရဲ့အချစ်တွေကို ကုယ်ချင်းစားပါတယ် သယ်ရင်းရေ့..........။
နှလုံးသာရဲ့ အရှင်သခင်းလေး နားလည်နိုင်ပါစေလို့ ဆုတောင်းပါတယ် ကွာ။.

~P~ said...

ကဗျာလေးက ရေလည်မိုက်တယ်မမရေ။။

Related Posts Plugin for WordPress, Blogger...