Sunday, December 21

ချစ်ခြင်းသံစဉ်....


ကဗျာမဆန်ကာရံမညီ
တုတ်ထိုးအိုးပေါက်
စကားလုံးတွေကိုလည်း
ချစ်တယ်...။

အပိုမသုံး အရိုးဆုံးနဲ့
ရင်ထဲရှိတိုင်း ဖော်ပြတတ်တဲ့
အမူအယာကိုလည်း
ချစ်တယ်...။

ညအိပ်ချိန်တိုင်း
ဖုန်းသံနဲ့အတူ ကြားရတဲ့
အသက်ရှူသံလေးကိုလည်း
ချစ်တယ်..........။

မညာတတ်ညာတတ်နဲ့
လိမ်ညာတတ်တဲ့
အကျင့်ကိုလည်း
မနှစ်မြို့မိပေမယ့်
အပြစ်မမူပဲ
ချစ်တယ်....။

လူကြီးပီသစွာ
ကလေးမဆန်ပဲ
ချွဲနွဲ့တတ်တဲ့
အသံလေးကိုလည်း ညိတွယ်
ချစ်တယ်...။

နာကျင်အောင်
အမြဲလုပ်တတ်ပေမယ့်
ခဏတာနာကျင်မိရင်း
ကလေးတစ်ယောက်လို
ဖြူစင်စွာ ပြုံးပြတတ်တဲ့
အပြုံးလေးတွေကိုလည်း
ချစ်တယ်............။

စိတ်ဆိုးအောင်အမြဲစပြီး
ညီမလေး စိတ်ဆိုးတာ
ချစ်စရာအရမ်းကောင်းတယ်ဆိုတဲ့
စကားသံမှာလည်း
မြတ်နိုးပျော်ဝင်စွာ
ချစ်တယ်....။


ဒီလို ဒီလိုနဲ့ပဲ
ခွန်အားတွေ မာနတွေ
ချစ်ခြင်း၌ပျော်ဝင်
ချစ်ခြင်း သံစဉ်တွေ ဖြစ်ကုန်ပါပေါ့.......။







Print this post (စာထုတ်ယူရန်)

Creative Commons License

Saturday, December 20

*စိန်* စီသောလမ်းမှ ကညာပျို *မမ*

အို…
လှမ်းလို့မျှော်လိုက်တော့
သတ္တ၀ါတို့ လျှောက်ရမည့်လမ်း
မတွေးတော့ဘူး။

မမ
လည်း လျှောက်နေတယ်
လမ်းမှာ ကျောက်ခဲလေးတွေအများကြီး
အစုံအညီ ပလုံစီလို့
လောကဓံကို သည်းခံရင်း။

တွေးလိုက်မိတယ်
တန်ဖိုးအသီးသီး
ရှုမငြီးဖွယ်
ကျောက်ခဲလေးတွေနဲ့
ဆက်စပ် ပတ်သတ်ပြီး။

စိန်
သူကတော့
တန်ဖိုးအရှိဆုံး
အမာဆုံး
အလှဆုံး
အရောင်တလက်လက်နဲ့
မှတ်ကျောက် အတင်ခံနိုင်ဆုံး
လူသားတွေကို
အလှဆင်မှု
အကျိုးအပြုဆုံး
-------- ဆုံး
-------- ဆုံး။

မမ
လျှောက်နေရင်း
လှမ်းနေရင်း
ဘ၀ခရီးကို ချီတက်နေရင်း
သုံးသပ် ဆုံးဖြတ်
အားတင်းလိုက်ပြီ
ဆက်လျှောက်…
စိန်စီသောလမ်းဆီ…။ ။

သူငယ်ချင်း ပန်းခရေအတွက် ရည်ရွယ်ပြီး ရေးစပ်လိုက်ခြင်းပါ။
အားလုံးသော မိတ်ဆွေတို့လည်း စိန်စီသောလမ်းဆီသို့ ချီတက်နိုင်ကြပါစေလို့…

လေးစားစွာဖြင့်
ဖိုးသား

ဖိုးသားရေ ...ခုလို ကဗျာမဆန် ကာရန်မညီတဲ့ အနော့်နာမည်ကို ကဗျာတစ်ပုဒ်ဖြစ်အောင် စပ်ပေးတဲ့ အတွက် ကျေးဇူးလည်းတင်မိတယ် ....။ ကဗျာထဲက စာသားလေးတွေကလည်း အားဖြစ်စေတယ်...။ ဖိုးသားစပ်ပေးတဲ့ ကဗျာလေးကို သူငယ်ချင်းတွေကို မျှဝေပေးလိုက်ပါတယ်...။ အားလုံးပဲပျော်ရွှင်ကြပါစေ...။


ပန်းခရေ
Print this post (စာထုတ်ယူရန်)

Creative Commons License

Friday, December 12

ရင်ဘတ်နွံထဲ နစ်ဝင်နေတဲ့ ကဗျာလေးများ


တစ်ရက် ကိုအိမ်မက်နဲ့ စကားပြောဖြစ်ရင်း...အစ်ကို့ဆီအသစ်ရှိသေးလား မေးမိတော့ တက်ခ် ထားတဲ့ပို့စ်လေးတွေရှိတယ်လို့ပြန်ပြောတဲ့အစ်ကိုကို အနော်ကတော့ တက်ခ်တွေသိပ်မလုပ်ဖြစ်ဘူး ဘယ်သူမှလည်း မတက်ခ်ကြဘူးလို့ပြောလိုက်မိတာနဲ့ပဲ ငါ့အစ်ကိုတော်ကြီးက ချက်ချင်းကို ထတက်ခ်တော့တာပါပဲ...း).... ဒီလိုနဲ့ အစ်ကိုတော်တက်ခ်ထားတဲ့ ခေါင်းစဉ်လေးက
ရင်ဘတ်နွံထဲ နစ်ဝင်နေတဲ့ ကဗျာလေးများ........
အစ်ကိုရေးထားတဲ့ ပို့စ်ထဲက ကဗျာအားလုံးကိုလည်း သဘောကျနှစ်ခြိုက်မိတယ်...။ ဒီခေါင်းစဉ်လေးကို အရမ်းသဘောကျမိတယ်...။ ဘာလို့လဲဆိုတော့ အနော့်ရင်ထဲမှာ နစ်ဝင်နေတဲ့ ကဗျာလေး တွေရှိပါတယ်..။ ကဗျာတိုင်းကိုလည်းချစ်တယ်...။ ဒါပေမယ့် ရင်ထဲစွဲနေတဲ့ ကဗျာလေး တွေထဲက အနစ်ဝင်ဆုံးကဗျာလေး ၂ပုဒ်ကို ရေးပေးခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်...။ အဲဒီကဗျာလေးတွေက လူတိုင်းလည်း ရကြသလို ကဗျာကိုမဖန်တီးတတ်ပါဘူး မခံစားတတ်ပါဘူးဆိုတဲ့ လူသားတိုင်းလည်း ဒီကဗျာလေးတွေကိုတော့ အမှုမဲ့အမှတ်မဲ့ပေမယ့် ရင်ထဲမှာ ကိန်းအောင်းနေမယ်ဆိုတာ ယုံကြည်ထားပါတယ်...။ အနော့်ကဗျာတွေဖတ် ဖြစ်တဲ့သူငယ်ချင်းတစ်ချို့က ပြောကြတယ်...။ ငါက ကဗျာကို မခံစားတတ်ဘူးတဲ့...။ ရေးလည်းမရေးဘူးလို့ ပြောပါတယ်...။ ဒါကို အနော်လက်မခံချင်ပါဘူး........။ လူတိုင်းမှာ မမြင်နိုင်တဲ့ ကဗျာချစ်တဲ့စိတ်ဆိုတာ ရှိကြပါတယ်...။ အနော်ခုရေးပြမယ့် ကဗျာလေးတွေကခေါင်းစဉ်မဲ့လေးတွေပါ....ဖတ်ရှုခံစားပေးပါအုံးနော်...။


ရင်ဘတ်နွံထဲ နစ်ဝင်နေတဲ့ ကဗျာလေးများ

(၁)
မမ ၀၀ ထထ က
အက ပထမ
ကပါ ကပါ မမရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က....။


ဒီကဗျာလေးကို အနော်တို့ငယ်ငယ်က သူငယ်တန်း သင်ပုန်းကြီးဖတ်စာမြန်မာစာမှာ သင်ရပါတယ်..။ ဒါပေမယ့် များသောအားဖြင့် မူကြိုမှာ စသင်ရပါတယ်..။ ဒီကဗျာလေးကို စရွတ်တတ်စက အရမ်းကြည်နူးမိသလို စိတ်ပျော်ရွှင်မှုလည်း ရခဲ့တယ်လို့ ထင်မိပါတယ်..။ အဲဒီကလေးအရွယ်တုန်းကတော့ ဒီခံစားမှုကို ဖော်မပြတတ်ခဲ့ပါဘူး...။ နားလည်းနားမလည်ခဲ့ပါဘူး..။ ဒါပေမယ့် အဲဒီအရွယ်ကာလက ဒီကဗျာလေးစသင်ရချိန် မှာ ဘယ်လောက်ထိ အသည်းစွဲခဲ့လဲဆိုရင် ခုချိန်မှာ ဘယ်သူ့ကိုထမေးထမေး ဒီကဗျာကို မရတဲ့သူဆိုတာ မရှိပါဘူး ...။ ဒီကဗျာလေးဟာ အလွန်တရာမှ ရိုးရှင်းပြီး ကာရံညီတဲ့ ကဗျာလေးပါ..။ ထပ်ခါပြောရရင် အနော့်အသဲထဲမှာ ရင်ဘတ်ထဲမှာ နွံနစ်နေတဲ့ ကဗျာလေးပါ...။ ဒီကဗျာလေးမှာ ပထမဆုံးစတဲ့ စာကြောင်းလေးနဲ့ နောက်ဆုံးဆုံးတဲ့ စာကြောင်းလေး အတူတူဖြစ်နေတဲ့ ထူးခြားချက်ကိုလည်း တွေ့မြင်ရပါတယ်..။ စာဖတ်သူတို့ရဲ့ အမြင်မှာ ပိုမိုဆန်းသစ်မယ်လို့ ထင်မိတယ်..။ နောက်တစ်ပုဒ်ကတော့


(၂)

ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ဆောင်၊
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်၊
ရွှေဇီးကွက်တို့ အိနြေ္ဒ
ဘုရင်ကြီးလိုနေ၊
မိုးလေ၀သ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော၊
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို
ရွှေကျီးညိုသာပါက
ဧည့်သည်လာပါခင်ဗျ။

ဒီတစ်ပုဒ်လေးကလည်း ရင်ထဲမှာ နစ်ဝင်နေတဲ့ကဗျာလေးတစ်ပုဒ်ပါ..။ ဒီကဗျာလေးကတော့ အောက်အဆုံးပိုဒ်လေးမှာ နည်းနည်းလိုနေတာမျိုး စာလုံးလွဲနေတာမျိုးဖြစ်ပါလိမ့်မယ်..။ စာသားတွေလိုနေမယ် ဆိုရင် သည်းခံပြီးဖြည့်ဖတ်ပေးဖို့ ပြောချင်ပါတယ်...။ ဒီကဗျာလေးရဲ့ စကားလုံးများရဲ့ သိုဝှက်မှုကို အရမ်းနှစ်ခြိုက်မိပါတယ်..။ ပညာရှိယောင်ဆောင်တတ်တဲ့သူရယ်...ဘုရင်ကြီးလို အိနြေ္ဒဆည်တဲ့သူရယ်..စတဲ့ သဘာဝလေးတွေကို ဖော်ပြထားတဲ့ တစ်နည်းအားဖြင့် ငယ်စဉ်ဘ၀ကတည်းက ဆုံးမပြသပေးတဲ့ ကဗျာလို့လည်း ခံယူမိပါတယ်...။ ခုလို အနော့်ရင်ဘတ်ထဲက ကဗျာတွေက သူငယ်ချင်းတို့အားလုံးရဲ့ ရင်ဘတ်ထဲက ကဗျာနဲ့မကိုက်ညီပေမယ့် အနော့်ကဗျာတွေကို လက်ခံပေးတယ်ဆိုရင်ပဲ ကျေးဇူးတင်ပါတယ်..။
အနော်ရေးသားမှု ၊ ဆိုလိုရင်းညံ့ဖျင်းမှုကြောင့် နားလည်မှုလွဲသွားမယ်ဆိုရင် တောင်းပန်ပါတယ်..။ အနော့် ရေးသားခြင်းများကို ခံစားပေးနိုင်ပါစေလို့ ဆုတောင်းရင်း ကိုကြီးအိမ်မက်ရေ...အနော် ရေးလိုက်ပီနော်...။ နားလည်ပေးပါဂျ..း)။




Print this post (စာထုတ်ယူရန်)

Creative Commons License

Sunday, December 7

အဲဒီနေ့က.......

အဲဒီနေ့က သူသာမလာဖြစ်ခဲ့ရင်

အဲဒီနေ့က တစ်ကိုယ်တည်း ၀မ်းနည်းအားငယ်မနေခဲ့ရင်

အဲဒီနေ့က တို့တွေမတွေ့ခဲ့ကြရင်

အဲဒီနေ့က သူ့ကို ယုံကြည်တိုင်တည်အားကိုးစရာလို့ မသတ်မှတ်မိခဲ့ရင်

အဲဒီနေ့က သူ့အကြည့်တစ်ချက်မှာ မနစ်မွန်းခဲ့ရင်

အဲဒီနေ့က မေတ္တာ၊စေတနာတွေ စိတ်ပူပန်ပေးမှုတွေ သူ့မှာမရှိခဲ့ရင်

အဲဒီနေ့က ကိုယ့်မျက်လုံးရဲ့ ရိုးသားမှုတွေကို သူသာသတိမထားမိခဲ့ရင်

အဲဒီနေ့က ၀မ်းနည်းကြေကွဲစွာ စိတ်ဓာတ်တွေအပြိုင်းပြိုင်းမကျခဲ့ရင်

အဲဒီနေ့က ကြင်နာယုယမှုများစွာနှင့် ဖေးမကူတဲ့လက်တစ်စုံရဲ့ ကမ်းလှမ်းချက်မှာ သာယာမနစ်မွန်းမိခဲ့ဘူးဆိုရင် …..

အဲဒီနေ့က ကိုယ့်စိတ်တွေ အမှောင်ဖုံးလွှမ်းမနေခဲ့ဘူးဆိုရင်..

အဲဒီနေ့က နှလုံးသားမှာ မျက်ရည်မိုးတွေ ရွာသွန်းမနေခဲ့ဘူးဆိုရင်…

အဲဒီနေ့က သူရဲ့ မေတ္တာဆိုတဲ့ ထီးကလေးတစ်ချောင်း အုပ်မိုးမနေခဲ့ဘူးဆိုရင်…

အဲဒီနေ့က သိစိတ်နဲ့ မသိစိတ်ရဲ့ လွန်ဆွဲပွဲမှာ ကိုယ့်သိက္ခာတရား၊ ကိုယ်ကျင့်တရား အားလုံး တန်ဆာခံဖြစ်မယ်ဆိုတာ သိခဲ့မိရင်….

အဲဒီနေ့က လောကရဲ့ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်အားလုံးကို နားလည်မပေးခဲ့မိဘူးဆိုရင်…..

အဲဒီနေ့က ကံကြမ္မာရဲ့ လှည့်ကွက်တွေအလည်မှာ သင်္ခါရတရားကို မဆန့်ကျင်ခဲ့မိဘူးဆိုရင်

အဲဒီနေ့က သူဆောက်ခဲ့တဲ့ နားလည်မှုအိမ်လေးထဲမှာ ၀င်ရောက်နားမခိုမိခဲ့ဘူးဆိုရင်…

အဲဒီနေ့က တိုတောင်းလှတဲ့ လူ့ဘ၀ထဲက အချစ်စစ်ရဲ့ နေ့လေးတစ်နေ့ကို ရရှိပိုင်ဆိုင်လိုက်တယ်ဆိုတာ …….နှလုံးသားက နားလည်လက်ခံမပေးခဲ့ရင် ……..

အဲဒီနေ့က တို့နှစ်ယောက်ရဲ့ နားလည်ယုံကြည်ခြင်းတွေဟာ ဒီနေ့မှာ အိမ်မက်တစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုတာကြိုသိခဲ့ရင်……..

ဒီနေ့ ဖြစ်ချင်မှုထက် ဖြစ်သင့်မှုကို ဦးစားပေးလျှောက်လှမ်းရတဲ့ ကိုယ့်ရဲ့ ဘ၀ခရီးလမ်းမှာ ရင်နာစွာ ချနင်းခဲ့ရတဲ့ သူ့နှလုံးသားလေးကို ခုလိုမတော် တဆခလုတ်တိုက်မိခဲ့မှာ မဟုတ်ပါဘူး…သူရယ်..။


အခြေအနေမပေးတဲ့ ချစ်သူနှစ်ဦးရဲ့ ခံစားချက်များကို မျှဝေခံစားရေးဖွဲ့သည်..။


Related Posts Plugin for WordPress, Blogger...