Friday, May 30

ရှင်သန်တဲ့ချစ်ခြင်း


အတ္တတွေလောင်မြိုက်နေတဲ့
အခန်းငယ်လေးထဲမှာ..
မွန်းကျပ်ခြင်း သံစဉ်တွေကို
ပါးလျတဲ့ရင်ခုန်သံတွေနဲ့...
သီဆိုနေမိတာလည်း...
ကြိမ်ခါပေါင်းမနည်းတော့ပါဘူး...........။

အချစ်ကို မွေးဖွားသန့်စင်သူနှင့်
ပေါက်ဖွားရှင်သန်လာသူနှစ်ဦးကြားက
ရင်ခုန်သံတွေ ထပ်တူမကျဘူး..ဆိုတာ
လက်တွေ့သိလိုက်ချိန်မှာ..
ငါ့ရင်ခုန်သံချစ်ခြင်းရထားကြီးက
အရှိန်ကောင်းစွာ ခုန်မောင်းနေဆဲလေ............။

ဘယ်တော့များမှ မရရှိနိုင်မယ့်
လေးနက်မှု ကြင်နာခြင်းတွေကို
မက်မောနစ်ဝင်စွာ ...
မျှော်လင့်တောင့်တနေမိတာလည်း..
ငါ့ရူးသွပ်မှုပဲတစ်ခုပေါ့...။

မိုးပေါ်က အပ်တစ်စင်းနဲ့
လူ့ပြည်ကအပ်တစ်စင်း
ထိစပ်ရုံတင်မကပဲ
ထုတ်ခြင်းပေါက်...ပေါက်သွားနိုင်တယ်
မင်းကိုယ့်ရှေ့ကိုရောက်လာဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတဲ့ စကားလုံးကို
ရွတ်ဆိုလိုက်တိုင်း
ပြုံးရုံပြုံးတတ်တဲ့ ချစ်သူမျက်နှာကိုလည်း
မှန်းဆတမ်းတရင်း...
နားမလည်းခြင်း များစွာနှင့် ခွင့်လွှတ်ရတာလည်း
အကြိမ်ကြိမ်ခါခါပါပဲ..............။

ရှင်သန်ပေါက်ဖွားလာတဲ့ ချစ်ခြင်းနဲ့
မွေးဖွားသန့်စင်ထားတဲ့ချစ်ခြင်းတို့ရဲ့
နားလည်းကြင်နာမှု၊ မြတ်နိုးတွယ်တာမှု ၊
ခွင့်လွှတ်အနစ်နာခံမှု၊ သည်းခံယုံကြည်မှုတွေ...
ဘယ်တော့မှ တစ်ထပ်တည်းမကျပေမယ့်...
ရှင်သန်နေတဲ့ချစ်ခြင်းများစွာဖြင့်..
မင်းကိုဆက်လက်ချစ်...နေ....ဆဲ.....ပါ...ချစ်သူ.............။

ပန်းခရေ(ရင်တွင်းဖြစ်)

Wednesday, May 28

အမှတ်တမဲ့မှ အမှတ်တရခရီးစဉ်....

ကျနော်မထင်မှတ်ပဲ ရန်ကုန်ကို ခရီးထွက်သွားရပါတယ်....။၂၁ရက်နေ့မနက်မှာပဲ စတင်ပြီးခရီးစထွက်ရပါတယ်..။ ကျနော်ဒီခရီးစဉ်လေးကို အမှတ်မထင်ပဲ ထွက်သွားရတယ်..။ ရုံးကလှမ်းခေါ်တဲ့ အရေးပေါ်ကိစ္စနဲ့ သွားရပါတယ်..။ ဘာကြောင့်သွားရတယ် ...ဘာအတွက်သွားရတယ်...ဘာလုပ်ရမယ်ဆိုတဲ့.. တိကျတဲ့ခေါင်းစဉ်မပါပါဘူး...။ ဘာမှန်းညာမှန်းမသိစွာနဲ့... ကျနော်တို့အဖွဲ့ ရထားနဲ့ထွက်လာရတယ်..။ ဒီလိုမသိစွာနဲ့ထွက်လာတဲ့ကျနော် တောင်ငူရောက်ချိန်မှာ.. ရှေ့ရထားတွဲချော်တဲ့အတွက် ရထားဆက်ထွက်လို့မရတော့ပါဘူး..။ နေ့လည်၁၂နာရီ ကစတင်ပြီး...တောင်ငူမှာသောင်တင်နေပါတယ်..။ အရမ်းအရေးကြီးနေတော့ နောက်ကနေ ကျနော်တို့ရုံးက ကားကလိုက်လာပြီး ...ညနေ ၇နာရီလောက်မှာပဲ စတင်ခရီးဆက်ရတယ်...။ ဒီလိုနဲ့ မနက်၃နာရီခွဲလောက်မှ ရောက်တယ်..။ မနက်မိုးလင်းတော့ ကျနော်တို့ မရမ်းကုန်းရုံးကို တစ်ဖွဲ့လိုက်သွားရပါတယ်..။။ အဲဒီအချိန်ထိ ဘာအကြောင်းအရာကြောင့် လာရတယ်ဆိုတာ မသိသေးပါဘူး..။ ကျနော်တို့ရဲ့ အထက်အရာရှိ အစ်မက လူကြီးကို ၀င်တွေ့ပြီးတော့မှ ကျနော်တို့အားလုံး SEDONA HOTEL ကိုသွားရမယ်ဆိုတာ သိရတယ်...။ အဲဒီအချိန်ကြမှ ကျနော်မျက်လုံးပြူးတာပဲ...။ ကျနော်ထင်တာက ကျနော်တို့ကို Complain အတွက်ခေါ်တယ်...။ Side ထဲလိုက်ဖို့အတွက် လှမ်းခေါ်တယ်လို့ ထင်မှတ်ထားတာ...။ ဒီရောက်တော့မှ ကုလသမဂ္ဂနှင့် အာဆီယံတို့ပူးတွဲကမကထ ပြုသော နိုင်ငံတကာမှ ငွေကြေးအကူအညီများနှင့် အခြားအကူညီများ ကတိက၀တ်ပြုသည့် ညီလာခံကို ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးက အင်တာနက်၊IDD Phone၊ FAXနဲ့ပက်သက်တဲ့ လိုအပ်ချက်တွေအားလုံးကို Service ပေးရမယ်ဆိုတာ သိရတယ်..။ ဒီလို ၀ါးတားတားနဲ့ခရီးစထွက်ရတဲ့ ကျနော် ဒီခရီးစဉ်လေးက တော်တော်လေးကို အဆင်မပြေမှုတွေများခဲ့ပါတယ်...။ အမှတ်တမဲ့ ခရီးထွက်သွားတဲ့ ကျနော် အမှတ်တရများစွာဖြစ်ခဲ့ပါတယ်....။


ရောက်တုန်းရောက်ခိုက်မှာ ဘလော့ဂါသူငယ်ချင်းများစွာနဲ့လည်း တွေ့ခဲ့ပါတယ်..။ ပြီးတော့ ကျနော်တို့ ဘလော့ဂါအားလုံးရဲ့ လူမှုရေးစိတ်ဓာတ်ပြင်းထန်မှုကိုလည်း မျက်မြင်တွေ့ကြုံခဲ့ရပါတယ်..။ နာဂစ်ကြောင့် ပျက်စီးသွားတဲ့ အသက်အိုးအိမ်တွေ ... ဒုက္ခရောက်နေကြတဲ့ လူသားများစွာကို ကိုယ်တိုင်ကိုယ်ကြလှူဒါန်းမှု ပြုလုပ်နေကြသူများကိုလည်း တွေ့ခဲ့ရတယ်...။ ဘာညာတို့အဖွဲ့ရဲ့ လူမှုရေး လုပ်ငန်းကိုလည်း ကိုယ်တိုင်ပါဝင် မကူညီနိုင်ခဲ့ပေမယ့်.. ..သူတို့အားလုံးရဲ့စိတ်ဓာတ်ကိုလည်း င်္ချီးကျူးလေးစား မိတယ်..။ ကျနော်လိုက်ပါကူညီ ချင်ပါသော်လည်း အလုပ်တစ်ဖက်ကြောင့် မကူညီနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းမိတယ်..။ ကျနော်ဒီခရီးလေးကနေ လူတွေရဲ့စိတ်ဓာတ်အားလုံးကိုလည်း တွေ့ခဲ့ရပါတယ်...။ စိတ်ထားမွန်မြတ်သူ ၊ ရိုင်းပင်းကူညီတတ်သူ ၊ စာနာသနားညာတာတတ်သူ ၊ ကူညီဖေးမတတ်သူ ၊ ခင်မင်းရင်းနှီးစွာ စိတ်ထားဖြူစင်သူ တော်တော်များများကို တွေ့ခဲ့ရပါတယ်..။

ဒါ့အပြင် ဒီခရီးမှာပဲ လူများစွာ၏စိတ်ထားကိုလည်း သိမြင်ခဲ့ရပါတယ်..။ တစ်ကိုယ်ကောင်းဆန်သူ ၊ ခွဲခြားဆက်ဆံတတ်သူ၊ လိမ်ညာဟန်ဆောင်တတ်သူ၊ ခေါင်းပုံဖြတ်တတ်သူ ၊ အတ္တကြီးသူ၊ လောဘ ဒေါသ မာန်မာနကြီးသူ ၊ အမှန်တရားကို လက်မခံနိုင်သူများစွာကိုလည်း တွေ့ရှိခဲ့ရပါတယ်..။ နားမလည်မယုံကြည် ခြင်းများစွာလည်းဖြစ်ခဲ့ရပါတယ်...။ ဒီခရီးစဉ်လေးက ကျနော့ကို လက်တွေ့လူမှုရေးပညာတွေ သင်ပေးလိုက်တဲ့ သင်ခန်းစာတစ်ရပ်ဖြစ်ပါတယ်..။ ကျနော်အတွက် ဒီခရီးစဉ်ကတော်တော်လေးကို အမှတ်တရဖြစ်စေပါတယ်..။ စိတ်ခံစားမှုပေါင်းမြောက်များစွာဖြင့် ဒီခရီးစဉ်လေးကို ဖြတ်ကျော်လာခဲ့ပါတယ်...။ ဒီခရီးလေးက ရလိုက်တဲ့ အမှတ်တမဲ့မှ အမှတ်တရဖြစ်စဉ်များကို ရင်ထဲမှာ အမှတ်ရစွာသိမ်းဆည်းထားမိပါတယ်.........။


ကျနော်ခရီးပြန်အလာကို မျှော်နေကြတဲ့ သူငယ်ချင်းအားလုံး ကျနော်ပြန်ရောက်ပါပီ..။ ကျေးဇူးလည်းတင်ပါ တယ်...။ ကျနော့်ပို့စ်အသစ်လေးတွေကို မျှော်နေကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျနော်အသစ်တင်ပေးပါ့ မယ်...။ ကျနော်ခရီးသွားစဉ် လာလည်ကြတဲ့ သူငယ်ချင်းအားလုံး လာရောက်မလည်ပတ်နိုင်ကြတဲ့ သူငယ်ချင်းအားလုံး ကိုကျေးဇူးတင်ပါတယ်... ။ အားလုံးပဲပျော်ရွှင်ကြပါစေ....။

ပန်းခရေ(ရင်တွင်းဖြစ်)

Sunday, May 18

အတွေးတစ်စ

တစ်ကယ်တမ်းတော့ လူတစ်ယောက်ဟာ လူ့အသိုင်းအ၀ိုင်းနဲ့ သဟဇာတဖြစ်ဖို့ဆိုတာ သိပ်မလွယ်ကူတဲ့ ကိစ္စတစ်ရပ်ပါ..။ လူတိုင်းလူတိုင်း လူ့အသိုင်းအ၀ိုင်းနဲ့နေထိုင်ကြတဲ့ အခါမှာ ကိုယ့်စိတ်နဲ့မကိုက်ညီတဲ့ အချိန်ခါတွေကလည်း မနည်းပါဘူး..။ လောကမှာ လူ့စိတ်က အပြောင်းအလဲအမြန်ဆုံးပဲဆိုတာ အမှန်တရားတစ်ခုပါ....။ဒီလိုလူတွေထဲကလူတစ်ယောက်ဖြစ်တဲ့ကျနော်လည်းလူ တွေနဲ့ပေါင်းသင်းဆက်ဆံရတဲ့ အချိန်မှာ အဆင်မပြေတာတွေရှိတယ်...။ မကိုက်ညီတာတွေရှိတယ်..။ လွဲချော်နေတာတွေရှိတယ်..။ စိတ်နဲ့မကိုက်ညီတာ တွေရှိတယ်..။ ဒီလိုဖြစ်နေတော့ ကျနော်ပတ်ဝန်းကျင်မှာနေထိုင်ရတာ သိပ်ပြီးတော့ မရွှင်လန်းတော့ဘူး...။ စိတ်ပျက်လာတယ်..။ လူတွေကို နားမလည်နိုင်ဘူး..။ အကျင့်ပျက်တဲ့ လူတွေ.. တစ်ကိုယ်ကောင်းသိပ်ဆန်တဲ့သူ တွေ နိုင်လိုမင်းထက်ပြုသူတွေ .. အတ္တကြီးတဲ့သူတွေ သိပ်ပေါများနေတဲ့ လူပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းမှာ နေထိုင်ရတာ ကြာတော့ ကျနော်စိတ်ပျက်လာတယ်..။ စိတ်ကုန်မိတယ်..။ ဒါနဲ့ပဲ ကျနော် ဒီအသိုင်းအ၀န်းက ဝေးတဲ့ ဟိုးအဝေးကြီးကို ထွက်ပြေးချင်တဲ့စိတ်တွေ ဖြစ်ပေါ်မိတယ်..။ ထွက်လည်းထွက်ပြေးချင်လောက်အောင်ကို အကြောင်းတရားတွေ ရှိလာတော့ လူတွေနဲ့ဝေးလေကောင်းလေဆိုပြီး စိတ်ထဲရှိတဲ့အတိုင်း အဝေးတစ်နေရာကို ကျနော်ထွက်သွားမိတယ်..။ ကျနော်လည်း ခြေဦးတည့်ရာကို သွားနေလိုက်တာ.. ဘယ်ရောက်နေလို့ ရောက်နေမှန်းတောင် မသိအောင် နောက်ကြောင်းကိုလည်း ပြန်လှည့်မကြည့်မိဘူး..။


ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်ဆိုပြီး ထွက်လာမိတဲ့ ခြေထောက်တွေ.. ဦးတည်ရာမဲ့နေတဲ့ ခြေလှမ်း တွေ ခေါင်းစဉ်မပါတဲ့ ဦးတည်ချက်တွေ... ပျံ့လွင့်နေတဲ့ စိတ်အစဉ်တွေ.. နဲ့အတူ လျှောက်သွားနေလိုက်တာ များ အချိန်တွေ ကုန်ဆုံးလို့ကုန်ဆုံးမှန်းကို မသိခဲ့ဘူး..။ ဒီလိုလျှောက်လာလိုက်တာ လူတွေအုပ်စု အုပ်စုနဲ့ စုရုံးနေတဲ့ နေရာတစ်နေရာကို ရောက်သွားခဲ့တယ်...။ လူတွေများပြားလိုက်တာ တိုးကြိတ်နေကြတယ်..။ အလွန်တရာကိုသိချင်စိတ်ပြင်းပြလွန်းတဲ့ လူ့စိတ်က ခြေလှမ်းတွေရဲ့ရှေ့ကို ကြိုရောက်ပြီး... လူအုပ်ထဲကို တိုးဝင် သွားတယ်..။ လူအုပ်ကြီးရဲ့အလည်မှာ ဘိုးတော်လား တန်ခိုးရှင်လားမသိတဲ့ လူကြီးတစ်ယောက်က ဘာတွေရေ ရွတ်မှန်းမသိပဲ ရေရွတ်ရင်း လူတွေကလည်း ဘာတွေ တောင်းဆိုနေမှန်းမသိ တောင်းဆိုနေကြတာ တွေ့ရ တယ်...။ သိပ်သိချင်ဇောပြင်းပြရင်းနဲ့ ကျနော်လူအုပ်နားလေးက ဦးလေးကြီးတစ်ယောက်ကို စပ်စုလိုက်တယ်. “ဦးလေးကြီး ဒါဘာတွေလုပ်နေကြတာလဲ.....”
“ အေးကွ...ငါတို့တွေ လိုတရဘိုးဘိုးဆီမှာ..ငါတို့လိုချင်တာအားလုံးကို လာတောင်းခံနေတာကွ..”
“ဗျာ..”ကျနော်မျက်လုံးပြူးသွားတယ်..။ အံ့သြစရာပဲ ဟိုဘိုးဘိုးကြီးက လိုတရဖန်ဆင်းရှင် တန်ခိုးရှင်ကြီးပေါ့..။
“ဒါဆို..ကျနော်လည်း လိုချင်တာအားလုံး တောင်းလို့ရလား...”
“ရတယ်..လူလေး...မင်းလိုချင်တဲ့အရာအားလုံးကို ဒီဘိုးဘိုးကြီးက ဖြည့်ဆည်းပေးတယ်.. ဦးလေးလည်း တန်းစီလိုက်အုံးမယ်ကွာ...လိုချင်တာတွေ မေ့မှာစိုးလို့ပါကွာ...”


ကျနော်လည်း တောင်းဆိုချင်သား.. ဘာကိုတောင်းဆိုရမလဲ ကျနော်ဘာကို လိုအပ်နေမှန်းကို မသိတာပါ..။
ကျနော်လည်း တောင်းဆိုနေကြသူတွေကို ကြည့်ရင်း ကျနော့အလှည့်ရောက်အောင် တန်းစီနေလိုက်တယ်..။ တောင်းဆိုနေလိုက်ကြတာများ တော်တော်လေးကို ထောင့်စေ့တဲ့သူတွေပါ..။ ဟမ်းဖုန်း၊ တိုက်၊ ကား၊ မိန်းမလှ လေးတွေ...အို စုံလို့ပဲဗျ...။ ကျနော့် လိုအပ်ချက်တွေသာ တောင်းဆိုရမယ်ဆိုရင် တော်တော်ကိုများလွန်းလို့ ဒီဘိုးဘိုးကြီး မျက်စိလည်သွားနိုင်ပါတယ်...။ ကျနော့်အလှည့်ကို ရောက်လာတယ်ဗျ...။ ကျနော်ရှေ့တိုးပြီး... တောင်းဆိုဖို့ ဟန်ရေးပြင်လိုက်တယ်..။ ဘိုးဘိုးကြီးက ကျနော့ကို သေချာစိုက်ကြည့်ပါတယ်..။ အဓိကကတော့ ကျနော့မျက်လုံးတွေကိုပါ..။ ဘိုးဘိုးကြီး စိုက်ကြည့်လိုက်တဲ့ မျက်လုံးတစ်စုံရဲ့ အင်အားဟာ ကျနော့ရင်ထဲကို ထိုးဖောက်ဝင်ရောက်လာတယ်..။ ကျနော့ကို မေးပါတယ်..။

“ကဲ ပြောလူလေး ....ဘာလိုချင်လဲ... ဘာလိုအပ်လဲ...?”
“ဟုတ်ကဲ့ ..ဘိုးဘိုး ..ကျနော် အခုကျနော့ရှေ့ကလူတွေ တောင်းဆိုထားသမျှအရာ ၀ထ္ထုအားလုံး တစ်ခုမှ မလိုချင်ပါဘူး..။ ဒါပေမယ့် ကျနော်သိပ်ကို လိုအပ်နေတဲ့ လိုချင်နေတဲ့ အရာတစ်ခု ရှိပါတယ်...။ စိတ်ဆန္ဒတစ်ခု ပါ...ကျနော်သိပ်ကိုလိုချင်တောင့်တမိတဲ့ စိတ်ဆန္ဒတစ်ခုကို တောင်းဆိုပါရစေ...။”
ဘိုးဘိုးက ခေါင်းငြိမ့်ပြပြီး....ပြောဆိုတဲ့ သဘော နဲ့ ကျနော့ကိုဆက်ပြောစေပါတယ်..။ ကျနော်ဘိုးဘိုးကိုကြည့် ရင်း
“ဟုတ်ကဲ့....ကျနော့်ဘေးမှာရှိတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့စိတ်တွေကို ပြောင်းလဲပေးပါ..ဘိုးဘိုး.. ”
“ ကိုယ်ချင်းစာတရားကြီးမားသော....
ရိုင်းပင်းကူညီတတ်သော..
တစ်ကိုယ်ကောင်းမဆန်သော....
ကြီးနိုင်ငယ်ညှင်းမပြုမူတတ်သော....
ငဲ့ညှာသနားတတ်သော....
နိုင်လိုမင်းထက်မပြုသော...
သည်းခံခြင်းတရားများပြားသော..
ကိုယ်ကျင့်တရားမပျက်ပြားသော..
သစ္စာသမာဓိတရားပြည့်ဝသော...
အမှန်တရားကိုလက်ခံနိုင်သော..
အတ္တမဆန်သော...
လောဘ၊ဒေါသ..မာန်မာနတွေ ကင်းစင်သော....
နားလည်မှုပေးနိုင်သော....... စိတ်ဓာတ်တွေသာ ပြည့်နှက်နေတဲ့ လူသားများစွာကို လိုချင်ပါတယ်...။။ ကျနော့ဘေးနားက လူတွေရဲ့စိတ်တွေကို ပြောင်းလဲပေးပါ..ဘိုးဘိုး...”
ကျနော့စကားသံအဆုံးမှာ အဘိုးရဲ့မျက်လုံးတွေဟာ ဘာမှမပြောင်းလဲတဲ့ အရောင်တစ်မျိုးနဲ့ ကျနော့မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်တယ်..။ ပြီးတော့ ..
“လူလေး ....မင်းလိုချင်တဲ့ တောင်းဆုကို အဘိုး မဖြည့်ဆည်းပေးနိုင်ဘူးလူလေး...အဘိုးတင်မှမဟုတ်ပါဘူး ဘယ်လို တန်ခိုးရှင် ဖန်ဆင်းရှင်ကမှ ဖန်တီးမပေးနိုင်ဘူးကွဲ့...”
“ လူလေး...ဒီတော့ မင်းလိုချင်တဲ့ လိုအင်ဆန္ဒတွေကို မင်းကိုယ်တိုင် လုပ်ယူမှရမယ်..။ လူမှန်ရင် အတ္တဆိုတာ ရှိတယ.်....။ လောဘ.ဒေါသ ၊မန်မာန၊ တစ်ကိုယ်ကောင်းဆန်မှု ၊ သနားကြင်နာ ညှာတာမှု ...စတဲ့ အရာအားလုံးနဲ့ ပေါင်းစပ်ထားတဲ့စိတ်ကို လူတိုင်းပိုင်ဆိုင်ထားတယ်...။ ဒါမှလူ့စိတ်မှန်တယ်..။ အဲဒီတော့ လူလေးလိုချင်တဲ့ ဆန္ဒကို လူလေးကိုယ်တိုင် နည်းလမ်းရှာဖွေပါ...။ လူလေးရှာလိုက်တဲ့ နည်းလမ်းပေါ်မူတည်ပြီး မှသာ လူလေးလိုချင်တဲ့ ဆန္ဒကို လူလေးကိုယ်တိုင်ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်...။”
“ လူလေး ..တစ်နည်းတော့ရှိတယ်..အဲဒါဘာလဲ ဆိုတော့ လူလေးစိတ်ကို ပြင်လိုက်ပါ....”
ဘိုးဘိုးစကားဆုံးသွားတော့ ကျနော်နားမလည်ခြင်းတွေ ၊ အံ့သြခြင်းတွေ ..စတဲ့ စိတ်ခံစားမှုပေါင်းများစွာနဲ့ ခေါင်းငိုက်စိုက်ပြီး...ထွက်လာခဲ့တယ်...။ ဘိုးဘိုးပြောတာဘာလဲ...။ ဘာကိုဆိုလိုချင်တာလဲ ....။ စိတ်ညစ်လို့ထွက် လာမိတဲ့ခြေထောက်တွေ....ယောင်ချာချာဖြစ်နေဆဲပါပဲ....။ကိုယ့်မှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေ ...အားလုံးကို ပပျောက်မယ်ထင်ပြီး...တောင်းလိုက်မိပေမယ့် ကိုယ်တောင်းဆိုလိုက်တဲ့အကြောင်းအရာက ကိုယ်တိုင်နည်းလမ်း ရှာဖွေမှ တွေ့နိုင်မယ်ဆိုတော့.....။ ဘယ်လိုလုပ်ရမလဲ...။ကျနော်နားမလည်သေးဘူး..။ သဘောလည်းမပေါက် ဘူး..။ ဒါပေမယ့် ကျနော်ပတ်ဝန်းကျင်ကို ပြန်ရောက်လာပါတယ်....။ အရင်လိုပဲ ကျနော့ပတ်ဝန်းကျင်နဲ့ ကျနော် သိပ်အသားမကျစွာ ဖြတ်သန်းနေမြဲပါ....။

ဘိုးဘိုးပြောတဲ့ ကိုယ့်စိတ်ကို ပြင်ရမယ်ဆိုတဲ့ စကားကိုသိပ်နားမလည်ဘူး..။ ကျနော့စိတ်ကို ပြင်လိုက်ရုံနဲ့ ကျနော့်ဘေးက လူတွေရဲ့စိတ်က ဘယ်လိုပြောင်းလဲမလဲ...။ အမျိုးမျိုးစဉ်းစားတယ် ...။ ဘယ်လိုမှ အဖြေထွက် မလာဘူး ..။ ဘယ်လိုနေထိုင်ရမယ်မှန်းလည်းမသိသေးဘူး...။ ဒီလိုအဆင်မပြေဖြစ်နေတဲ့ကျနော် တစ်နေ့နေ့ စဉ်းစားမိတာ ဘိုးဘိုးပြောတဲ့ စကားလုံးကိုပါ...။

ဒီလိုနဲ့ ကျနော့်စိတ်တွေကို ကျနော်ပြုပြုင်တတ်သလို ပြုပြင်ယူလိုက်ပါတယ်...။ ကျနော်လူတွေကို သည်းခံတယ်..။ တက်နိုင်သလောက် သည်းခံပေးတယ်...။ လိုက်လျောတယ် သူတို့ဖြစ်ချင်တာမှန်သမျှကို လိုက်လျောပြီးလုပ်ဆောင်ပေးတယ်...။ သူတို့အားလုံးကို တက်နိုင်သလောက် နားလည်ပေးတယ်...။ သူတို့နဲ့အတွေးအခေါ်မတူလည်း တက်နိုင်သလောက် နားလည်ပေးလိုက်တယ်...။ အတ္တကြီးတဲ့သူကိုလည်း ကျနော့ အတ္တကို တက်နိုင်သလောက် လျှော့ချပေးလိုက်တယ်...။ သစ္စာမရှိတဲ့သူကို မျက်နှာလွဲလိုက်တယ်..။ ဒီလို ကျနော့စိတ်ကို ပြုပြင်နိုင်သလောက် ပြုပြင်လိုက်တဲ့အချိန်မှာ.. ကျနော့ဘေးနားကလူတွေဟာ အရင်လို မဆိုးကြတော့ဘူး..။ သူတို့ရဲ့စိတ်ဓာတ်တွေဟာလည်း အရင်လို အတ္တမဆန်ကြတော့ဘူး..။ တစ်ဖြည်းဖြည်းနဲ့ ပြောင်းလဲကုန်ကြတယ်...။ ပေါင်းသင်းဆက်ဆံရတာ အဆင်ပြေလာတယ်..။ အရင်လို စိတ်မညစ်ရတော့ဘူး...။ အဆင်ပြေလာတယ်...။ ကျနော်လည်းပျော်ရွှင်လာတယ်..။

အရင်လိုကျနော့စိတ်တွေမပူလောင်တော့ဘူး...။ စိတ်တွေလည်းငြိမ်းချမ်းလာတယ်..။ ဘာလို့လဲဆိုတော့ ကျနော့်စိတ်က ဘာကိုမဆို ဖြစ်လာသမျှအားလုံးကို ပြောင်းပြီးတော့လက်ခံပေးလိုက်တာပါ..။ ကျနော့အတ္တကို ဖျောက်ပစ်လိုက်တာ ...လျှော့ချပစ်လိုက်တာ ...ခံယူမှုပြောင်းလဲပစ်လိုက်တာ....။ အဲဒီအချိန်မှာပဲ ကျနော်ရလာတဲ့ သူတို့အားလုံးရဲ့စိတ်က ကျနော်လိုချင်တဲ့ စိတ်တွေဖြစ်သွားတယ်...။ အမှန်က သူတို့စိတ် ပြောင်းသွားတာမဟုတ်ပါဘူး...။ ခံယူတဲ့ကျနော့စိတ်ပြောင်းသွားတာပါ...။ လူ့စိတ်ကိုမပြောင်းလဲနိုင်ဘူးဆိုတဲ့ ဘိုးဘိုးပြောတဲ့စကားတစ်ခွန်းကို နားထဲပြန်ကြားမိတယ်..။ ဟုတ်တယ် ဘိုးဘိုးပြောသလို ကျနော့စိတ်ကို ကျနော်ကိုယ်တိုင်ပဲ ပြောင်းလဲပစ်နိုင်တယ်ဆိုတာပေါ့..........။

=================================================
ဘာရယ်မဟုတ်ပါဘူး..။ အတွေးတစ်ခုကနေထရေးလိုက်တာပါ..။ ကျနော့ရေး သားမှုညံ့ဖျင်းတဲ့အတွက် ကျနော်ပြောချင်တာကို မမြင်ဘူးဆိုရင်တောင်းပန်ပါတယ်...။ ဝေဖန်ပေးခဲ့ပါ..။ အမြင်လေးတွေထားခဲ့ပေးပါ..။ ကျနော့အတွေးကမှန်ချင်မှလည်းမှန်မယ်...မှားချင်လည်းမှားမယ်..။ ဒါကိုဝေဖန်ပေးကြပါလို့ပြောချင်ပါတယ်..။
အားလုံးအဆင်ပြေပါစေ ....း)


ပန်းခရေ(ရင်တွင်းဖြစ်)

Tuesday, May 13

ပေခရမ်း၏လတ်တလောပြဿနာ

ပေခရမ်း၏လတ်တလောပြဿနာ

ပေခရမ်းတစ်ယောက် အခုတလော အဆင်မပြေတာနဲ့မကြုံတွေ့ရတာ ကြာပီ..။ ဒီတော့ စိတ်ကလေး ပျော်ရွှင်လို့မှမဆုံးသေးဘူး စိတ်ညစ်စရာတွေက ဖြစ်လာတယ်..။ အခုတလောပို့စ်တွေလည်း မတင်ဖြစ်ဘူး...။ မတင်ဖြစ်ဆို စိတ်အခြေအနေမှမကောင်းတာ ...။ ဒီလိုပြောလို့ ပေခရမ်းကို ရူးနေပီလို့ ထင်ကြမှာပဲ...။ ရူးလည်းတစ်ကယ်ကို ရူးချင်နေပါပီ..။ ရူးလောက်အောင်လည်း ပံ့ပိုးမှုတွေက သိပ်များတယ်လေ...။ နာဂစ်ကြီးအဖျားခတ်မှုက ပေခရမ်းဆီကိုPhysical ပိုင်းဆိုင် ရာနဲ့ ရောက်မလာပေမယ့်.. စိတ်ပိုင်းဆိုင်ရာကိုတော့ အတော်လေးကို ရိုက်ခတ်သွားပါတယ်..။ မြန်မာပြည်သူ ပြည်သားတွေရဲ့ ဆိုးရွားတဲ့ အဖြစ်ဆိုးကြီးကို မြင်တွေ့ရတာ ပေခရမ်းတစ်ယောက် ရူးကိုရူးချင်တာပါပဲ..။ အခုထိလည်းစိတ်မကောင်းဘူး ..။ သူများတွေ ဒီကိစ္စနဲ့ပက်သက်ပြီး ၀မ်းနည်းကြောင်း ပို့စ်တင်နေကြပေမယ့် ကျနော်မတင်ဖြစ်ဘူး..။ ပို့စ်မရေးနိုင်လောက်အောင်ကို စိတ်ကထိခိုက်နေတယ်လေ..။ ပြောရင်းနဲ့ကို စိတ်ညစ်မိတယ်..။ ဒါက တစ်ခုပေါ့..။ နောက်တစ်ခု ကကျနော်သုံးနေကျစက်က နက်အခြေအနေမဂွတ်ဘူးဂျာ...။ ဒါလည်းတစ်ခု ..။ ပံ့ပိုးမှုတွေပေါ့..။

ပြောရင်းနဲ့ ကျနော်ပြောချင်တာ ဘယ်ပျောက်သွားပါလိမ့်...။ ကျနော်ဖြစ်နေတဲ့ ပြဿနာက ဒါမဟုတ်သေးဘူး...။ ဒီလို...ဒီလို..

ကျနော်အခုတလော သိပ်ကိုမေ့တတ်နေတာပါပဲ ..။ မေ့တတ်တဲ့ရောဂါ စွဲကပ်နေတာ ၁လလောက်ရှိပီထင်တယ်..။ အခုတောင်ထင်တယ်ပဲ ..။မတိကျလိုက်ပုံများ...။ ကျနော်အခုတလော သတိမေ့တတ်နေတာများ စကားလုံးလေး ၃၊ ၄ လုံးလောက်ကိုတောင် မှတ်မရတဲ့ဘ၀လေးပါ..။ ဖုန်းနံပါတ်တွေလည်းမေ့..။ စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်း ဘေးမှာထားပီးမှတ်လည်း မေ့..။ ကားလက်မှတ်ဝယ်ပီး..ခုံနံပါတ်မမှတ်မိ....လက်မှတ်ကလည်းဘယ်ထားမိမှန်းမသိ...။ နာမည်တွေ လည်းမေ့ ဘာမှကို မှတ်မရတဲ့ ဘ၀ဖြစ်နေပါတယ်..။ ဒါကလည်းသိပ်ပြဿနာမရှိသေးဘူး..။ သူငယ်ချင်းတွေအားလုံးရဲ့ နာမည်ကိုမေ့နေတာတော့ ပြဿနာကြီးတစ်ခုပဲဂျာ..။

အဲလိုဖြစ်နေချိန်မှာ ကျနော့်ကိုစိတ်ဒုက္ခပေးနေတာကတော့ pankhayay.85@gmail.com ဆိုတဲ့ ကျနော့နစ်ပါပဲ...။ ကျနော်ဒီနစ်မှာရှိတဲ့ သူငယ်ချင်းတော်တော်များများရဲ့ နာမည်ကို မမှတ်မိခြင်းပါပဲ.။ အမြဲတမ်းပြောဖြစ်တဲ့ သူငယ်ချင်းလေးငါးယောက်လောက်ကိုပဲ မှတ်မိပါတယ်..။ ကျနော့်ကိုစကား သိပ်လာမပြောတဲ့နစ်ဆို သိတောင်မသိပါဘူး...။ အဲလိုဖြစ်နေတဲ့ကျနော် မေ့တတ်ရုံတင်ဘယ်ကမလဲ လွဲပါလွဲတတ်သေးတယ်လေ..။ ဟိုတစ်နေ့ကလည်း လူလွဲပြီး လေဘေးသတင်းမေးနေတာ ပြောရင်းပြောရင်းလွဲနေပီထင်လို့ နောက်တစ်ယောက်ထပ်လွဲတယ် ..။ တစ်ဖက်ကသိတယ် ကျနော်လွဲနေတာကိုလေ ၃ယောက်မြောက်ပီးတော့မှ ကျနော်မေးနေတာ ကျနော်တို့ရုံးကအမကြီး ဖြစ်နေမှန်းသိတော့တယ်...။း) အဲလိုကိုလွဲနေတာ ..။ သူကစိတ်တိုလိုက်တာ ပြောမနေနဲ့ ဟီးး အဲလိုကိုလွဲတာ ..။ အဲလိုတော့ပေါ်ကသူငယ်ချင်းတွေကို ထိုင်လွဲနေတဲ့ ကျနော် အားလုံးကိုလည်း အားနာလာပီလေ...။ လွဲလိုက်တည့်လိုက်နဲ့ ဖြတ်သန်းနေတာ ...။တစ်နေ့တော့ဂျာ ကျနော်သိပ်ကိုသည်းမခံနိုင်တဲ့ ကိစ္စကြီးဖြစ်လာတယ်..။

ကျနော့ဆီကို အခုတလော လာအက်တဲ့ နစ်တွေ တစ်နေ့ကို ၃ ၊၄ယောက် ထက်မနည်းဘူး ..။ ကျနော်လည်း ခင်မင်စွာ လက်ခံတာပါပဲ...။ သူတို့တွေက တွေ့တာနဲ့ လူကို ဘယ်သူလဲ၊ ဘယ်မှာနေလဲ၊ ဘာလုပ်လဲ..၊ အသက်ဘယ်လောက်ရှိပီလဲ..။ ဆိုတဲ့ မေးခွန်းကြီး လေးခွန်းကို မရိုးနိုင်အောင်ကို မေးတော့တာပါပဲ..။ ကျနော်လည်း ဖြေပေးပါတယ်..။ ကြာတော့ တစ်နေ့တစ်နေ့ ဖြေရတာ သည်းမခံနိုင်တော့ဘူး..။ လူကို လ.၀.ကရောက်နေတဲ့ ၁၈နှစ်သမီးပျိုလေးလို ထိုင်ဖြေနေရတာ ... သူတို့ဆီက ပြန်ကြားချက်ကြတော့မလာဘူး ..။ လူကိုစစ်လားဆေးလားနဲ့ သူတို့ဘယ်သူပါလို့တော့ ပြောဖို့မေ့နေကြတယ်ထင်ပ..။ ကြာတော့ စိတ်အချဉ်ပေါက်လာတယ်..။ ကျနော့ကို စအက်ကတည်းက မသိဘူးလား ..။ ကျနော့နစ်ကိုဘယ်ကရလဲ..။ ရလာတဲ့ဆီက မေးခွန်းလေးတစ်ခုတောင် မသိခဲ့ကြဘူးလား..။ ဖြစ်သင့်တာက ဥပမာ ကျနော်က တခြားတစ်ယောက်ကို အက်တယ်ဆိုရင် သူဘယ်သူလဲဆိုတဲ့ အကြောင်းအရာတစ်ခုတော့ သိထားရတယ်လေ..။ ကျနော်ဘယ်သူပါ ပြောပီး မိတ်ဆက်ရတယ်လေ..။ ပုံမှန်လမ်းကြောင်းက ဒီလိုမလား..။ ဒါကို ကျနော့ကိုစစ်ဆေးမေးမြန်းပီးး.. သူတို့ဘယ်သူပါလဲမပြောပဲ နဂိုကမှ ဂေါက်ချင်ချင်ဖြစ်နေတဲ့ ကျနော့ဦးနှောက်ကို လာပီး ဒုက္ခပေးနေတာပါပဲ...။။ ဒါတင်ဘယ်ပီးသေးမလဲ

ရှိပါသေးတယ်...။ “ချစ်တယ်” ဆိုတဲ့ လက်ကွက်ထိုင်ကျင့်နေကြတဲ့ ပိုဂ္ဂိုလ်တွေပါပဲ...။ လက်ကွက်ထိုင်ကျင့်နေလိုက်တာများ “ချစ်နေတာကြာပီ” “ မင်းကိုအရမ်းချစ်တာပဲ” ဆိုတာက ပါသေးတယ်..။ ဖြစ်နိုင်မလား စဉ်းစားကြည့်ကြပါအုံး..။ ချစ်နေတာကြာပီ တဲ့ ခုမှအက်သေးတယ် ..။ နာမည်တောင်မသိတဲ့သူကို ချစ်နေတာကြာပီတဲ့ လုပ်ကြပါအုံး တော်လိုက်တဲ့ လူတွေ...။ အဲလို လက်ကွက်ထိုင်ကျင့်ပြီး လူကိုဒုက္ခပေးတဲ့ လူတွေကိုလည်း ကြုံတွေ့နေရပါတယ်...။

နောက်တစ်ခုက ကျနော့ကိုလာလာအက်ပီး မင်းဘယ်သူလဲ မင်းကိုငါမသိဘူးဆိုရင် သိပ်စိတ်တိုတာပဲ ..။ မသိရင်မအက်နဲ့ပေါ့...။ လာလည်းအက်သေးတယ်...။ တစ်ယောက်ကဆို တော်တော်ကြီးကိုဆိုးပါတယ်..။ သူကထိုင်ဝမ်ကတဲ့ ..။ ကျနော့ကိုမေးခွန်းကြီးလေးခွန်းကို မေးဆိုလည်းပြီးရော မင်းကိုငါမသိဘူးတဲ့..။ ကျနော်လည်းမသိဘူးဆိုတော့ ရန်လုပ်သွားလိုက်တာ ..။ ဒေါသတွေထွက်ပြီးး ရှူးရှူးရှားရှားနဲ့ ပြောသွားလိုက်တာများ လူကို ရစရာမရှိတော့ဘူး ကျူတာလည်းပါတယ်...။ ဘာတွေမှန်းကိုမသိဘူး..။ အချိန်အားနေတာမဟုတ်ဘူးတွေရော... ရင်မခုန်တာတွေရော...။ တော်တော်လေးကို အားနေသောလူပဲ...။ ကျနော့လည်းလာအက်သေးတယ်..။ လူကိုစော်ကားသွားလိုက်တာများ ဒေါသထွက်ရမှန်းတောင် မေ့လောက်အောင်ကို အဲဒီလူကို တော်တော်အံ့သြရတယ်...။ ပြီးတော့ ဘာပြောသွားတယ်ထင်လဲ မင်းလုပ်မနေနဲ့တဲ့ တာ့တာပဲ...ဆိုပြီး Block သွားခြင်းပါပဲ...။ စိတ်တိုလိုက်တာ ..။ အံ့လည်းသြရပါတယ်..။

အဲလိုဖြစ်ပျက်မှုက တော်တော်ဆိုးတာပဲ..။

ကျနော်အွန်လိုင်းပေါ်ရှိနေတယ်ဆိုတာလည်း ကျနော့်အလုပ်က တစ်ချိန်လုံး နက်ကိုအသုံးချပြီး လုပ်ရတာလေ...။ ဒီတော့ ကျနော်အလုပ်လုပ်ရင်း အွန်လိုင်းဝင်ထားတယ် ..။ သူငယ်ချင်းတွေနဲ့ စကားပြောတယ်..။ ပြောရင်းလုပ်ရင်းနဲ့ ကျနော့အလုပ်ကိုဖြတ်သန်းတယ်လေ ..။ ဒီနစ်မှာ ဘလော့ဂါသူငယ်ချင်းအားလုံးကိုထားထားတယ်...။ ကျနော်ဒီနစ်တစ်ခုတည်းကိုပဲသုံးတာပါ..။ သူငယ်ချင်း အရင်းအဖျားအားလုံး အကုန်ပါတယ်..။ ကျနော်အွန်လိုင်းပေါ်တက်တိုင်း အားနေတယ်မထင်စေချင်ပါဘူး..။ ကျနော်သူငယ်ချင်းအားလုံးကို ခင်ပါတယ်..။အားလုံးကိုလည်း ခင်မင်စွာ ပေါင်းသင်းဆက်ဆံတာပါပဲ...။ ကျနော်ပျော်ပျော်နေတတ်တယ်ဆိုတာ ကျနော့သူငယ်ချင်းအားလုံးသိပါတယ်..။ ဒီလိုစိတ်ဒုက္ခပေးတာတော့ မကောင်းဘူးထင်တယ်..။ ဒီကြားထဲမှာ ဘာမှန်းမသိပဲ Block လုပ်ခြင်းခံနေရတာပါပဲ..။ ဘယ်သူ့ကိုမှလည်း ကျနော် နစ်နာအောင်မလုပ်ဖူးပါဘူး..။ စကားနဲ့လည်း ကြမ်းတမ်းခက်ထန်စွာ မဆက်ဆံဖူးပါဘူး..။ ဒါကိုဘလောက်လုပ်ကြသူများက ဘယ်လိုအကြောင်းတရားကြောင့် ကျနော့ကိုဘလောက်လုပ်ကြပါသလဲ..။။ ကျနော်ဘာလုပ်မိမှန်းမသိပဲ ဘလိုင်းကြီး ဘလောက်လုပ်ခံရတာတော့ ခံရခက်တယ်..။

ကျနော့်အကျင့်က ဘယ်သူ့ကိုမှ ဘလောက်မလုပ်တာပါ..။ ကျနော့စိတ်နဲ့ယှဉ်ပြီး ဘလောက်မလုပ်တာပါ..။ ဘယ်လောက်ဆိုးဝါးတဲ့ လူဖြစ်ဖြစ်ဘလောက်မလုပ်ပါဘူး..။ ဒါတောင် ကျနော် ဘလောက်လုပ်ထားသူ ၂ယောက်ရှိပါတယ်..။ ဒီလူတွေကလည်း တော်တော်ကြီးကို ဆိုးသွမ်းလွန်းလို့ပါ...။

ကျနော့ကို ဘလိုင်းကြီး စော်ကားနေကြသူတွေရယ်...

ဘလိုင်းကြီးကို ဘလောက်လုပ်သွားသူတွေရယ်...

ဘလိုင်းကြီး စွပ်စွဲကြသူတွေရယ်...

အားလုံးကို ကျနော် ဘယ်လိုဖြေရှင်းရမလဲ..

ကျနော်ဘလောက်လုပ်တဲ့ နည်းလမ်းကိုမသုံးချင်ပါဘူး...

ကျနော်ပြန်မပြောလည်း လာလာပြီး မျက်စိဒုက္ခပေးသူများ...စိတ်ဒုက္ခပေးသူများ....

နားလည်စေချင်ပါတယ်.....။ နဂိုကမှ ရူးချင်နေတဲ့ စိတ်ကို လာလာပြီး မနှောက်ယှက်ကြပါနဲ့..။ တောင်းပန်သင့်ရင်လည်း တောင်းပန်ပါတယ်..။ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် ကျနော်မလုပ်ဖူးပါဘူး..။ စွပ်စွဲမှုများလည်း ရပ်တန်းကရပ်ပေးပါလို့...တောင်းပန်ပါတယ်..။

ကျနော့ကိုအက်တယ်ဆိုလည်း ...ဘယ်သူ့ဆီက ဘယ်လိုရခဲ့တယ်ဆိုတဲ့ တစ်ချက်လေးတော့ ပြောပေးကြပါလား..။ ကျနော့်ဦးနှောက်က စဉ်းစားနိုင်စွမ်းနည်းနေလို့ပါ...။

အားလုံးကို တစ်ပြေးညီတည်း ခင်မင်ပါတယ်...။ လက်ကွက်ကျင့်သူများလည်း တခြားမှာ သွားကျင့်စေချင်ပါတယ်..။

အားလုံးကို ခင်မင်ပါတယ်..။ အားလုံးအဆင်ပြေကြပါစေ...။ ကျနော့ရဲ့ လတ်တလောပြဿနာကိုလည်း ကူညီဖြေရှင်းပေးနိုင်ရင် ဖြေရှင်းပေးကြပါလားဂျာ...။ အစ်ကိုတို့အစ်မတို့ သူငယ်ချင်းတို့ရယ်..။ ကျနော်စိတ်ညစ်လွန်းလို့ ပါ...။ ဒီလိုတင်လိုက်တာကလည်း ကျနော်တစ်ယောက်တည်း စိတ်ဒုက္ခရောက်နေလို့ အကူအညီလေးများရနိုင်မလားလို့ပါဂျာ..။ ကူညီနိုင်ရင်ကူညီကြပါ...။ ဟူးးးးးး မောလိုက်တာ....ဆက်လက်ပီးးညစ်လိုက်အုံးမယ်ဂျာ........း)

ပန်းခရေ(ရင်တွင်းဖြစ်)

Monday, May 5

ခပ်ညံ့ညံ့ငတုံးတစ်ယောက်အကြောင်း




အမှတ်တမဲ့မှ အမှတ်တရဖြစ်ခဲ့တဲ့
တို့အတိတ်တွေအားလုံးကိုလည်း….
အမှတ်တရဖြစ်စွာ သတိရနေဆဲပါ…..။
“ငါမင်းကို သိပ်ချစ်တာပဲ” ဆိုတဲ့
စကားလုံးတိုင်းကိုလည်း
မက်မောစူးနစ်စွာ ရင်ခုန်နေဆဲပါ….။
အချစ်သစ်.အချစ်စစ်ကို
လွတ်လပ်စွာရှာဖွေခွင့် ပေးထားတဲ့ငါ့ကို
“ကောင်မလေးရေ မင်းကိုထာဝရပက်သက်ခွင့်ပြုပါ..”လို့
ကတိတွေထပ်ထပ်ပေးခဲ့ပြီး…
အချစ်သစ်နောက်ကို ကောက်ကောက်ပါအောင်
လိုက်သွားခဲ့တဲ့ မင်းကို
အံ့သြနားမလည်နိုင်စွာ
ခုချိန်ထိ သတိရခြင်းတွေ ရှင်သန်နေဆဲပါ…။

ညင်သာနူးညံ့တဲ့မင်းလက်ကလေးတွေ..
ချိုသာရွှင်ပြတဲ့ မင်းအပြုံးတွေ…
တစ်ကြိမ်တည်းသာတွဲလျှောက်ဖူးတဲ့
အင်းလျားလမ်းပေါ်ကခြေရာတွေ…
ဘယ်လိုမှပြောင်းလဲမသွားတဲ့အချစ်တွေနဲ့
တို့နှစ်ယောက်လုံးချစ်ခဲ့တာပါလို့…
အကြိမ်ကြိမ်ပြောခဲ့တဲ့…မင်း
ခုတော့ ငါမပါတဲ့လမ်းပေါ်မှာ
ငါမဟုတ်တဲ့ တခြားသူရဲ့လက်ကိုတွဲ
ငါ့အတွက်မဟုတ်တဲ့ ကဗျာတွေကိုရေးရင်း
ငါ့အတွက်မဟုတ်တဲ့ ခံစားမှုသံဇဉ်တွေကိုသီဆိုရင်း
ငါမပါတဲ့ အနာဂတ်ကို ပုံဖော်လျှောက်လှမ်းရင်း
မင်းပျော်ရွှင်နေချိန်မှာ….
တစ်ကိုယ်တည်း မိုးရေတွေနဲ့အပြိုင်
ငါ့မျက်ဝန်းက မျက်ရည်တွေ
တိတ်ဆိတ်စွာ ရွာသွန်းနေခဲ့တာရော.
တစ်ဆိတ်ဘယ်သူသိခဲ့လို့လဲ….?.........။

မင်းမရှိတဲ့ နေရာမှာ
တစ်ကိုယ်တည်းရပ်တည်ရင်း
ငါ့ရင်ခုန်သန်တွေရှင်သန်နေလိုက်တာများ.
လူရာမ၀င်တော့တဲ့ ငါ့ချစ်ခြင်းတွေအတွက်
နောင်တရနာကြည်းဖို့တောင်
မေ့လျော့နေခဲ့တယ်…။

ရက်ကိုလစား လကိုနှစ်စား
ရာသီတွေအလီလီပြောင်းလဲခဲ့ပေမယ့်
ငါ့ရင်ခုန်သံတွေ မပြောင်းလဲပုံများ
လောကရဲ့ ပြောင်းလဲခြင်းနိယာမတွေတောင်
ပြောင်းပြန်ဖြစ်ကုန်ပီ ထင်ပါရဲ့…။

တစ်ကယ်တော့ ငါဟာ..
မလတ်ဆတ်တော့တဲ့ ငါ့အပြုံးတွေ
သံစဉ်မညီတော့တဲ့ ငါ့ခံစားချက်တွေ
ရည်ရွယ်ချက်ပျောက်နေတဲ့ ငါ့ရည်မှန်းချက်တွေ
ယိမ်းယိုင်ပြိုလဲနေတဲ့ ငါ့စိတ်တွေ
လူရာမ၀င်တော့တဲ့ ငါ့ချစ်ခြင်းတွေ
တိတ်တစ်ဆိတ်ငိုကြွေးနေတဲ့ ငါ့မျက်ဝန်းတွေ
ရင်ဘတ်ကြီးတစ်ခုလုံး ရင်းလိုက်ရတဲ့
ငါ့အတိတ်တွေ…
အချိုးမကျ မလှပတဲ့ ငါ့လုပ်ရပ်တွေကို
ပြန်လည်သုံးသပ်ရင်း ……….
ခေါက်ရိုးကျိုးနေတဲ့…
ပစ္စုပ္ပန်ကို ကျေနပ်စွာဖြတ်သန်းနေတဲ့..
ခပ်ညံ့ညံ့ငတုံးတစ်ကောင်ပါ.........။............။

ပန်းခရေ(ရင်တွင်းဖြစ်) yondaime





Related Posts Plugin for WordPress, Blogger...