Friday, January 30

မွေးနေ့ပါတီ..နှင့် ကျေးဇူးတင်လွှာ

ဒီနေ့လေးက၂၄နှစ်ပြည့်မွေးနေ့ရဲ့ နောက်တစ်ရက် ၂၅ရဲ့ အစလေးပါ...မနေ့က မွေးနေ့ပွဲလေးမှာ... တက်ရောက်ချီးမြှင့်ပေးကြတဲ့ သူငယ်ချင်းတွေကို ဘာနဲ့မှ ဧည့်မခံလိုက်ရလို့ စိတ်မကောင်းပါဘူး...။ အမှန်ဧကန်က ဒီနေ့မှ ပွဲလေးလုပ်ပြီး မွေးနေ့ချီင်္းမြှင့်သူများကို တစ်ခါတည်း ကျေးဇူးတင်ပွဲလေး ကျင်းပမယ်လို့ စဉ်းစားမိပြီး ကိုယ့်အတွေးနဲ့ကိုယ် ကယ်လ်စီယမ် ကွေကာ သောက်လိုက်မိတာပါ...။ ခုတော့ အားလုံးကို အားနာစရာတွေဖြစ်ကုန်ပါပီ...။း)

အားနာနာနဲ့ပဲ ခုထပ်လုပ်တဲ့မွေးနေ့ပွဲလေးကို တက်ရောက်ချီးမြှင့်ပေးပါလို့ ပြောချင်ပါတယ်ရှင်...။မနေ့ ညနေက သူငယ်ချင်းတွေနဲ့ ကဲလိုက်တာ အရမ်းကိုပျော်စရာကောင်းခဲ့တယ်..။ ဘလော့ကသူငယ်ချင်းတွေကို ဘာမှမကျွေးပဲထားသလို ဖြစ်သွားတာလည်း စိတ်မကောင်းလိုက်တား) ကဲသုံးဆောင်လိုက်ကြရအောင်လားရှင်...း)


ဒီကိတ်လေးနဲ့ ၀ိုင်လေးကိုတော့ တစ်ယောက်ကို တစ်ခုနှုန်းကျစီပါရှင်....(ကပ်စေးနှဲတယ်မထင်ပါနဲ့ရှင်..ဟိ)



ဒီကိတ်လေးကတော့ ကြိုက်တဲ့သူ ကြိုက်သလောက်စားနိုင်ပါတယ်ရှင်....
ဒီကပ်ပ်ချီနိုလေးကိုတော့ ကြိုက်သလောက် သုံးဆောင်ကြပါရှင်...


လုံးဝအားမနာနဲ့ အ၀သာစားနော်ဖြစ်သလိုလုပ်ရလို့ အားနာလိုက်တာရှင်...:P

ဘယ်ရမလဲ ဒါလေးက ကိုကြီးလင်းထက်ဆီက ပိုနေတာတွေ သွားမ လာတာ အားမနာနဲ့နော်..ဘီယာတိုက်ဝူးး ဗိုက်ပူမှာစိုးလို့ :P

ခုလို ကျွေးမွေးဧည့်ခံပွဲလေးပြီးတော့... ကျေးဇူးတင်စကားလေးပြောပါရစေ...
မွေးနေ့ကိတ်ကို sponsor ပေးတဲ့ မောင်လေး မျှော်လင့်ခြင်း ၊ မွေးနေ့ကျင်းပပေးပြီး မာစီးဒီးကားကြီး လက်ဆောင်ပေးတဲ့ ကိုကြီးလင်းထက် ၊



မွေးနေ့နဲ့ကိတ်နဲ့အတူ အနော့်ပုံလေးကို ကြိုးစားပမ်းစား တစ်ညလုံး ထိုင်လုပ်ပေးတဲ့ သမီးနွေကဗျာ၊

Your browser may not support display of this image.Happy Birthday to Pan Hka Yay

As I promise here is a birthday present for you.

I come to know you about a year ago while

I started my Apprenticeship.

Back then, you were so sympathetic and encouraging.

You still are.

I wanna say “Thank you” for that.

Let’s keep our friendship alive in the future too.

I just want you to know that you are precious and lovely.

You have the heart of honesty and love

So, I wanna bestow your birthday with a special prayer

May you have a joyful life with a healthy mind and spirit.

May you have a peaceful beautiful journey with your love one.

May you shine your mother’s glory with your outstanding life.

Above all, may your birthday prayers come true.

A gain Have a Happppppy Birthday.. Pan Hka Yay.

With much love and earnest friendship:

Apprenticeship

===========================================

*ရနံ့သင်းစေ ပန်းခရေ*

ပန်း…

ဘာပန်းလဲ…?

လှပခန့်ငြား

မွှေးပျံ့တဲ့ပန်း

မကြိုက်တဲ့သူ ရှိပါ့မလား…

ကြိုက်ရင်…

ကိုယ်တိုင်ကလည်း

မွှေးပျံ့နေဖို့ လိုတာပေါ့…။

ခ…

ဘာခတာလဲ…?

သင့်အပေါ်အေးမြမှုကင်းတဲ့

ဘေးခခြင်းကို

အသင်ကြိုက်ပါ့မလား…

မကြိုက်ရင်…

သူတစ်ပါးအပေါ်လည်း

ဘေးမခစေနဲ့ပေါ့…။

ရေ…

ဘယ်လိုရေလဲ…?

ပင်လယ်ဆားငန်ရေ

ဘယ်သူတွေသောက်သုံးလဲ

သင်ကောသောက်ချင်လား…

မသောက်ချင်ရင်…

သင်ကိုယ်တိုင်လည်း

ရေချိုဖြစ်နေရမယ်လေ…။

>>> ဘ၀ဟာ ပွင့်လွှာတစ်လွှာဆိုရင် ဘ၀ပွင့်လွှာကို ရနံ့ကိုဖြာအောင်၊ ဘ၀ဟာ ပွင့်ချပ်တစ်ချပ်ဆိုရင် ဘ၀ပွင့်ချပ်ကို ရနံ့ ထွက်အောင်၊ ဘ၀ဟာ ၀တ်မှုန်တစ်မှုန်ဆိုရင် အဲဒီ ဘ၀၀တ်မှုန်ကို ရနံ့သင်းထုံအောင် လုပ်ဆောင်ကျင့်ကြံ နေထိုင်နိုင်ပါစေ ပန်းခရေ…။

လေးစားခင်မင်လျက်

အဖြူရောင်မေတ္တာများဖြင့်

ဖိုးသား


မွေးနေ့ကဗျာလေးရေးပေးတဲ့ Apprenticeship နှင့် ဖိုးသား တို့အားလည်းကောင်း ၊
မွေးနေ့ဆုတောင်းများကို သူ့ထက်ငါ ဆုတောင်းပေးကြတဲ့ ပထမဆုံးဖြစ်အောင် လာဆုတောင်းပဲ သူငယ်ချင်းမောင်မျိုးသားလေး မင်းကျန်စစ် ၊ မအားကြတဲ့ကြားက လာရောက်ဆုတောင်းပေးတဲ့ အစ်ကိုကြီးမိုးဘလက်မမခင်ဦးမေမမမေမိုး ၊ ကောင်းကင်ပြာ ၊ မဖိတ်မိပေမယ့် အရောက်လာပေးတဲ့ အိမ် ကိုကြီးဖိုးဖောင် ၊ သယ်ရင်း လင်းဦး ၊ သယ်ရင်း အိမ်လေး ၊ ဖြိုးငယ်၊ မောင်လေး မျှော်လင့်ခြင်း ကိုတိုးလေး ၊ ဒေါင်းမင်း ၊ အရုပ်ကလေး ၊ မင်းအနော်ရထာ ၊ လွမ်းလုင် နှင့် အခြားဆုတောင်းပေးသော သူငယ်ချင်းများ အစ်ကိုအစ်မများ အားလုံးကို အရမ်းကိုကျေးဇူးတင်ပါတယ်...။ ခုလို မွေးနေ့မှာ ပျော်ရွှင်အောင်လုပ်ပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်...။ ဒီထဲမှာ မပါပေမယ့် အသီးသီး ဆုတောင်းပေးတဲ့ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်....။ အဝေးကနေ အရုပ်တွေပို့ပေးတဲ့ အစ်ကိုများနှင့်...ရှားရှားပါးပါး ဆင်ရုပ်လေး ရှာပေးတဲ့ ကျမ၏ သူ နှင့် မွေးနေ့လက်ဆောင်များပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်...။




ဒီစိန်လက်စွပ်လေးကတော့ သူငယ်ချင်းလေး ကျော်သီဟဆီက လက်မွေးနေ့လက်ဆောင်ရထားတာပါပဲ...။ အနော့်သူငယ်ချင်းက အရမ်းကိုရက်ရောတာ ပေးထားတာ အများကြီး ပေးထားတာ...။ အနော်လည်း အများကြီးပိုနေတော့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်လေ...။ ဒီတော့ မွေးနေ့တက်ရောက်တဲ သူတွေအားလုံးကို လက်ဆောင်ပြန်ပေးတာပါ... ဟိဟိ အနော်တော့ တော်တော်ကို ပိုက်ဆံကုန်သွားတာပဲ...။ ရသမျှပြန်ပေးတယ်လေ..။ ခုလို သူငယ်ချင်းတွေကို တစ်ရက်နောက်ကျပီးမှ ကျွေးရတာကို စိတ်မဆိုးကြပါနဲ့နော်........။ အ၀စားသွားကြပါနော်... စပွန်ဆာတွေနဲ့ကြည့်ကျွေးတာဆိုတော့ အကုန်အကျသိပ်မများတော့ ဒီတစ်ခါမွေးနေ့တွက်ချေသိပ်ကိုက်ပါလားနော်...ဟိဟိ ..(နာတော့ အပျိုကြီးပေါက်စဖြစ်လာလို့လားမသိ ကပ်စေးနှဲတတ်လာပါလားနော် :P ) မွေးနေ့ပါတီလေးအတွက် ကျေနပ်မယ်ထင်ပါတယ်...။





Creative Commons License

by is licensed under a Creative Commons Attribution 3.0 United States License.

Thursday, January 29

၂၄ရဲ့ခြေလှမ်းသံ………



ဘာရယ်မဟုတ်ပဲ ဒီနေ့ဆိုရင် လှမ်းလာတဲ့ ခြေလှမ်းတွေ ၂၄လှမ်းကို တိုင်ခဲ့ပါပြီ..။ ဒီခြေလှမ်းတွေကို ပြန်လှည့်ကြည့်ချိန်မှာ…. တိုးတက်မှုတွေရှိခဲ့သလို ဆုတ်ယုတ်မှုတွေ လည်းများခဲ့ပါတယ်…။ ၁လှမ်း ၂လှမ်း ကစခဲ့တဲ့ ခြေလှမ်းတွေဟာ ခုချိန်ဆို ပြောင်းလဲတိုးတက်မှုတွေရှိခဲ့ပါတယ်…။ ခြေလှမ်းတွေကတစ်ဆင့် ခြေလှမ်းတွေများလာ တာနဲ့အမျှ ခြေလှမ်းတွေ ပိုမိုခိုင်မာလာခဲ့ပါတယ်…။ ဒီခြေလှမ်းတိုင်းမှာ နူးညံ့တဲ့ မြေသားနုနုကို နင်းမိတဲ့ ခြေလှမ်းတွေရှိခဲ့သလို ကျောက်စလစ် နဲ့ မြေပူလမ်းပေါ် လျှောက်ခဲ့ရတဲ့ခြေလှမ်းတွေလည်း ရှိခဲ့တယ်…။ ဆူးစူးခဲ့တဲ့ ခြေလှမ်းတွေလည်း ရှိခဲ့ပါတယ်….။ လောကဓံကိုကြံ့ကြံ့ခံခဲ့ရတဲ့ ခြေလှမ်းတွေလည်း ကြုံခဲ့ရတယ်…။ မသိမသာ လှမ်းခဲ့မိတဲ့ ခြေလှမ်းတွေလည်း ကြုံခဲ့ရတယ်…။ ဒီခြေလှမ်းတွေထဲကမှ ၂၃ ခြေလှမ်းကစပြီး ကိုယ့်ခြေလှမ်းကို ကိုယ်ပိုင်နိုင်စွာ လျှောက်လှမ်းခဲ့ရတယ်…။ ၂၃ခြေလှမ်းထိ မိဘအပေါ်မှာ လက်ကိုင်တွဲလျှောက်ခဲ့ရတဲ့ ခြေလှမ်းတွေဟာ…. ၂၃မှ ၂၄ ခြေလှမ်းမှာတော့ ခိုင်မာစွာ ကိုယ်ပိုင်လျှောက်လှမ်းခဲ့ပါတယ်……….။


ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတစ်လှမ်းဟာ ဒုက္ခတွေနဲ့ ကြုံတွေ့ရသလို ယိုင်နဲ့မှုတွေလည်း ရှိခဲ့ပါတယ်…။ အမေပေါ်မှာ ဘေးလွယ်အိတ်လို တွဲလွဲ လျှောက်လှမ်းခဲ့တဲ့ ကျမခြေလှမ်းတွေဟာ ကျွမ်းကျင်ပိုင်နိုင်လှပသလောက်… ကျမရဲ့ ခြေလှမ်းလေးတစ်လှမ်းမှာတော့ အမေကို …. အားအင်အဖြစ် ကောင်းမွန်စွာ ရပ်တည်မပေး နိုင်ခဲ့သေးပါဘူး…။ ဒီခြေတစ်လှမ်းမှာ အမေကို အနားယူခိုင်းပြီး မလျှောက်လှမ်းစေခဲ့ပေမယ့်…. ခုချိန်ထိ အမေအပေါ်မှာ မှီခိုရပ်တည်နေရဆဲပါ…။ အမေအတွက် တောင်ဝှေး တစ်ချောင်းအဖြစ် ရပ်တည်နိုင်အောင်ကြိုးစားပေမယ့် ဒီတောင် ဝှေးလေးက အမေ့အပေါ်မှာ ပြန်လည် မှီခိုနေရဆဲပါ…။


တစ်ခါတစ်လေမှာ လျှောက်လှမ်းဖို့ခက်ခဲချိန်မှာ အမေဆိုတဲ့ မှီခိုရာအပေါ်မှာ မှီခိုရင်း အားအင်တွေလည်း မွေးဖွားနေရဆဲပါ…။ ကျမရဲ့ခြေလှမ်းတွေဟာ အမေသာမရှိခဲ့ရင် ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ပါဘူး…။ ခြေလှမ်းလျှောက်တတ်အောင်သင်ပေးခဲ့တဲ့ အမေ့ရဲ့ သင်ကြားပြသမှုတွေ ဆူး၊ ကျောက်စလစ်စတဲ့ ခလုတ်ကသင်းတွေ ရှောင်ရှားတတ် အောင်သင်ပေးခဲ့တဲ့ သင်ကြားမှုတွေ… စိုစွတ်တဲ့ဗွက်နွံထဲ မလျှောက်မိလေအောင် လမ်းပြ ပေးတဲ့ အမေ့ရဲ့သင်ကြားမှုတွေ…. ဖြောင့်ဖြူးချောမွတ်တဲ့ လမ်းပေါ်မှာ ဘေးရန်ကင်းစွာ လျှောက်လှမ်းနိုင်အောင် စေတနာ ၊ မေတ္တာ ၊ ဂရုဏာစတဲ့ တုနှိုင်းမရတဲ့ မေတ္တာတွေနဲ့ လျှောက်လှမ်းစေခဲ့ခြင်းတွေ…… လမ်းမပေါ်မှာ လျှောက်လှမ်းချိန်မှာ တစ်ကိုယ်ကောင်းမ ဆန်စွာ ၊ စိတ်ထားဖြူစင်စွာဖြင့် တစ်ခရီးတည်းသွားရသည့် အဖော်များအား ဆက်ဆံတတ် စေရန် သင်ကြားပေးခဲ့ခြင်းတွေကြောင့် ကျမရဲ့ ၂၃ မှ ၂၄ခြေလှမ်း တစ်လှမ်းဟာ ပြိုလဲယိုင်နဲ့မသွားပဲ ကောင်းမွန်စွာ အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ခြင်းပါ…။


လမ်းခရီးမှာ ဒုက္ခဆိုတဲ့အရာနဲ့ ကြုံတွေ့ရတိုင်း လဲကျချိန်တိုင်း ဘေးကနေ ဖေးမကူညီအားပေးရင်း အဖော်အဖြစ် ခုချိန်ထိ လျှောက်ပေးခဲ့ တဲ့ အမေ့ရဲ့ ခြေလှမ်းတွေသာ ဘေးကသာ ပါမလာခဲ့ရင် ကျမရဲ့ခြေလှမ်းတွေဟာ ရပ်တန့် သွားနိုင်ပါတယ်..။ ဒီခြေလှမ်းတစ်လှမ်းမှာ အမေ့ကိုပြန်လည်မှီခိုအားပြုရင်း အမေ့အတွက် အားဖြစ်စေခဲ့တယ်လို့ ထင်မိပါတယ်…။ ကျမရဲ့ခြေလှမ်းတွေရဲ့ဦးဆောင်မှုနဲ့အတူ အမေ့ရဲ့ ကျန်ရှိနေတဲ့ ခြေလှမ်းတိုင်းကို လှပခိုင်မာစေချင်ခဲ့မိပါတယ်..။ ကျမရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတိုင်းဟာ အမေ့ရဲ့ လှပတဲ့ ဖြောင့်ဖြူးသာယာတဲ့ ခြေလှမ်းလေးတွေ ဖြစ်စေဖို့ အတွက် ကျမကြိုးစားနေဆဲပါ…။ ဒီတစ်လှမ်းမှာ ကျမ အားရမှုမရှိခဲ့ပါဘူး….။ ဘ၀ရဲ့ဆိုတဲ့ ကွင်းပြင်ကျယ်ထဲမှာ…. ပညာဆိုတဲ့ အတတ်ပညာနဲ့ အသက်မွေးရတဲ့ ဖြောင့်ဖြူးသာယာ စေတဲ့ လမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့ အမေ့ခြေလှမ်း ဦးဆောင်မှုနောက်မှာ ကျမ ထပ်ကြပ်မကွာ လျှောက်လှမ်းခဲ့ပေမယ့် အမေဖြစ်စေချင်သလို ကျမ ဖြစ်ချင်မိသလို ဖြစ်မလာသေးပါဘူး…။ ဒီတစ်လှမ်းမှာ ဖြစ်မလာပေမယ့် နောက်ထပ်လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့ ကျမအတွက် အမေဆိုတဲ့ အားတစ်ခုပဲ လိုအပ်ပါတယ်…။ အမေသာ ကျမအနားမှာ ရှိနေခဲ့မယ်ဆိုရင် ကျမ ဘယ်အရာကိုမဆိုရင်ဆိုင်နိုင်တဲ့ သတ္တိအပြည့်နဲ့ပါ…။ လဲကျပါစေ ပြန်ထနိုင်ဖို့ အင်အားအပြည့်ပါ…။ ကျမရဲ့ ဆိုးသွမ်းမှုတွေ ကလေးဆန်မှုတွေကိုလည်း အပြစ်မယူ ချစ်ခင်စွာ မေတ္တာထားဆဲဖြစ်တဲ့ အမေ့ကိုကန်တော့ပါရစေ…။ ကျမရဲ့ ခြေလှမ်းတွေ လှပဖို့ ခိုင်မာ ဖြောင့်ဖြူးဖို့ အမေ့ရဲ့ မေတ္တာတရားကိုပဲ လိုချင်တောင့်တမိပါတယ်…။


ဒီ၂၄ခြေလှမ်းမှစ၍ နောင်ခြေလှမ်းပေါင်းများစွာတိုင်အောင် အမေ့ကျေးဇူးကိုဆပ်ရင်း အမေ့ခြေလှမ်းတိုင်းကို သာယာလှပစွာဖေးမပေးနိုင်တဲ့ စိတ်ချမ်းသာမှု အစစ်အမှန်ဖြင့် ဘ၀ကိုရပ်တည်နိုင်တဲ့ ခြေလှမ်းများကို ပိုင်ဆိုင်နိုင်ရပါစေလို့ ဆုတောင်းရင်း…၂၅…၂၆.. စတဲ့ ခြေလှမ်းများသို့ချီတတ်ဆဲပါ…………..။



Creative Commons License

Tuesday, January 27

လက်မထပ်မီVs လက်ထပ်ပြီးနောက်

လက်မထပ်မီ

သူ...... သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။

သူမ.... နင် နောင်တရမလား

သူ...... ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။

သူမ.... ငါ့ကို တကယ်ချစ်လား

သူ...... တကယ်ပေါ့။

သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား။

သူ...... အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။

သူမ.... ငါ့ကို တစ်ခါလောက် နမ်းပါလား။

သူ...... အင်း.. တစ်ခါထက်ကို မကဘူး။

သူမ.... ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။

သူ...... လုံးဝ မဖြစ်နိုင်တာ

သူမ.... ငါ နင့်ကို ယုံရမလား...

လက်ထပ်ပြီးနောက်

စာကို အောက်မှ အထက်သို့ တစ်ခေါက်ပြန်ဖတ်ပါ။

*
ဒီနေ့ ဂျီတော့လ်မှာချက်နေရင်း သူငယ်ချင်းတစ်ယောက်က ပေးလို့ အရမ်းသဘောကျမိပီး တစ်ယောက်တည်း ရီရတာ အားမရတာနဲ့ သူငယ်ချင်းတို့ဖတ်ဖို့ တင်ပေးလိုက်တာပါ...။ ရေးသားမူလအစကတော့ ဘယ်သူမှန်းမသိပါဘူး...။း) အနော်တော့ အတော်ကို အူတတ်နေတ.ယ်ရီလိုက်ရတာ တစ်ချို့လည်း သိပြီးသားဖြစ်ပါလိမ့်မယ်...။ သိပီးသားသူတွေလည်း ထပ်ဖတ်သွားနော်.............း)။
Creative Commons License

Monday, January 26

အစွမ်းဝေတဲ့ ပန်းခရေ

အစွမ်းဝေတဲ့ ပန်းခရေ


StarFlowers

ခရေပန်းသည် ထူးခြားသော ဂမ္ဘီရပန်းဖြစ်ပါသည်။ မြန်မာ့ရိုးရာဗေဒင်ပညာတွင် “ခရေ” သည် တနင်္လာနှင့် ရာဟုနံများ ပေါင်းစပ်ထားသော ပန်းဖြစ်သည်။ သောမဂြိုဟ် (၄)ခု မှ နောက်ဆုံးဖြစ်သော ရာဟုတို့ ပေါင်းစပ် ထားသော ပန်းဖြစ်သည်။ အလွန်ထူးခြားသော ပေါင်းစပ်မှု ဖြစပေသည်။ တနင်္လာဂြိုဟ်သက် (၁၅)နှစ် ရှိသည်။ ရာဟုဂြိုဟ်သက် (၁၂)နှစ်ရှိသည်။ ထို့ကြောင့် ခရေပန်းကို ဗေဒင်ပညာအရ လေ့လာသော် (ခ) တနင်္လာနံ (သောမ) ဂြိုဟ်သက် ၁၅ နှစ် (ရေ) ရ ရာဟု (ပါပ) ဂြိုဟ်သက် ၁၂ နှစ် ခရေကို ဂြိုလ်သက် ၂ ခုပေါင်းစပ်ပါက (၁၅+၁၂=၂၇) ရသည်။ (၂၇=၂+၇=၉) ရသည်ကို မြန်မာဗေဒင်လောကတွင် သတ္တဗီသကြေသည်ဟု ဆိုသည်။ သတ္တဗီသကြေက စိတ်ဖြစ်စေပြီး ပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်း၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းမှ လွတ်ကင်းခြင်းကြုံမည်။ စီးပွါးပွင့်၊ ဥာဏ်ပွင့်၊ ကံပွင့်၊ လာဘ်ပွင့် ဖြစ်ပေါ်စေမည်။

ခရေပန်းသည် သတ္တဗီသကြေသည့် ပန်းဖြစ်သည်။ လူသားတို့အား အလွန်အကျိုးပြုပြီး ကောင်းခြင်း မင်္ဂလာ အဖြာဖြာကို ဖြစ်ထွန်းစေသည်။ ထူးခြားသော ခရေရနံ့သည် အခြားသော ပန်းရနံ့နှင့်မတူ ခြားနားသော သဘောရှိပါသည်။ ရှေးအခါက ကာလသားမျာသည်။ လရောင်အောက်မှ ကောက်ယူရရှိသော ခရေဖူး (၂၇)ဖူးကို သီကုံး၍ မိမိနှစ်သက်ပိုးပန်းသော ကာလသမီးကို လက်ဆောင်ပေးပါက သူမမှမေတ္တာတုံ့ပြန်မည်ဟု ယူဆသည်။

ခရေ (၂၇)ပွင့်စီ သီကုံးထားသော ပန်းကုံးသုံးကုံးကို “ဆိုင်ရှေ့တွင်ဖြစ်စေ၊ ချိန်ခွင်တွင်ဖြစ်စေ ချိတ်ဆွဲထားပါက ရောင်းပန်းဝယ်ပန်း အလွန်ပွင့်မည်” အရောင်းအဝယ် လုပ်၍အဆင်ပြေရောင်းကောင်းမည်။ ခရေပန်းသာမက ခရေရွက်သည်လည်း ထူးခြားသောဓါတ်ရှိသည်။ ကြေးခွက် တစ်ခုအတွင်း ကောက်ရိုးခင်း၍ ကောက်ရိုးပေါ်တွင် ခရေရွက် (၂၇) ရွက်ကို ခင်းပါ။ ၄င်းနောက် ခေါင်းလောင်းငယ်တစ်ခုကို ခရေရွက်ပေါ်တွင် တင်ထားပါ။ အရောင်းအဝယ် ပြုသောဆိုင်များတွင် အထက်ပါအတိုင်းထား၍ မကြာခဏ ခေါင်းလောင်းကို လှုပ်ခါပေးပါ။ ငွေရကိန်း ငွေဝင်ကိန်း အထူးကောင်းသော အနေအထား ကြုံမည်။

ကလပ်ပေါ်တွင် ခရေညွန့်တင်၍ ဘုရားစင်ရှေ့တွင် ကပ်လှူထားခြင်းဖြင့်လည်း ထူးထူးခြားခြား လာဘ်ပွင့်စေသည်။ စာကြည့်သောအခါတွင် ခရေသားနှင့်ပြုလုပ်ထားသော ပုတီးကိုဆောင်၍စာကြည့်ကလည်းကောင်း၊ ခရေပန်းကို မိမိစာကြည့်သောနေရာ ဝန်းကျင်၌ ထား၍ ကြည့်ပါက လည်းကောင်း စာရလွယ်ခြင်း ရသောစာများ မမေ့မလျော့ဘဲ ရှိမည်။

အဆင်မပြေကြသော ချစ်သူများအတွက် ခရေသည် ထူးခြားသော ဓါတ်ပန်းဖြစ်သည်။ ခရေပန်းခြောက် ၉ ပွင့်ကို ချစ်သူ၏ဓါတ်ပုံပေါ်တွင် တင်၍ထားပါ။ ၄င်းနောက် ခရေပန်းခြောက် ၉ ပွင့်ကို စီးဆင်းနေသော ရေတွင်မျောပါ။ သိသာထင်ရှားစွာ အချစ်ရေးကိစ္စ အဆင်ပြေပါမည်။

ခရေပန်းခြောက်ကို သနပ်ခါးနှင့် ရော၍လိမ်းပါက အလွန်မျက်နှာပွင့်မည် ဖြစ်သည်။ ပီယဓါတ်ကောင်းမည်။ ပြည်ပခရီးသွားရန် ကြံစည် ထားပြီးနောက် အခက်အခဲ ကြုံတွေ့နေသောသူများအတွက် ခရေ ၃ ညွန့်နှင့် သပြေ ၃ ညွန့်တွဲ၍ ဘုရားကပ်လှူပါ။ ၄င်းနောက် ခရေ ၁ ညွန့်ကကို ပြန်စွန့်၍ ၄င်းခရေညွန့်မှ ခရေရွက် ၉ ရွက်ကို ယူ၍ဆောင်ကာ ခရီးကိစ္စကြံစည်ပါက လိုရာပြည့်စုံ အဆင်ပြေမည်။

ဖိုးဝ မဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ ဘာရယ်မဟုတ်ပဲ ဖတ်လိုက်ရတဲ့ ပို့စ်တစ်ခုလေးကို မျှဝေလိုက်ခြင်းပါ..။ ပန်းခရေ အကြောင်းလေး ရေးထားတော့ စိတ်ဝင်စားမိတာနဲ့ ဗဟုသုတရစေဖို့ ပြန်လည်မျှဝေခံစားလိုက်ခြင်းပါ...။


Creative Commons License
by is licensed under a Creative Commons Attribution 3.0 United States License.

Friday, January 23

HAPPY BIRTHDAY !!!!!!!!!!!!

ဒီနေ့မနက်အစောကြီးမှာ ပေခရမ်းရဲ့ ချစ်လှစွာသော မိအိမ်လေးတစ်ယောက်ရဲ့ ၂၄နှစ်မြောက် မွေးနေ့ဆိုတဲ့ အသိနဲ့မျက်လုံးနှစ်လုံးကို စဖွင့်မိတယ်...။ မျက်လုံးနှစ်လုံး အပွင့်မှာပဲ သူနဲ့တူတူနေခဲ့ရတဲ့ အချိန်လေးတွေကို ပြန်သတိရမိတယ်..။ အနော်တို့ဘယ်လောက်ထိ တစ်ယောက်ကိုတစ်ယောက်ချစ်မိကြလဲဆိုရင်... ၂၀၀၄ ၃လပိုင်း ကတည်းက စတွေ့ပြီး တူတူခင်လာခဲ့တဲ့သူငယ်ချင်းတွေ ခုဆို ၄နှစ်ကျော်လာပြီး...ခုချိန်ထိ သူနဲ့ကျနော်က မခွဲရသေးပါဘူး..။ သူနဲ့အနော်ရဲ့ ရေစက်က ဘယ်လောက်ထိများပါလဲဆိုရင်...အလုပ်မှာ တူတူလုပ်ရတယ်....တိုက်ခန်းရတော့လည်း တူတူရတယ်...။ တစ်ယောက်ခံစားချက်ကို တစ်ယောက်ကနားလည် ပေးရင်း ရင်ဖွင့်တိုင်ပင်ရင်း အနော်တို့ရဲ့ နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တယ်....။ သူနဲ့အနော်ဟာ ဘယ်လောက်ပဲစိတ်ဆိုးစရာတွေ့တွေ့ ကြာကြာစိတ်မဆိုးနိုင်ခဲ့ဘူး..။ ဘယ်လောက်ပဲ ဝေးကွာနေနေလည်း ချစ်နေကြဆဲပဲ.....။ သူ့အပေါ်ဘယ်လောက်ထိ အနော်သံယောဇဉ်ကြီးတယ်ဆိုတာ ကိုယ့်ကိုကိုယ်တောင် မသိခဲ့မိဘူး....။ သူ့အပေါ်အနိုင်ကျင့်တဲ့သူတွေအတွက် ကိုယ်က ကြားဝင်ရန်ဖြစ်ပေးဖူးတဲ့အထိ...သံယောစဉ် ထားခဲ့မိတယ်....။ ဒီနေ့မိုးလင်းအစောကတည်းက ဘတ်ဒေး ဆုတောင်း ပေးမလို့ မပေးနိုင်သေးဘူး...။ သူဟိုဘက်ရုံးရောက်နေလို့ ဒီဘက်က နေ လှမ်းလုပ်မယ်ဆိုပြီး ဖုန်းဆက်ပြန်တော့ ဖုန်းကမအားဘူး ...။ ဖုန်းအားပြန်တော့ အစုတ်ပလုတ်မလေးက ချက်ချင်းမကိုင်ပဲ လူကြုံနဲ့တစ်ဆင့်မေးနေသေးတယ်...။ ဟတ်ပီဘတ်ဒေးလုပ်ဖို့အရေး ကြာလိုက်တာ ...လာကိုင်တော့ပြောသွားတာ...သူ့အရေးကြီးပါစန်က ပြောနေလို့တဲ့ ...ဟင့် ၀မ်းနည်းလိုက်တာနော်....။ ရင်ထဲမှာ ၀မ်းနည်းသွားတယ်..။ ပထမတော့ အများကြီးရေးမလို့ပဲ ... အစုတ်ပလုတ်မလေးကို စိတ်တိုလို့ ဒီလောက်ပဲရေးတော့မယ်...။ လက်ဆောင်လည်း ကောင်းကောင်းပေးတော့ဝူးးးးးးးးး...။ ချိတ်ချိုးသွားပီ...။း(



ဒါလေးက အစုတ်ပလုတ်မလေး အပြင်သွားရင် စီးဖို့ (နာလည်း တတ်နိုင်သေလောက်လေး ပေးရတာ ) နောက်မှ အသစ်ထပ်ဝယ်ပေးမယ်.. ခုတော့ဒါပဲစီးထား....း)

ဒါလေးကတော့ အစုတ်ပလုတ်မလေး အရေးကြီးပါစန်နဲ့ စကားပြောတဲ့အခါမှာ သုံးဖို့ ...နာက hp ပဲကြိုက်တော့ ညည်းကိုလည်း ဒါပဲပေးမယ်...(အလကားရတိုင်းပေးနေတာ..ဟိဟိ)

ဒါလေးက ညည်း အရေးကြီးပါစန်ဖုန်းလာရင် ဆက်ဖို့... ဟဲ့ ငါခေါ်တဲ့အချိန်ဖုန်းအားပါစေနော်။ဟိဟိ
အလကားရတိုင်း ထိုင်ပေးနေလိုက်တာ မောတောင်မောသွားပြီ...ဟီးး..။ တော်ပြီး ပေးတော့ဝူးး ချိတ်ချိုးလို့ ဒီလောက်ပဲ ပေးတော့မယ်...။
အစုတ်ပလုတ်မလေး....ဒီနေ့ 23.1.2009 မှာ ကျရောက်တဲ့ ၂၄နှစ်ပြည့်မွေးနေ့ကစပြီး.... ပျော်ရွှင်မှုအစစ်အမှန်ဖြင့် ဘ၀ကို ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။ ၆ရက်ပဲကြီးတဲ့ သူငယ်ချင်းလေး ပျော်ရွှင်ပါစေ.........။

Print this post (စာထုတ်ယူရန်)

Creative Commons License

Monday, January 19

မြူမှုန်လေး တစ်မှုန်......


ငါဟာ…..

လေနှင်ရာ လူးလွင့်နေတဲ့

ငှက်တစ်ကောင်လို

ပျံသန်းချင်ရာ ပျံသန်း

ပျော်ပါးချင်ရာ ပျော်ပါး

အတောင်ညောင်းချိန်

ခဏတာ ပြန်လာနားခိုရာဖြစ်တဲ့

မင်းရဲ့ သစ်ပင်အိုမှ မဟုတ်တာလေ….။


ငါဟာ…..

လေပြေနဲ့အတူ

ကျီ်စယ် ဆော့ကစားခံရပြီး

မုန်တိုင်းဝင်မွှေ့ခံရတဲ့

မင်းရဲ့ ကမ်းနားသစ်ပင်မှ မဟုတ်တာလေ…။


ငါဟာ…..

မင်းရွှေ့ကစားချင်တိုင်းကစား

ထားချင်တိုင်းထားခံရတဲ့

နယ်ရုပ်လေး တစ်ရုပ်မှ မဟုတ်တာလေ…။


တစ်ကယ်တော့

နင်ဟာ……

င့ါဘ၀ရဲ့ အရေးမပါတဲ့

အစိတ်အပိုင်းတွေထဲက

မြူမှုန်လေးတစ်မှုန်မျှပါ…..။




Print this post (စာထုတ်ယူရန်)

Creative Commons License

Tuesday, January 13

ထပ်တူညီမှုမရှိတဲ့ ညီမျှခြင်း….....

လောကကြီးမှာ ထူးဆန်းမှု ဖြစ်ရပ်တွေအများကြီးရှိတယ်ဆိုတာ လက်တွေ့ တွေ့ကြုံလာရချိန်မှာ ထူးဆန်းအံ့သြစွာ လက်ခံခဲ့မိရတယ်…..။ ကျမဘ၀မှာ ဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်အချိန်ကမှ မမျှော်လင့်ခဲ့မိပါဘူး…။ ဒီလိုအဖြစ်မျိုးကိုလည်း ကိုယ်တိုင် လက်တွေ့ ဆင်နွှဲရမယ်လို့လည်း တွေးမထားခဲ့မိပါဘူး….။ ကျမ ၀မ်းနည်းချိန်တိုင်း ၊ အားငယ်ချိန်တိုင်း ၊ ကျမ အတွက် အဆင်မပြေမှုများတွေ့ရချိန်တိုင်း ဘေးနားကနေ နားလည်လက်ခံပေးခဲ့တဲ့ သူ့ကို ဘာကြောင့် ကျမနိုင်စား မိခဲ့ပါလိမ့်…။ စိတ်ညစ်ချိန်တိုင်း ဖုန်းဆက်ပြီး နားဒုက္ခပေးတတ်တဲ့ ကျမကို ဘာကြောင့်များ မငြိုငြင်ခဲ့ရပါလိမ့်…။ ကျမခံစားမှုအားလုံးကို ကျမနဲ့အတူ ထပ်တူထပ်မျှ မျှဝေခံစား ပေးတတ်ခဲ့ပါလိမ့်….။ ကျမ မျက်ရည်တွေကို မမြင်ရက်တဲ့ သူ့စိတ်တွေ…. ကျမ ပျော်ရွှင်နေတာကိုပဲ အမြဲမြင်ချင်တတ်တဲ့ …သူ့စိတ်တွေ… ကျမပျော်ရွှင်စွာ ရယ်မောခြင်းကို ကြည့်ပြီး လိုက်လံပျော်ရွှင်တတ်တဲ့သူ့စိတ်တွေ…. ကျမဘာလုပ်လုပ် အကောင်းမြင်ပြီး.. ကျမဆိုးသမျှလက်ခံပေးတဲ့….နားလည်ပေးတတ်တဲ့..သူ့စိတ်တွေကို ကျမဘာကြောင့် မဖတ်တတ်ခဲ့မိပါလိမ့်………။ကလေးလို့ ခေါ်တတ်တဲ့ သူ့စကားသံလေးတွေကိုလည်း နူးညံ့တယ် လို့ထင်ခဲ့မိတယ်……။ ကျမဖုန်းခေါ်လိုက်တိုင်း ကျေးဇူးတင်ပါတယ်အမြဲပြောတတ်တဲ့ သူ့ကို ဘာလို့ကျေဇူးတင်တာလဲမေးချိန်တိုင်း အရမ်းသတိရချိန်မှာ ဖုန်းခေါ်ပြီး အသံလေးကြား ခွင့်ရတဲ့ အတွက်..ပျော်ရွှင်ကျေးဇူးတင်ရပါတယ်တဲ့…။ ကျမတို့တွေ့ဆုံမှုက သာမာန်ခင်မင်မှုမိတ်ဆွေပါ..။ ကျမချစ်သူရဲ့ သူငယ်ချင်းဖြစ်တဲ့သူ့ကို ခင်မင်ခဲ့မိတယ်…။ ဘာမှမထူးဆန်းပဲ သာမန်ခင်မင်ကြတဲ့ မိတ်ဆွေဟာ တစ်ချိန်မှာ အရမ်းကိုနားလည်ပေးတတ်တဲ့ သူဖြစ်လာမယ်လို့ မထင်မှတ်ခဲ့မိပါ ဘူးး…။ ကျမကိုက မှားယွင်းခဲ့တာလား ကံကြမ္မာကိုက မှားယွင်းခဲ့တာလားမသိပေမယ့်… လွန်စွာ ရိုးသားအေးဆေးတဲ့ သူ့ဘ၀လေးကို ကျမက ၀င်ရောက် နှောက်ယှက်မိခဲ့ပါသတဲ့….။

ဘယ်လိုမှ ထင်မှတ်မထားချိန်မှာ သူကိုယ်တိုင်မြိုသိပ်ထားတဲ့ကြားထဲက "ကလေးကို… ချစ်တယ် "

ဆိုတဲ့စကားသံအောက်မှာ သူရောကျမပါ နစ်မြုပ်သွားခဲ့ကြတယ်…။ လောကမှာချစ်တယ်ဆိုတဲ့ စကားလုံးဟာ လွန်စွာကိုလေးနက်ပါတယ်…။ အရမ်းကိုလေးနက်တဲ့အချစ်ဆိုတဲ့ အရာနဲ့ သူကကျမကိုကိုမြင်မြင်ချင်းပဲ ချစ်ခဲ့မိတယ်..။ မြင်မြင်ချင်းချစ်စေနိုင်မယ့် ရုပ်ရည်မျိုးကို မပိုင်ဆိုင်တဲ့ ကျမကို ချစ် ခဲ တဲ့ သူက ချစ်ခဲ့မိတယ်ဆိုတာကို သူကိုယ်တိုင်လည်း အံ့သြရသလို ကျမကိုယ်တိုင်လည်း နားမလည်နိုင်ခဲ့ပါဘူး…။ ကျမ ရင်ဖွင့်တိုင်ပင်နေကြ ဖွင့်ဟ ငိုကြွေးနေကြ သက်ရှိဒိုင်ယာရီလေးက ကျမကို အားပေးခွန်အားတွေပေးရင်…သံယောစဉ်တွယ်မိလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…။ ကျမမှာ ချစ်ရတဲ့ချစ်သူရှိသလို..ကျမသူ့ကိုမချစ်မှန်းလည်း သူသိခဲ့ပါတယ်..။ ကျမရဲ့ ခင်မင်မှုတွေဟာ သူ့ကိုမှားယွင်းစွာ ဒုက္ခပေးခဲ့မှန်းသိရင်… ကျမ မခင်မင်ခဲ့မိပါဘူး…။ ခုချိန်မှာ ခံစားချက်တွေအလယ်မှာ ရူးသွပ်နေတဲ့သူ့ကို ကျမ ပျက်ရယ်မပြုရက်သလို.. အားမပေးချင်ခဲ့ဘူး…။ ချစ်သူရှိမှန်းသိတဲ့ ကျမကိုချစ်ခဲ့မိတဲ့သူ့ကို လူမှုရေးဖောက်ပြန်တယ်လို့ အပြစ်ဆိုရမလား…ချစ်သူရှိတဲ့မိန်းမတစ်ယောက်ရဲ့ အနေအထိုင် မဆင်ခြင်မှုလို့ စွပ်စွဲရမလား…။ ကျမ မဝေခွဲတတ်ခဲ့ပါဘူး…။ ကျမကို ချစ်တယ်ဆိုတဲ့ သူ့အချစ်တွေကို ခံစားတတ်တဲ့ ကျမ နှလုံးသားကို ဒဏ်ခတ်ရမလား…။ သူနာကျင်စွာ ငိုကြွေးမှုကို ဖေးမစွာ မျက်ရည်ကူသုတ်ပေးရ မလား…။ ကျမကိုချစ်တယ်ဆိုတဲ့သူ့အချစ်ကို ကျမ နားလည်ပေးခွင့်ရှိလား…။ ကျမ သူ့ကို အပြစ်မယူ မမုန်းနိုင်ခဲ့တာကရော ကျမအပြစ်တွေပဲလား…။ သူ့အချစ်ကို လက်မခံပေမယ့် ပယ်မချပြစ်ရက်ခဲ့တာကရော…ကံကြမ္မာရဲ့လှည့်ကွက်ပဲလား…။ သူ့အတွက် ကျမဘက်က ပြန်လည်ဖြည့်ဆည်းမှုကို မမျှော်လင့်ခဲ့ပေမယ့်… တိတ်ဆိတ်စွာ ၀မ်းနည်းခံစားတတ်တဲ့သူ့ကို ကျမချစ်သူအကြောင်းပြောပြချိန်တိုင်း ထိခိုက်ခံစားရတဲ့သူ့ကို သနားမိသွားတာရော ကျမအပြစ် တွေပဲလား…။ အရာအားလုံးမှားယွင်းသလားဆိုတာကို မဝေခွဲတတ်ပေမယ့် တစ်ခါတစ်ရံမှာ… ဦးနှောက်က မဖြစ်သင့်ဘူး…မဖြစ်နိုင်ဘူး ထိန်းချုပ်ထားပေမယ့်… နှလုံးသားနဲ့ စိတ်ခံစားမှုကို မလွန်ဆန်နိုင်တဲ့…ရက်စက်လွန်းတဲ့ကံကြမ္မာရဲ့ လှည့်ကွက်အလည်မှာ… အပြစ်ကင်းစင်တဲ့ နှလုံးသာတစ်စုံကိုစတေးခဲ့ရတဲ့ …. သေရာပါ ဒဏ်ရာအလွမ်းကို မျက်ကွယ်ပြုရတဲ့ အခါတွေလည်း ရှိတတ်ကြတယ်…။ ဘာကြောင့် လောကကြီးမှာ ညီမျှခြင်းတွေ လွဲချော်နေခဲ့ရတာပါလဲ…။ ကျမအပေါ်မှာ မငဲ့ကွက်…ဆိုးချင်တိုင်းဆိုး…နိုင်ချင်တိုင်းနိုင်.. ကျမခံစားချက်တွေကို လျစ်လျှူရှု တတ်တဲ့ ယောက်ကျားတစ်ယောက်အပေါ်မှာ သေမလောက်ချစ်မိပေးဆပ်နားလည်ပေးနေပြီး… ကျမအပေါ်မှာ အနွံတာခံ ၊ ကောင်းဆိုးမှန်သမျှနားလည်လက်ခံပေး၊ လေးနက်စွာ ဦးစားပေးတတ်တဲ့ အချစ်ဆိုတာကို လက်တွေ့ပုံဖော်ပေးပြီး… အရာအားလုံးမျှဝေခံစားပေးတဲ့ ယောက်ကျားတစ်ယောက်ကိုကျတော့ ဘာကြောင့် ပြန်လည်ချစ်ခွင့်မရခဲ့ပါသလဲ…။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဖြစ်နေတာတွေအားလုံး ဘာကြောင့်များ တစ်ထပ်တည်း မကျခဲ့ပါသလဲ…။ အချစ်ဆိုတဲ့ ပုစ္ဆာမှာ ဘာကြောင့် ညီမျှခြင်းချမရခဲ့တာပါလဲ…။ တစ်ကယ်တော့ အချစ်ဆိုတာ နားလည်ပေးမှု ၊ ပေးဆပ်ရယူမှု၊ ၀မ်းနည်းပျော်ရွှင်မှု ၊ ပူပင်အေးချမ်းမှု ၊ နာကျင်မှု စတဲ့ ခံစားချက်တွေကို ညှိယူပေးရတဲ့… ညှိယူရင်း..ထပ်တူညီမှုမရှိတဲ့…ညီမျှခြင်းတစ်ပုဒ်ပါ……….။ ဒီမညီမျှတဲ့ ညီမျှခြင်းတွေနဲ့အတူ…နှလုံးသားတစ်စုံကို လျစ်လျူရှုရင်း..နှလုံးသားတစ်စုံ အတွက် တစ်ဖက်သတ်နားလည်းခြင်းများနဲ့ ပေးဆပ်ချစ်နေတဲ့ နှလုံးသားတစ်စုံနဲ့အတူ ညီမျှခြင်းတွေ ချနေဆဲပါ….။



Print this post (စာထုတ်ယူရန်)

Creative Commons License

Sunday, January 4

ကျနော်နှင့် စိတ်ကူးယဉ်ခြင်းများ………

ကျနော်နှင့် စိတ်ကူးယဉ်ခြင်းများ………


ဒီခေါင်းစဉ်လေးကို ကိုကြီးအိမ်မက်နှင့် နီနီက တက်ခ်ထားပေမယ့် မအားလပ်တာ တစ်ကြောင်း… အရှုပ်တွေများနေတာကြောင့်တစ်ကြောင်း…အချိန်မီ မရေးပေးနိုင်ခဲ့ပါဘူး.။ နောက်ကျမှရေးပေးရပေမယ့် ခုချိန်ထိ စိတ်ကူးယဉ်ခြင်းတွေက မပြီးမြောက်သေးပါဘူး..။ လူတိုင်းလူတိုင်းမှာ စိတ်ကူးယဉ်အိမ်မက်ဆိုတာ ရှိကြမှာပါ..။ လူဆိုတာ မျှော်လင့်ခြင်း နဲ့ ရှင်သန်နေကြတာပါ…။ မျှော်လင့်ခြင်းမှာလည်း စိတ်ကူးယဉ်ခြင်းတွေ ပါဝင်နေတယ်..။ ဒီတော့ စိတ်ကူးယဉ်ခြင်းဆိုတာ မျှော်လင့်ခြင်းတစ်ခုလို့လည်း ဆိုလို့ရမယ်ထင်ပါတယ်..။ ကျနော်လည်း လူတစ်ယောက်ပဲလေ…။ မျှော်လင့်ခြင်းစိတ်ကူးတွေနဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်ပါ…။ ကျနော့်စိတ်ကူးယဉ်ခြင်းက လက်ရှိရနေတဲ့ ဘ၀ကိုလည်း ကျေနပ်သလို လိုချင်တပ်မက်ခြင်းတွေလည်း ရှိပါသေးတယ်…။ လက်ရှိ ဘ၀မှာ မပိုင်ဆိုင်ရတဲ့ အရာတွေ အားလုံးဟာ စိတ်ကူးယဉ်ခြင်းဘက်ကို အလိုလိုရောက်သွားခဲ့တယ်….။


စိတ်ကူးယဉ်ခြင်းတွေသိပ်များတဲ့အခါ … ဖြစ်ချင်မှုတွေ ပိုများလာတယ်…။ ဖြစ်ချင်မှုတွေ များလာတော့ မျှော်လင့်ခြင်းတွေ ပိုလာတယ်…။ မျှော်လင့်သလိုဖြစ်မလာတော့ စိတ်ဓာတ်တွေလည်း ကျခဲ့ရတယ်..။ စိတ်ဆင်းရဲမှုတွေလည်း ဖြစ်ခဲ့ရတယ်…။ စိတ်ကူးနဲ့ လက်တွေ့တစ်ထပ်တည်းမကျတဲ့အခါမှာလည်း ဘ၀ဟာ နာကျင်ခဲ့ရတယ်…။ ဒါပေမယ့် လည်း ခုချိန်ထိ စိတ်ကူးယဉ်ဆဲပါပဲ…။ ဘယ်လောက်ထိ စိတ်ကူးယဉ်လည်းဆိုရင် ဖြစ်နိုင်တာ မဖြစ်နိုင်တာအားလုံးကိုလည်းစိတ်ကူးယဉ်တယ်…။ ဖြစ်လာတာမဖြစ်လာတာ အပထား စိတ်ကူးယဉ်ဖို့တာဝန်က ကို့တာဝန်တစ်ရပ်လိုကို ခံယူမိနေတယ်..။


ကမ္ဘာကျော် စာရေးဆရာမ တစ်ယောက်လည်း ဖြစ်ချင်တယ်..။ ကမ္ဘာကျော် အလှမယ်လည်း ဖြစ်ချင်တယ်..။ ကမ္ဘာကျော်.. စီးပွားရေးပညာရှင် တစ်ယောက်လည်းဖြစ်ချင်တယ်..။ ကမ္ဘာကျော် အရေးပါအရာရောက်သူ တစ်ယောက်လည်း ဖြစ်ချင်တယ်…။ ဖြစ်နိုင်ရင်…ကမ္ဘာကိုတောင် အုပ်ချုပ်စိုးမိုးချင်တယ်..။ နိုင်ငံကျော်လောက်ကိုတောင် စိတ်ကူးမယဉ်မိဘူး…။ အဲဒီလောက်ထိ ကျနော့် စိတ်ကူးယဉ် မှုတွေက ရူးသွပ်တာပါ…။ ဒီလို စိတ်ကူးတွေယဉ်ပေမယ့် ဖြစ်လာတဲ့ လက်တွေ့ဘ၀နဲ့ တစ်ထပ်တည်း မကျတဲ့အချိန်မှာတော့… စိတ်ကူးယဉ်မှုတွေက အနည်း ငယ် လက်တွေ့ဆန်လာတယ်…။ လက်တွေ့ဘ၀နဲ့ သိပ်မကွာဟတဲ့ စိတ်ကူးယဉ်မှုကို စိတ်ကူး ယဉ်လာတယ်…။ ကျနော့်စိတ်ကူးယဉ်ခြင်းတွေက


စီးပွားရေးနယ်ပယ်…………..

စီးပွားရေးနယ်ပယ်မှာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်ချင်မိတယ်…။ ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာတွေ .. ကွန်ပျူတာပိုင်း ဆိုင်ရာလိုအပ်ချက်တွေ… ပြည်သူတွေက အားကိုးယုံကြည်ရတဲ့ Computer Technology Group တစ်ခုကို ဦးဆောင်နိုင်တဲ့ မိန်းမဖြစ်ချင်တယ်…………။


လူမှုရေးနယ်ပယ်………

လူမှုရေးနယ်ပယ်မှာလည်း အောင်မြင်ကျော်ကြားတဲ့ လူမှုရေးပိုင်းဆိုင်ရာမှာ အများနဲ့မတူ တစ်မူထူးခြားစွာ…လူတိုင်းရဲ့ ရင်ထဲက လေးနက်စွာ ခင်မင်နှစ်လိုခြင်း ကိုလည်း ရယူပိုင်ဆိုင်ချင်တယ်…။ ပန်းခရေဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ လူတိုင်းရင်ထဲမှာ စိတ်ချမ်းသာခြင်းနဲ့ ရင်းနှီးစွာ နွေးထွေးခုံမင်စွာ…လှိုက်လှဲပျူငှာစွာ….ပေါင်းသင်းဆက်ဆံ ခံရတဲ့ … သူဖြစ်ချင်တယ်..။ ပန်းခရေ ပတ်ဝန်းကျင်က လူသားတိုင်းရဲ့ စိတ်ဟာလည်း ကြည်လင်ရိုးသားတဲ့ ဖြူစင်သူတွေ…အလုပ်မှာလည်း မတွယ်ကပ်… မနာလိုစိတ်မထားတတ်တဲ့ … သူတစ်ပါးအပေါ် ချောက်မချတတ်တဲ့… သူတစ်ပါး အောင်မြင်ခြင်းကို နှစ်လို အားရစွာ ကျေနပ်သူတွေ… စိတ်ထားမြင့်မြတ်သူတွေ သာ ရှိတဲ့ လူတွေကိုလည်း ပိုင်ဆိုင်ချင်သေးတယ်…။ ဒါပေမယ့် လူတွေစိတ်ကိုက အမျိုးမျိုး ဖြစ်ရမယ်..စိတ်ထားမဖြောင့်သူ…မရိုးသားသူ.. ယုတ်မာ ရိုင်းဆိုင်းသူ… ကိုယ်ကျင့်တရား ပျက်ပြားသူ… တစ်ကိုယ်ကောင်းဆန်သူ … စတဲ့ စိတ်အမျိုးမျိုး ပိုင်ဆိုင်ထားကြတယ်..။ ဒီလိုစိတ်အမျိုးအမျိုးနဲ့ ရှင်သန်နေကြတဲ့သူအားလုံးဟာ..ပန်းခရေနဲ့ ပေါင်းသင်းဆက်ဆံချိန်မှာ ဖြူစင်ရိုးသားမှုတွေသာ ကြီးစိုးတဲ့ စိတ်ထားများအဖြစ် ပြောင်းလဲနိုင်တဲ့ လူမှုရေးကျွမ်းကျင်သူ တစ်ယောက်ဖြစ်ချင်တယ်………..။


ကျန်းမာရေး……..

ငယ်ငယ်ကတည်းက ချူချာတတ်ပြီး အကြမ်းမခံတဲ့ ပန်းခရေထက်… ကျန်းမာရေး ဒေါင်ဒေါင်မြည်စွာ… ရောဂါကင်းရှင်းပြီး… စိတ်ကြည်လင်လန်းဆန်းတဲ့ ပန်းခရေဖြစ်ချင်တယ်……..။ ကျန်းမာတဲ့လူတစ်ယောက်ဟာ ဘယ်အရာကိုမဆို စွမ်းဆောင် နိုင်တယ်ဆိုတဲ့….စကားအတိုင်း ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်..။


အချစ်ရေးနယ်ပယ်……….

အချစ်ရေးမှာ အောင်မြင်တဲ့ သူဖြစ်ချင်မိတယ်..။ ကိုယ်ကပေးသလောက် ကိုယ့်ကို ပြန်ပေးတဲ့ ကိုယ်ပေးထားတဲ့ မေတ္တာချစ်ခြင်းကို အလေးအနက်ထား ပျက်ရယ်မပြုတဲ့… တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးရင်း…နားလည်ခြင်းများမှာလည်း တစ်ယောက်ကိုတစ်ယောက် ငဲ့ညာစွာ နားလည်တတ်တဲ့…အချစ်ကြောင့်ရလာတဲ့ ပူဆွေးလောင်မြိုက်ခြင်းတွေ…ရင်နာခံစားရခြင်းတွေ… နာကျင်ဝမ်းနည်းမှုတွေ..ကင်းတဲ့ ချစ်ခြင်းနဲ့…. အေးမြတဲ့ မေတ္တာချစ်ခြင်းများသာ ပျော်ဝင်တဲ့ အချစ်စစ်စစ်ကို ရချင်မိတယ်..။ ပေးဆပ်ချစ်ခြင်း…ရယူချစ်ခြင်းကင်းတဲ့….ဆုံဆည်းရခြင်း ချစ်ခြင်းသာ ပိုင်ဆိုင်ချင်တယ်………။


ဘ၀……….

ပန်းခရေရဲ့ ဘ၀ဟာ..အေးချမ်းတည်ငြိမ်ပြီး….ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ဘ၀ကိုပိုင်ဆိုင်ချင်တယ်………။ မာန်မာနကင်း…ပူပင်လောင်မြိုက်ခြင်းကင်း… လိုချင်တပ်မက်ခြင်းကင်း……..လောဘ ဒေါသ နည်းခြင်း….၀န်တိုခြင်းကင်း…အသိစိတ်မြင့် မားခြင်းနဲ့ စိတ်ဓာတ်မြင့်မားတဲ့ ဘ၀ကို ပိုင်ဆိုင်ချင်တယ်..။

ဒါလေးကတော့ လူသားတစ်ယောက်ဖြစ်တဲ့ ပန်းခရေရဲ့ ….စိတ်ကူးယဉ်ခြင်းလေးပါ..။ ဒီစိတ်ကူးယဉ်မှုမှာလည်း မျှော်လင့်ခြင်းတွေ ….ဖြစ်ချင်မှုတွေ… ရောပြွမ်းနေပါတယ်….။ ဒီလိုစိတ်ကူးယဉ်ရင်းနဲ့ပဲ….ဘ၀ကို အေးချမ်းစွာ နဲ့ ပျော်ရွှင်မှု အစစ်အမှန်ဖြင့် ဖြတ်သန်းနိုင်ရပါစေ……..လို့ ဆုတောင်းရင်း…………….စိတ်ကူးယဉ်နေဆဲပါ………..။



Print this post (စာထုတ်ယူရန်)

Creative Commons License
Related Posts Plugin for WordPress, Blogger...