Wednesday, April 30

ငါပိုင်ဆိုင်ချင်သော......

တွေဝေတတ်တဲ့

မရေရာ မသေချာတဲ့

ေ၀၀ါးထွေးပြားတတ်တဲ့

အားနာ လိုက်လျောတတ်တဲ့

ဝမ်းနည်း ကြွေကွဲလွယ်တဲ့

ပျော်မြူး ရွှင်ပြလွယ်တဲ့

ပြတ်သားရဲရင့်ခြင်း ကင်းတဲ့

ကြောက်ရွံ့စိုးထိတ်တတ်တဲ့


ရယူလိုခြင်း စွန့်လွှတ်လိုခြင်းကင်းတဲ့

အရှုံးပေးခြင်း အနိုင်ယူခြင်းကင်းတဲ့

တည်ငြိမ် ရင့်ကျက်ခြင်း ကင်းတဲ့

ငါ့စိတ်တွေ.............

ငါမပိုင်ဆိုင်ချင်ဘူး....။

ငါပိုင်ဆိုင်ချင်တာ

တည်ငြိမ် ရင့်ကျက်ပြီး

အေးချမ်းတည်ငြိမ်တဲ့

စိတ်တစ်ခုကိုတော့

ငါပိုင်ဆိုင်ချင်ရဲ့...........။...........။


ပန်းခရေ(ရင်တွင်းဖြစ်)zzz




Thursday, April 17

အပြုံးများပို့စ်....


စမ်းသပ်မှုတစ်ခုလေးပါ..။ ကိုချမ်းမြစိုး ဘလော့က တွေ့ရှိပြီး..စမ်းသပ်ထားတာပါ..။ ပို့စ်လေးတွေမှာ အပြုံးလေး တွေ ပေါ်အောင်လုပ်ထားတာပါ..။ ကိုချမ်းမြစိုးဘလော့မှာ အသေးစိတ်ရှင်းပြထားတာ ရှိပါတယ်..။ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်..။ ကိုယ်တိုင်လည်းစမ်းသပ်ချက်တွေ ပြုလုပ်နိုင်ပါတယ်...စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်..။ ကိုချမ်းမြစိုးရေ ကျနော်တော့စမ်းသပ်လိုက်ပီ......။
ဟိဟိ ကျနော်နဲ့တော့အိုကေပဲ..သိပ်ရီချင်တဲ့ ကျနော်တစ်ယောက် အိုကေတာပဲ..။ ဟိဟိ

redfacelolrolleyeswinkcrycoolwinktwistedsurprisedsmilesadrazzquestionneutralmrgreenmadlolideaexclaimeekcoolconfusedpika14pika18pika19pika20narutokakashiyondaimezzz
ရှိသေးတယ်သိချင်ကြရင်...ပြေးနော်..သိပြီးသားလည်းနေမှာပါ...။ အနော်ကတော့ပျော်တယ်..။
pfffpika21pika23happy
ပန်းခရေ(ရင်တွင်းဖြစ်)

နှစ်သစ်ဆုတောင်း...


၁၃၇၀ ခုနှစ် မြန်မာနှစ်သစ်ကို ရောက်ရှိလာပါပြီ...။
နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသော ကာလတွင်... စိတ်သစ်လူသစ် ဘ၀သစ်ဖြင့်.. နှစ်ဟောင်းမှ အညစ်အကြေးများကို စွန့်ပစ်၍.. နှစ်သစ်သို့ ပျော်ရွှင်စွာ ကူးပြောင်းနိုင်ကြပါစေ...။

“ နှစ်သစ်မှစ၍ ဘ၀တစ်လျှောက်လုံး... ဖြစ်သန်းသမျှကာလပတ်လုံးတွင်.. စိတ်၏ချမ်းသာမှုအစစ်မှန်ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ....”
အားလုံးပဲ ပျော်ရွှင်အဆင်ပြေကြပါစေ....။
ပန်းခရေ(ရင်တွင်းဖြစ်)

Monday, April 14

မမြဲတဲ့စိတ်ကလေး....



ငါ့မှာ....အနှိုင်းမဲ့အမေ

သိပ်ချစ်ရတဲ့ချစ်သူ

ခင်တွယ်မိတဲ့သူငယ်ချင်း

မတောက်တစ်ခေါက်

အသိဥာဏ်တစ်စုံ

အလုပ်အကိုင်တစ်ခု......

ဆိုတဲ့ပိုင်ဆိုင်မှု..

ငါ့ပိုင်ဆိုင်မှုအစစ်အမှန်ထင်..

ချစ်ခြင်း၊မုန်းခြင်း

ခွင့်လွှတ်ခြင်း၊ခွင့်မလွှတ်ခြင်း

နာကြည်းအမြင်ကတ်ခြင်း

ဝမ်းနည်းပူဆွေးခြင်း

ပျော်ရွှင်ရယ်မောရခြင်း

အိုခြင်း၊နာခြင်း

သေဆုံးခြင်း၊ပြန်လည်မွေးဖွားခြင်း

ရှင်သန်ခြင်း..

ဆိုတဲ့ခံစားမှုအဖြစ်အပျက်တွေကို

နှစ်ခြိုက်စွာစားသုံးရင်း..

လောကဓံ၊ကံကြမ္မာ၊

ဖြစ်ခြင်း၊ပျက်ခြင်း

အကြောင်းတရားကစ

အကျိုးတရားဖြစ်တဲ့

သံသရာစက်ဝိုင်းတစ်ခုကို

ငါလည်ပတ်နေရခဲ့တာ

အကြိမ်ပေါင်းများခဲ့ပြီ.......။


သံသရာဆိုတာကို

ငါမလည်ပတ်ချင်တော့ဘူး...

ငါပင်ပန်းလှပါပြီ....။

ဒါတွေအားလုံးချုပ်ငြိမ်းတဲ့

ဘာဆိုဘာမှမရှိ

ဖြစ်ပျက်မရှိ

အရာအားလုံးပြတ်သွားတဲ့

နိဗ္ဗာန်ဆိုတဲ့

နေရာတစ်ခုကို

မွတ်သိပ်တောင့်တမိတယ်...

အဲဒီနေရာလေးကို

ရောက်ရှိငြိမ်းချမ်းချင်လှပါပြီ...။


အရာအားလုံးမမြဲတဲ့လောကကြီးမှာ

ဒီပြင်းထန်လှတဲ့

စိတ်ဆန္ဒလေးကလည်း

တစ်ကယ်တမ်းတော့

မမြဲပါလား.........နော်............။



ပန်းခရေ(ရင်တွင်းဖြစ်)
# ၁၀၀ မြောက်ပို့စ်လေးပါ....။ အားလုံးပဲ ပျော်ရွှင်ကြပါစေ..။

Friday, April 11

ကျနော့အတွက်..သင်္ကြန်ဖြစ်အင်...

photo by chanmyasoe, from flicker

သဘက်ခါဆိုရင် သင်္ကြန်ကြိုနေ့ရောက်ပြီ ..။ သူငယ်ချင်းအားလုံးကို ရေလောင်းချင်တယ်..။ သင်္ကြန်မှာ ပျော်ရွှင်စွာ ဆင်နွှဲချင်တယ်..။ ကျနော်သင်္ကြန်ရက်တွေကို မလည်ဖြစ်တာအတော်ကြာနေပြီ ..။ ၂၀၀၁ သင်္ကြန်မှာပဲ မန္တလေးသင်္ကြန်ကို လည်ခဲ့တယ်..။ အဲဒီနောက်နှစ်တွေကစလို့ မလည်ဖြစ်တာ အခုဆို ၇နှစ်ပြည့်ပြီ..။ သူများတွေက အဝေးရောက်နေလို့ မလည်ကြရဘူး..။ မြန်မာနိုင်ငံမှာ ရှိကြတဲ့ သူတွေ တော်တော်များများတော့ လည်ဖြစ်ကြတယ်..။ ကျနော်တစ်ယောက်သာ မလည်ဖြစ်တာဖြစ်နိုင်တယ်..။ နှစ်တိုင်းသင်္ကြန်ရောက်ရင်. အကြောင်းမျိုးစုံပေါင်းမြောက်များစွာနဲ့ လမ်းထိပ်ကိုထွက်ပြီး ပျော်ရွှင်နေကြသော လူသားတွေကို ကြည့်ရင်း အချိန်ပေါင်းမြောက်များစွာ ကိုယ်တစ်ကိုယ်တည်း အထီးကျန်စွာ ကုန်ဆုံးခဲ့ရတယ်..။ ဘုန်းကြီးကျောင်းသွားလိုက်၊ ဥပုဘ်လေးယူလိုက်၊ ရေပက်ခံထွက်သူတွေကို ထိုင်ကြည့်လိုက်နဲ့ အချိန်တွေကုန်ဆုံးခဲ့တဲ့ ကျနော် ဒီနှစ်မှာတော့ မတူညီတဲ့ ပြောင်းလဲမှုကတော့... ရေတောင်မစိုတဲ့ လူတွေကိုတောင် မတွေ့နိုင်တဲ့ နေရာမှာ ဘယ်သူမှမသိတဲ့ နေရာမှာ အခန်းကျဉ်းလေးထဲမှာ ကျနော်တစ်ယောက် တိတ်တဆိတ် ဂျူတီစောင့်နေရတယ်..။

ရုံးမှာ ဘယ်သူမှမရှိဘူးလေ ကျနော်အဖြစ်က ဒီနှစ်ရေတောင်စိုပါ့မလားမသိ..။ သေချာပါတယ် ရေမစိုဘူးဆို တာကိုလေ..။ ဘယ်သူမှလည်းရေလာမလောင်းသလို ဘယ်သူပျော်ရွှင်နေတာကိုမှလည်း မခံစားနိုင်တော့ဘူး လေ..။ ဘလော့သူငယ်ချင်း ကိုရွှေဖြိုးက ကျနော့ကိုဆုတောင်းပေးသွားတယ်..။ အဲဒါကတော့ ပိတောက်ပန်းတွေပေးတဲ့ သူတွေ ၊ ရေလာလောင်းသူတွေ ပေါပါစေတဲ့..။ ဟင့် သူ့ကိုပြောချင်လိုက်တာဂျာ ကျနော့်ကို ဘယ်နေရာရှိမှန်းမသိကြတာ ဘယ်သူကလာလောင်းမှာလဲနော်..။ ပြောရင်းနဲ့ငိုချင်လာပြီး.။ :`(


ကျနော်ဘလော့ပေါ်ကသူငယ်ချင်းတွေကိုလည်း ရေပက်ချင်တယ်..။ ရေလောင်းချင်တယ် ..။ ရွှဲရွှဲစိုကိုလောင်း ချင်တာ ..။ ဘယ်လိုလုပ်ရပနော်..။ ကျနော့်ဘ၀က “ သူများပျော်လို့မပျော်နိုင် သင်္ကြန်ဂျူတီကျလို့မှိုင်...” အဲလိုဖြစ်နေပြီ..။ ဒါပေမယ့် ကျနော်အွန်လိုင်းပေါ်မှာတော့ ရှိနေမှာပါ..။ ကျနော့်လို သင်္ကြန်မလည်ကြတဲ့ သူငယ်ချင်းတို့လည်း အွန်လိုင်းပေါ်မှာ ကဲကြမယ်နော်..။း)

ကျနော်ဒီနှစ်သင်္ကြန်ကို ဘယ်သူနဲ့မှမတူစွာ တမူထူးခြားပြီး ပျော်ရွှင်နေပါတယ်...။ တစ်ကိုယ်တည်း ဘလော့ပေါ် သင်္ကြန်ကျရင်းပေါ့..။ လာလည်ကြတဲ့ သူငယ်ချင်းအားလုံးး ဘလော့မှ သူငယ်ချင်းအားလုံးကို ဒီဘလော့ပေါ်ကနေ ရေလောင်းတယ်..။ ပုံးလိုက်လောင်းတာနော်..။ ခေါင်းကနေစလောင်းတာ ..။ တစ်ယောက်မှ မစိုရင်မပြန်ရဘူးနော်..။ ကဲလောင်းပြီ...။ ဗြန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပြီးတော့ ပိတောက်ပန်းလက်ဆောင်ယူသွားကြပါနော်..။ သူငယ်ချင်းအားလုံး နှစ်သစ်မှာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ..။ ကုသိုလ်ပွားများပြီး စိတ်နှလုံးပျော်ရွှင်ငြိမ်းချမ်းကြပါစေ လို့ ကျနော် ဒီကနေပဲ ဆုတောင်းပေးလိုက်ပါတယ်..။ “ နှစ်သစ်မှာ စိတ်သစ်လူသစ် ၊ ဘ၀သစ်နဲ့ ပျော်ရွှင်ငြိမ်းချမ်းကြပါစေ...”
အားလုံးကို သိပ်ခင်တဲ့ ကျနော်တစ်ယောက် အွန်းလိုင်းပေါ်မှာ ရှိပါတယ်ဂျာ..။ ရေလာလောင်းလို့လည်း ရပါတယ်..။ အားလုံးပဲ ပျော်ရွှင်ကြပါစေ.....။ ............။

ပန်းခရေ(ရင်တွင်းဖြစ်)



Sunday, April 6

အတွေးတစ်စ




ချစ်သူရယ်.. ဘာကြောင့်များဒီလို အဖြစ်ဆိုးမျိုးကိုမှ ကြုံတွေ့ရပါလိမ့်နော်..။ ကျမချစ်တဲ့ချစ်သူကိုမှ ဒီလိုအဖြစ် မျိုးကြုံကြိုက်ရတာလဲ..။ ဘာလို့များဒီလိုအဖြစ်ဆိုးမျိုးကို သယ်ဆောင်လာရတာလည်း ကံကြမ္မာရယ်..။ အခုလိုဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့လို့.. အစတည်းက တားဆီးခဲ့တာပါ..။ ကျမနှစ်ယောက်ရဲ့အချစ်တွေကို လေးနက်တန်ဖိုးထားခဲ့တယ်... တို့နှစ်ယောက်ပျော်ရွှင်စွာ ဖြတ်ကျော်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်လည်လိုချင်မိ တယ်..။ ရနိုင်မှာပါလို့လည်း ယုံကြည်မျှော်လင့်တယ် ..။ ဒီလိုအဖြစ်မျိုးက မဆန်းကြယ်ပေမယ့် ရင်ဆိုင်ကြုံတွေ့ ရချိန်မှာတော့ ရင်နဲ့မဆံ့ပါဘူး..။


ကျမရဲ့စိုးရိမ်ပူပန်မှုတွေ ချစ်သူရဲ့ခံစားရတဲ့ အသံကိုကြားရချိန်မှာ ကျမရင်ထဲမှာဖြစ်သွားတဲ့ စိတ်ပူမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး..။ ရင်ထဲကို သံရည်ပူလောင်းချလိုက်တဲ့ အတိုင်းပူလောင်မှုတွေက ဘာနဲ့မှဖြေဖျောက်လို့မရဘူး..။ ကျမအချစ်ဆိုတာကို ခံစားမိတယ် ဒါပေမယ့် ဒီလောက်လေးနက်လိမ့်မယ် မထင်ခဲ့မိဘူး..။ ချစ်သူဇာတ်လမ်းကိုကြားရချိန်မှာတော့ ပေါက်ကွဲမိတယ်...။ ယူကြုံးမရဖြစ်မိတယ်..။ ရင်ထဲမှာ လည်းမုန်တိုင်းထန်နေခဲ့တယ်..။ မုန်းတီးနာကြည်းမိတယ်..။ စက်စုတ်ရွံ့ရှာမိတယ်..။ အထင်သေးမိတယ်..။ ပက်ပက်စက်စက်ကိုပြောပစ်ခဲ့ချင်မိတယ်..။ “ ချစ်သူ ကိုယ်ကဒါတွေက အပျော်တွေပါကွာ.. ကိုယ်ချစ်တာ မင်းတစ်ယောက်တည်းပါကွာ... လုံးဝသ၀န်မတိုပါနဲ့... အဲဒါအပျော်..ကိုယ့်ကိုနားလည်ပေးပါကွာ...”
ဆိုတဲ့ ချစ်သူစကားသံတွေကို ကျမဘယ်လိုလက်မခံပေးနိုင်တာ ကျမမှားခဲ့တာလား..။
ကျမနားလည်မပေးနိုင်ခဲ့ဘူးပေါ့ ... ကျမကသူ့ကိုနားလည်မှုမရှိဘူးပေါ့..။ သူလိုချင်တာ ကျမဘက်နားလည်မှု ပါတဲ့..။ ဒါကိုကျမကဘယ်လိုနားလည်ပေးရမလဲ..။

ကျမနားလည်ပေးခဲ့တာတွေများပါတယ်..။ ပြောချင်တာပြောပြီး ပေါက်ကွဲချင်တာ ပေါက်ကွဲပြီး ကျမကသာပဲ အလျှော့ပေးခဲ့ရတာများပါတယ်..။ ကျမကလိုက်လျောရတာများပါတယ်...။ ကျမသည်းခံခွင့်လွတ်မှုတွေကို အခွင့်ကောင်းယူပြီး ဆိုးနေခဲ့တဲ့ ချစ်သူကို နားလည်ပေးခဲ့တယ်..။ ကျမသည်းခံမှုတွေ ပေါက်ကွဲထွက်ရင် လည်းချစ်သူကလက်မခံနိုင်ခဲ့ပြန်ဘူး..။

ကျမဒီလိုဖြစ်တယ်ဆိုတာ ချစ်သူကိုစိတ်ပူတာပါ...။ ကျမချစ်သူဒုက္ခရောက်မှာ ကိုစိုးရိမ်ကြောင်ြ့က မိခဲ့တယ်လေ..။ ချစ်သူရဲ့ ရယ်သံတိုင်းကိုလည်း ရင်ခုန်သေးပြန်တယ်..။ စကားသံတိုင်းကိုလည်း ဦးညွတ်လက်ခံမိတယ်..။ ဘယ်သူမှားတယ်ဆိုတာ ပြောလို့မရတဲ့ အဖြစ်အပျက်တစ်ခုမှာ.. ကျမချစ်သူကိုလည်း အပစ်မတင်ချင်ဘူး လေ.။ ဒါတွေအားလုံးကို အဆင်ပြေစေချင်တဲ့ စိတ်ဆန္ဒတစ်ခုပဲရှိတယ်..။

ချစ်သူတစ်ယောက်တော့ စိတ်ဆင်းရဲနေမှာပဲ ဆိုတဲ့ အတွေးတစ်ခုနဲ့တင် ချစ်သူစိတ်ချမ်းသာဖို့အတွက် ကျမကိုယ်ကျမ ဆုံးဖြတ်ပိုင်နိုင်စွာချနိုင်ခဲ့တယ်..။ ကျမနေတတ်ရမှာပေါ့..။ ကျမနေတတ်အောင်ကြိုးစားပါတယ် ကျမစိတ်ကိုပြုပြင်လိုက်တယ်..။ ကျမဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံးကို ထိန်းချုပ်လိုက်တယ်..။ ကျမသူ့ရဲ့ စိတ်နဲ့တစ်သားတည်းကျသွားအောင်နေလိုက်တယ်..။ ကျမသူ့စိတ်နဲ့တစ်သားတည်းကျသွားတဲ့ အချိန်မှာ သူဖြစ်ချင်တာအားလုံးကို ဖြစ်အောင်လုပ်ပေးချင်တဲ့ စေတနာတွေသာပြည့်သိပ်လာတယ်..။ ချစ်သူသာစိတ် ချမ်းသာမယ်ဆိုရင် ဘာမဆိုပေးဆပ်ဖို့အသင့်ဖြစ်နေခဲ့တယ်..။

ဘ၀ဆိုတာ သူ့ဘာသာသတ်ထားပြီးသားပါ.။ ကံကြမ္မာဆိုတာလည်း သူ့အလိုလိုသတ်မှတ်ထားပြီးသား ..။ အရာအားလုံးဟာ ရှိပြီးသား ပုံသေကားချပ်လိုပါပဲ..။ ဒါတွေကိုကျမတို့တွေအားလုံးက မသိကြပဲ လျှောက်တွေး ၊ လျှောက်ခံစားနေကြတယ်.. ခံစားချက်တွေ အားလုံးကို ပေါက်ကွဲကြတယ် ..။ ဖြစ်ပေါ်လာတဲ့ အတွေးအတိုင်း လိုက်လုပ်ကြတယ်..။ ဒါကြောင့် ဖြစ်ရပ်တွေက တစ်မျိုးစီဖြစ်နေပြီး အံ့ဝင်ဂွင်ကျမဖြစ်ဘူး လွဲချော်နေကြတယ်..။ ဒါကြောင့် စိတ်ဆင်းရဲမှုတွေ စိတ်မချမ်းသာမှုတွေ ဖြစ်ကုန်ကြတယ်..။ အမှန်ကသူ့ဘာသာသူရှိပြီးသားပါ..။ ကိုယ်ကအသာကလေးနေနေရုံပါပဲ..။

အချစ်ဆိုတာနဲ့ဘ၀ဆိုတာ ဘယ်တော့မှတစ်ထပ်တည်းမကျဘူး..။ အချစ်ကအချစ်ပဲ ..။ ဘ၀ကဘ၀ပဲ သီးသန့်စီ တစ်ကန့်စီမှာရှိကြတယ်..။ အချစ်ဆိုတာကို ဘ၀လို့ခံယူထားကြတဲ့ ခံယူချက်အမှားတွေကြောင့် အချစ်ကြောင့် ဘ၀ပျက်တယ်ဆိုတာတွေ.. ခံစားချက်တွေဖြစ်ကုန်တယ်..။ ဒါကိုခံစားနေကြလို့ စိတ်ဆင်းရဲမှုတွေ ဖြစ်လာတာ..။ တစ်ကယ်တမ်းတော့ လူဆိုတာ စိတ်နဲ့ခန္ဒာပေါင်းစပ်ပြီး ဖြစ်လာတာ..။ ဒီစိတ်ကအဓိကပဲလေ..။ ဘ၀မှာ စိတ်မချမ်းသာရင်ဘာလုပ်ရမလဲ..။ ဘယ်လိုနေထိုင်ရမလဲ..။ ဒီစိတ်ချမ်းသာမှုကသာ အဓိကပါ..။ ဒီလိုအချိန်မှာ အချစ်ကြောင့်စိတ်ဆင်းရဲမှုက ပိုပြီးပူလောင်ပါတယ်..။ ရယူလိုမှုအချစ်ဆိုတာလည်း ပူလောင်တယ် ပိုင်ဆိုင်လိုခြင်းပါလာတော့ မပိုင်ဆိုင်ရမှာကို တွေးပူမိပြီး စိတ်ဆင်းရဲရတယ်..။ ပေးဆပ်ခြင်းချစ်ခြင်းမှာလည်း ခံစားရတာပါပဲ...။ သူကရယူခြင်းလောက် ပူလောင်မှုမရှိ ဘူး...။ ဒါပေမယ့် သူ့မှာရင်းနှီးထားရတာ ရင်ဘတ်ကြီးတစ်ခုလုံးလေ..။ ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်ရမှာ ဘယ်လိုနှလုံးသားမျိုးကများ ခံနိုင်ရည်ရှိပမလဲ..။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်အားလုံးဟာ မချိုမြိန်တာတော့ အမှန်တရားပဲလေ..။

ဒီလိုဖြစ်နေတဲ့ခံစားချက်တွေနဲ့.. ကျမချစ်သူစိတ်ချမ်းသာဖို့ နားလည်ပေးရတဲ့ အလုပ်က လွယ်ကူတဲ့ အလုပ်မှ မဟုတ်တာနော်..။ ကျမပေးဆပ်ရမှာ ရင်ဘတ်ကြီးတစ်ခုလုံးလေ..။ သူ့ကိုနားလည်ပေးဖို့ ကြိုးစား၇တာလည်း မလွယ်ကူပါဘူး။ ကျမဒီမလွယ်ကူတဲ့ အလုပ်ကို ကျမကြိုးစားပြီး လုပ်ဆောင်တယ်..။ အဲဒါကတော့ ကျမချစ်သူဖြစ်ချင်တာကို ဖြစ်ခွင့်ပေးတယ်..။ သူ့ကိုအပစ်မယူဘူး..။ နားလည်ပေးတယ် ကိုယ့်ကိုကိုယ် အဓိက ကိုယ့်စိတ်ကို သူ့စိတ်အဖြစ်ပြောင်းလိုက်တယ်..။ ဒီအချိန်မှာ သူ့ကိုနားလည်လာတယ် ခံစားပေးတတ်လာတယ်..။ အကြံဥာဏ်လေးပါ ပေးနိုင်လာတယ်..။ ဆုံးဖြတ်ပေးနိုင်လာတယ်..။ စဉ်းစားပေးနိုင်လာတယ်..။ သူသွားချင်တယ်ဆိုလည်း ထွက်ခွာသွားခွင့်ပြုဖို့အသင့်ဖြစ်လာတယ်..။ နေခဲ့တာ မဟုတ်ပါဘူး..။ သူ့ကိုဆက်သွားခိုင်းလိုက်တာ ..။ ယှဉ်မသွားတော့တာ..။ နောက်ဆုံး အဝေးကိုထွက်ခွာသွား ရတာမျိုးတော့လုံးဝမဖြစ်ချင်ဘူး..။ သူ့ကိုပေးသွားခိုင်းလိုက်တာပါ..။ ကိုယ်ကနောက်ကအေးဆေး ကိုယ့်လမ်းကိုယ် လျှောက်တဲ့သဘော နေရစ်လိုက်တယ်..။

အဲဒီအချိန်မှာ ကျမဘာကိုခံစားမိလဲဆိုရင် မေတ္တာတရား ဒီမေတ္တာတရားလေးကို ခံစားမိသွားတယ်..။ အေးမြတဲ့ တစ်ကယ့် အစစ်အမှန် ချစ်ခြင်းကို တွေ့လာတယ်..။ ကျမသူ့အပေါ်မေတ္တာတရား အပြည့်အ၀ထားလိုက်တယ်..။ ပထမဆုံး ကျမခံစားခဲ့ရသမျှ ပူလောင်ခဲ့ရသမျှ အကြောင်းအရာအားလုံး ငြိမ်းချမ်းသွားတယ် ..။ ကျမရင်တစ်ခုလုံး အေးမြသွားတယ်..။ ကျမနေပျော်သွားတယ်..။ ကျမရလိုက်တဲ့ အရာက ကျမသူ့ကို ပိုင်ဆိုင်ခွင့်မရလို့ ဆုံးရှုံးလိုက်ရခြင်း ဆိုတာ အသေးအမွှားဖြစ်သွားတယ်..။ ဒါတစ်ကယ်ဆုံးရှုံးတာမဟုတ်ဘူးဆိုတာသိလာတယ်..။ ကျမသူ့ကိုမေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်သွား တယ်..။ မေတ္တာဆိုတာရဲ့ တန်ဖိုးကိုသိမြင်လာတယ်..။ ဒါကျမရလိုက်တဲ့ ပိုင်ဆိုင်မှုပါ..။ ကျမပိုင်ဆိုင်မှုဆိုတာ ရယူခြင်းဆိုတာ ဒီအရာပါလားဆိုတာ သိမြင်လာတယ်..။ ကျမကျေနပ်ပါတယ်..။ ကျမရလိုက်တဲ့ အရာအတွက် ကျမကျေနပ်တယ်.။ ချစ်သူအဆင်ပြေပါစေလို့လည်း ဆုတောင်းမိတယ်..။ ချစ်သူစိတ်ချမ်းသာဖို့ သာပဲမျှော်လင့်မိတဲ့အတွက် ကျမကျေနပ်တယ်..။ ကျမရင်တွေ ငြိမ်းချမ်းသွားတယ်..။ တစ်ကယ်တော့ အချစ်ဆိုတာ ချစ်တတ်ရင် အေးမြပါတယ်..။ ငြိမ်းချမ်းပါတယ်..။

ကျမချစ်သူကို နားလည်ယုံကြည်စွာ ၊ ခွင့်လွှတ်သည်းခံစွာ ၊ မြတ်နိုးတွယ်တာစွာနှင့် ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ သိပ်ချစ်ခဲ့ပါတယ်ရှင်..။ ကျမချစ်သူစိတ်ချမ်းသာစွာ ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းရင်း ချစ်သူကိုသစ္စာရှိ စွာချစ်နေဆဲပါ...။ .....။

++++++++++++++++++++++++++++++++++++++++++++

အတွေးတစ်စကနေဖြစ်ပေါ်လာတဲ့ အကြောင်းအရာလေးပါ..။ ကျမရေးလိုက်တဲ့ အရေးအသားတွေ ခံယူချက်တွေ အမြင်တွေ အားလုံး သူငယ်ချင်းတို့နဲ့ တူညီချင်မှ တူညီမယ် ကိုက်ညီချင်မှ ကိုက်ညီမယ်..။
ဒါပေမယ့် ဒါကျမအမြင်လေးတွေပါ ဝေဖန်နိုင်တယ် ငြင်းဆိုနိုင်တယ်..။ စိတ်ထဲရှိရာ ပြောပြနိုင်တယ် ..။ ဒါကြောင့် အမြင်လေးတွေကို ပြောပြေပေးစေချင်ပါတယ်..။ ကျမစိတ်ကူးမိတာလေးကို ချရေးတာဖြစ်တဲ့အ တွက် လက်တွေ့ကျချင်မှ ကျမယ် မှန်ချင်မှလည်းမှန်မယ်..။ လွတ်လပ်စွာ ဝေဖန်ပေးနိုင်ပါတယ်..။
သူငယ်ချင်းတို့ရဲ့ ဝေဖန်မှုကိုမျှော်နေမယ်နော်..။းP

ပန်းခရေ(ရင်တွင်းဖြစ်)

Thursday, April 3

ကျမ၏တစ်နေ့တာ............

ဝါးးးးးးး.........မနက်ခင်းဝေလီဝေလင်းရဲ့ အလှအပတရားတွေကို ရှုမြင်ခံစားဖို့ အိပ်ယာကနိုးထလာခြင်းတော့ မဟုတ်ပါဘူး..။ မျက်စိနှစ်လုံး ပွင့်ချိန်တန်လို့ ပွင့်လာရတာပါ..။ နိုးထဖို့အချိန်တန်လို့သာ နိုးထလာရတယ်..။ သိပ်ပြီးထချင်သေးတာမဟုတ်ဘူးလေ...။းP ပန်းခရေရဲ့မိုးလင်းအိပ်ယာထချိန်ကတော့ ၆နာရီဆိုတာ မကောင်းတတ်လို့ထရတာပါ...။ ဟီးးသိပ်ထချင်တာမဟုတ်......။ အိပ်မှုန်စုံဖွား ၀ိုးတိုးဝါးတားနဲ့ အိပ်ယာကထပြီး ပထမဆုံးအလုပ်ကတော့ မှန်ကြည့်တာဂျ..။ မှန်ကြည့်ပြီးး မလှမပအလှအပကို အားပါးတရ
ခံစားရင်း မနက်ခင်းအလှတရားလေးကို ရှာဖွေမိပါတယ်..။းD မတွေ့ပါဘူးရှင်....။ လွန်စွာစိတ်ပျက်ဖွယ် ကောင်းသော ကောင်မလေးတစ်ယောက် ကိုတော့ တွေ့မိပါရဲ့....။ ဒီလိုနဲ့ ရှုပ်ပွနေသော ဆံပင်ကို ဖီးသင်ပြီးး မျက်နှာသစ် ...ပြီးတာနဲ့ . ရုံးသွားဖို့ ပြင်ဆင်ရတယ်..။ မတောက်တစ်ခေါက်ချက် ပြုတ်ပြီး ရုံးကို ထမင်းချိုင့် ထုတ်ရသေးတယ်...လုပ်ရသေးတယ်....။မနက်၈နာရီမထိုးခင် အပြီးပြင်ဆင်ရတယ်..။ ၈နာရီကျော်ထွက်တတ်တဲ့ ဖယ်ရီကားပေါ်ကိုလည်း အပြေးအလွှားသွားရပါသေးတယ်..။


ရုံးတက်ချိန်က မနက် ၉နာရီ.... ဒါပေမယ့် ကျမတို့ဖယ်ရီကားက ၈နာရီခွဲဆို ရုံးရောက်နေပြီလေ..။ ရုံးရောက်တာနဲ့ ကျမဘာစလုပ်လဲဆိုရင် ကွန်ပျူတာတစ်လုံးရှေ့မှာထိုင် ဘလော့လေးကို စတင်ဖွင့်ပြီးး ဘလော့လည်ခြင်းကိစ္စ လာလည်သမျှဘလော့တွေကို သွားရောက်လည်ပတ်ခြင်းကိစ္စကို စတင်တော့တာပါ ပဲ..။ ဒီလိုချောင်ကပ်ပြီး စတင်အပါးခိုနေလိုက်တာများ ဘယ်သူမှမခေါ်မချင်းပါပဲ ..။းD
ကျမအလုပ်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကသတင်းအချက်အလက်နှင့် နည်းပညာဌာန မှာ အငယ်တန်းအင် ဂျင်နီယာ (၂) ပေါက်စလေးပါ.....။ ကျမဒီအလုပ်လေးကို ရအောင်မနည်းကြိုးပမ်းပြီး ရှာထားရတာပါ..။ ကျမကမ္ဘာ မြေကြီးကိုလည်း ကျမကိုတစ်နေရာစာလေးတော့ ရပ်တည်ခွင့်ပြုပါရှင် ဆိုပြီးး သနားခံစာတင်ရတာ အမောပေါ့ရှင်..။ သနားလို့ရလာတဲ့ ရပ်တည်ခွင့်ရတဲ့ နေရာလေးကို ကျမရပ်တည်ဖို့ကြိုးစားရပါတယ်..။


ပန်းခရေရဲ့ တစ်နေ့တာ သာမန်ဘ၀လေးက အလုပ်တစ်ခုရလိုက်ချိန်မှာတော့... အငယ်တန်းအင်ဂျင်နီယာ တစ်ယောက်ရဲ့ တစ်နေ့တာဖြစ်လာပါတယ်...။ ကျမတို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အိုင်တီဌာနက အဓိကလုပ်ဆောင်ရတာ ADSL Line တွေကို ချိတ်ဆက်ပေးတာပါ........။ ဌာနဆိုင်ရာတွေ ၊ ဟိုတယ်တွေ ၊ အဆင့်မြင့်ဈေး ၊ လူနေအိမ် အစရှိတာတွေကို ADSL Line Servie ပေးရတယ်..။ ADSL နဲ့ပက်သက်ပြီး တက်လာတဲ့ ကွန်းပလိမ်းတွေ ဖြေရှင်းပေးရတယ်..။ ဖုန်းနဲ့ဖြေရှင်းရတယ် ဖုန်းနဲ့မနိုင်မှ လူကိုယ်တိုင်လိုက် သွားပြီး ဖြေရှင်းပေးရတယ် ..။ မိုးလင်းမိုးချုပ် ပြေးလွှားရင်း ကွန်ပလိမ်းဖြေရှင်းရတယ်။ ဒီကြားထဲမှာ ကြိုးကြား ကြိုးကြား အလုပ်ကလေးတွေကိုလည်း လုပ်ရပါသေးတယ်...။ တစ်ခါတစ်လေ ပြေးလွှားရပါသေးတယ် အလုပ်နဲ့ပက်သက်တာလေးတွေပါ..။ ဆိုဒ်ထဲလိုက်ရတဲ့ နေ့တွေဆို ပျော်ဖို့လည်းကောင်းပါတယ်..။ ပေခရမ်းက ဆိုဒ်ဆိုသိပ်မလိုက်ဖြစ်ပါဘူး..။ ရုံးမှာထိုင်ပြီး ကွန်ပလိမ်းဖြေရှင်းတဲ့ အလုပ်ကိုလုပ်တာများပါတယ်..။ အခုဆိုလည်း စာရေးချင်လို့ ဘလော့ရေးချင်ပါသောကြောင့် ဆိုဒ်ထဲကို လိုက်မသွားပါဘူး... ။ ADSL ချိတ်ဆက်ချိန်မှာ ဂျမ်ဘာချိုးရတဲ့ အလုပ်ကို ပထမဆုံး စလုပ်စက ဘာမှကိုမသိဘူး အတော်လေးခက်တယ်ပေါ့ နောက်ပိုင်းချိုးတတ်လာတော့ လွယ်သား...။း)

ဒီလိုမျိုးလှည့်ပတ်ပြီးး သွားနေတာ တစ်နေ့တစ်နေ့ ကွန်းပလိမ်းရှင်းလိုက် ဘလော့ဖတ်လိုက် အွန်လိုင်းပေါ်မှာ ချက်တင်တက်လိုက်နဲ့းD နဲ့ တစ်နေ့တာကာလလေးကို ရိုးရှင်းစွာ ဖြစ်ကျော်ရပါတယ်။ ညနေ၅နာရီဆို ဖယ်ရီကားလာပါတယ် ..။ အိမ်ပြန်ရောက်ချိန်မှာလည် ရေချိုးး ထမင်းစား သူငယ်ချင်းအားလုံးနဲ့ လဖ္ဘက်ရည်ဆိုင်ထိုင် ည၁၀နာရီလောက်မှာ တစ်နေကုန်ညောင်းညာထားတဲ့ မျက်လုံးတွေ အာရုံကြောတွေကို အနားယူရင်း ကျမရဲ့ စိတ်အပန်းဖြေခြင်းလုပ်ငန်းကိုစတင်ပါတယ်....။ ဘာမှသိပ်ပြီးထူးခြားမှုမရှိတဲ့ ကျမရဲ့ တစ်နေ့တာလေးပါ....။

သူငယ်ချင်းရန်ရန်က သိချင်ဆိုလို့ ရေးလိုက်တာပါ..။ ထူးဆန်းမှုတော့မရှိပါဘူး ....။ ကဲသူငယ်ချင်းရန်ရန် ငါတော့ရေးပြီးပြီဟ ဖတ်လိုက်တော့ ..။
Related Posts Plugin for WordPress, Blogger...