Sunday, October 26

ဝက်ဝံလေးသို့ပေးစာ....

ဝက်ဝံလေးသို့ပေးစာ……..

ဝက်ဝံလေးရေ…မိုးလင်းမိုးချုပ် ၀က်ဝံလေးရဲ့ အသံနဲ့နိုးထအိပ်စက်ရတဲ့ ရက်တွေ များလာတော့ ၀က်ဝံလေးအသံမကြားရတဲ့နေ့ဟာ မျောက်ကလေးအတွက် တစ်ကယ်ကို အထီးကျန်ဆန်ပြီး ပူလောင်ရတယ်…။ ၀က်ဝံလေးရဲ့ တားတားအိပ်ချင်ပီ ဒါပဲနော် ဘလိုင်ဘလိုင်ဆိုတဲ့ ကလေးဆန်တဲ့ စကားသံကိုလည်း နှစ်သက်မက်မောမိသား..။ “ ၀က်ဝံလေးဗိုက်ချာတယ်…” ဆိုတဲ့ ကလေးသံလေးနဲ့ပြောတိုင်းလည်း ရူးမိုက်စွာ ရင်ခုန်ခဲ့တယ်…။ ကလင် …ကလင် သံကြားတိုင်း မျောက်ကလေးရဲ့ ရင်တွေခုန်တတ်ခဲ့ပြီ…။ ဖုန်းထူးချိန်တိုင်း တခြားချစ်သူစုံတွဲများနဲ့မတူ မျောက်ကလေးလို့ ခေါ်တတ်တဲ့ ၀က်ဝံလေးရဲ့ နှုတ်ဆက်သံနဲ့အတူ …….ဂျ လို့ အမြဲတမ်းထူးတတ်တဲ့ မျောက်ကလေးရဲ့ ထူးသံကိုလည်း နှစ်သက်စွာ မက်မောတတ်သေးသတဲ့…။ မျောက်ကလေးစိတ်ကောက် တိုင်း ဂျ လို့ပြန်မထူးမခြင်း မျောက်ကလေးကို အော်ခေါ်တတ်တဲ့ ၀က်ဝံလေးရဲ့ အကျင့်ကိုလည်း စိတ်ဆိုးစိတ်ကောက်ရင်း သဘောကျနှစ်သက်မိသား…။ ၀က်ဝံလေးက မျောက်ကလေးကို ဘယ်တော့မှ အလိုမလိုက်ဘူးနော်လို့ ၀မ်းနည်းစွာ ပြောတတ်တိုင်း မျောက်ကလေးကို အလိုလိုက်တာ မျောက်ကလေးမှ မသိတာတဲ့…။ မျောက်ကလေးဆိုးတိုင်း လက်ခံပေးတာထက် ၀က်ဝံလေးဆိုးသွမ်းတိုင်းကိုပဲ လက်ခံပေးရတာ များတဲ့အချိန်တွေမှာ မျောက်ကလေးဘယ်လောက်ထိ ပူပင်ရလဲ…။ ၀က်ဝံလေးဆီကို လာတဲ့ဖုန်းတိုင်းမှာ ကိုယ်ကလွဲရင် တခြားမိန်းကလေးတွေကို ပြန်မပြောစေချင်တာလဲ မျောက်ကလေးရဲ့ အတ္တတွေပဲထင်ပါရဲ့…။ ၀က်ဝံလေးက အရမ်းလိမ်မာတာပါပဲဆိုပြီး….ချော့ချည်တစ်လှည့် ……၀က်ဝံလေးနော် အဲလိုဆိုးနေတာ မျောက်ကလေးတစ်ကယ်ကို စိတ်ဆိုးတယ်ဆိုပြီး ခြောက်ချည်တစ်ခါ…ပြောလည်း ဘာမှမသိတဲ့ ကလေးသံနဲ့ ချွဲတတ်တဲ့ ၀က်ဝံလေးကိုလည်း စိတ်ပျက်စွာ ချစ်နေဆဲပဲဆိုတာလည်း …အမှန်တရားကြီးကိုဖြစ်လို့…။ဝက်ဝံလေးရဲ့ အပြုအမူတိုင်း လှုပ်ရှားမှုတိုင်းကို မမြင်တွေ့ရပေမယ့်…ဖုန်းထဲက အသံလေးနဲ့တင် ပုံဖော် မြင်တွေ့ရတာလည်း မျောက်ကလေးအတွက် ကြည်နှုးစရာတစ်ခုကိုဖြစ်လို့…။ မိုးလင်းအစော ဖုန်းဆက်မနှိုးတဲ့ရက်တွေမှာ မျောက်ကလေး အတွက်တစ်ကယ်ကို မရွှင်လန်းဘူး…။ မိုးချုပ် အိပ်တော့မယ်နော် ဘလိုင်ဘလိုင် အသံလေးမကြားရတိုင်း မျောက်ကလေး အိပ်စက်လို့မရဘူး….။ ၀က်ဝံလေးအပြင်သွားခါင်္နီးတိုင်း ဖုန်းဆက်အသိပေးတတ်တဲ့ အကျင့် အပြင်ကပြန်လာတိုင်း ဖုန်းဆက်အသိပေးတဲ့ အကျင့်လေး တစ်ရံတစ်ခါလောက် ပျက်ကွက်ရင်ကို မျောက်ကလေးမှာ အတွေးများစွာနဲ့ … ပူလောင်ရတယ်…။ ဘယ်လောက်လိမ်ညာလိမ်ညာ မျောက်ကလေးကို ပိရိအောင် မလိမ်တတ်တဲ့ ၀က်ဝံလေးရဲ့ အကျင့်အတိုင်း….မျောက်ကလေးအလိမ်ခံရ တဲ့အချိန်မှာလည်း သိသိကြီးနဲ့ ရင်နာစွာ ခွင့်လွှတ်ရစမြဲပဲ…။ စိုင်းစိုင်းရဲ့ အထီးကျန်သီချင်းအတိုင်း သိမ်ငယ်မှုများစွာနဲ့ မင်းမရှိတဲ့နေ့တွေတိုင်း တစ်ယောက်တည်းအားငယ်စွာ အချစ်ကို ယုံကြည်ကိုးကွယ်ခဲ့တာလည်း မျောက်ကလေးရဲ့ ရူးသွပ်မှုဖြစ်မယ်ထင်ပ…။ ၀က်ဝံလေး ဆိုးသွမ်းတိုင်း နာကြည်းတတ်တဲ့စိတ်…ခွင့်မလွှတ်တတ်တဲ့စိတ်ကို အပြင်းအထန်ပိုင်ဆိုင်ချင်ပေမယ့် ခွင့်လွှတ်မြဲ…သည်းခံမြဲ… မျောက်ကလေးရဲ့စိတ်ကိုလည်း အံ့သြမိပါရဲ့….။ မျောက်ကလေးက စိတ်ကောက်နေတာလား ဆိုပြီး မေးသံက သိပ်ကိုအူလည်လည်နိုင်လွန်းတယ် ထင်ပေမယ့် … တစ်ဖက်သတ် စိတ်ကောက် အလိုလိုပြေရခဲ့တဲ့ အချိန်တွေလည်း များခဲ့ပြီ…။ ၀က်ဝံလေးကိုချစ်လား…ဘယ်လောက်ချစ်…ဘယ်ထဲကချစ်….ဆိုပြီး မေးတိုင်း….မျောက်ကလေးကိုချစ်လား ဘယ်လောက်ချစ်…ဘယ်ထဲကချစ်ဆိုတဲ့ ကလေးဆန်မေးခွန်းကို ရှက်ရွံ့မှုတွေကို ခ၀ါချလို့ မေးပေမယ့်ချစ်ဘူးးးးးးးးးး ဆိုပြီးစလိုက်တဲ့ဝက်ဝံလေး ရဲ့ဖြေကြားသံကြောင့် မျောက်ကလေးရဲ့ ရင်ကိုနာကျင်စေတာ ၀က်ဝံလေးမှ မသိပဲ…။

ဝက်ဝံလေးရဲ့ ချစ်စနိုးနဲ့ ချစ်ဘူးးးး ဆိုတဲ့ အသံကိုတောင် မကြားဝံ့တာ မျောက်ကလေးလွန် တာလား…? ချစ်လို့စတာကိုကွာ ……ဆိုပြီး စိတ်မရှည်သံနဲ့ပြန်ပြောပေမယ့်…

မျောက်ကလေးက ၀မ်းနည်းမိတာကို…။

ယုံပါသက်ထား လွမ်းလှချည်ရဲ့ ကြွေအောင် လိုက်ပြီးပြောတတ်တဲ့ သူတိုင်းကိုလည်း မျောက်ကလေးအထင်မကြီးပါဘူး…။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး လုပ်တတ်တဲ့ သူကိုလည်း အထင်မကြီးပါဘူး…။ လိမ်ညာဟန်ဆောင်တတ်တဲ့ သူကိုလည်း အထင်မကြီးပါဘူး…။ ညာဖြီးအာရွှီးတတ်တဲ့ ယောက်ကျားသားတွေကိုလည်း အထင်မကြီးဘူး…။ ကိုယ်ကျင့်တရား အောက်တန်းကျတဲ့ သူတွေကိုလည်း အထင်မကြီးပါဘူး…။ စိတ်ဓာတ်နိမ့်ကျတဲ့သူတိုင်းကိုလည်း အထင်မကြီးပါဘူး…။ ဘာဂုဏ်ဒြပ်မှလည်း အထင်မကြီးပါဘူး..။ဝက်ဝံလေးကို ချစ်ခဲ့တာ ချစ်မိသွားတာ…လိမ်ညာခြင်းကင်း၊ ဟန်ဆောင်မှုကင်း၊ စိတ်ဓာတ်မြင့်မားပြီး ကိုယ်ကျင့်တရားမြင့်မြတ်သူမို့ နှလုံးသားတစ်ခုလုံး ပုံအပ်ချစ်ခဲ့မိတာပါ..။ မျောက်ကလေးကို ဘာမှမလိမ်ပါနဲ့..။ မျောက်ကလေးဘ၀မှာ လိမ်တာ အမုန်းဆုံးပဲဆိုတာ ၀က်ဝံလေးကို အမြဲပြောပြဖြစ်ခဲ့တယ်…။ ၀က်ဝံလေးဘာပဲဖြစ်ဖြစ်…ဘယ်ဘ၀ပဲရောက်ရောက်…ဘာမှမပိုင်ဆိုင်တဲ့ သုညပဲ ဖြစ်ပါစေ.. မျောက်ကလေး ချစ်နေမှာပါ..။ ၀က်ဝံလေး စိတ်ညစ်ချိန်တိုင်း အားငယ်ချိန်တိုင်း အားပေးမယ့် မျောက်ကလေးပါ…။ ၀က်ဝံလေးဆိုးချင်တိုင်းဆိုးလို့ရတယ်…။ တစ်ခုကလေးပဲ…လုံးဝမလိမ်ညာပါနဲ့..။ လိမ်ညာခံရမှန်းမသိခံရနေတဲ့ သူတစ်ယောက်ရဲ့ နာကျင်မှုက ဘာနဲ့မှ ကုစားလို့မရအောင် နာကျင်ရတယ်ဆိုတာ…၀က်ဝံလေးလည်းသိမှာပါ…။ တော်ရုံစိတ်မကောက်တတ်၊ စိတ်မဆိုးတတ် အကြောင်းအရာတိုင်းကို ခွင့်လွှတ်နိုင် နားလည်ပေးနိုင်၊ မြတ်နိုးကြည်ဖြူနိုင်ခဲ့ပေမယ့် မျောက်ကလေးကို လိမ်ညာနေတယ်ဆိုတာ သိတဲ့အချိန်ကစပြီး…. ၀က်ဝံလေးဟာ မျောက်ကလေးဘ၀ထဲက ထာဝရပျောက်ဆုံးသွားမှာ…ဘယ်အရာနဲ့မှ ပြန်လည်ကုစားမရအောင် နာကြည်းသွားနိုင်မယ်ဆိုတာ …အသေအချာပဲ ၀က်ဝံလေးရယ်…။ ၀က်ဝံလေးဆီက ဘာဆိုဘာမှ မတောင်းဆိုချင်ပါဘူး…။ မျောက်ကလေးပေးဆပ်နိုင်သလောက် ပေးဆပ်ချစ်သွားမှာ….တစ်ခုလေးပဲ တောင်းဆိုပါရစေ…ဘယ်သောအခါမှ မလိမ်ညာပါနဲ့….၀က်ဝံလေးရယ်……………….။



Sunday, October 19

ခွင့်ပန်စာ....


ခုတစ်လော တစ်လော
တစ်ရက်နှစ်ရက်အတွင်းမှာ
အရမ်းကို အိပ်ချင်နေတယ်..။
အစားတွေလည်း အရမ်းကိုစားလာတယ်
အရင်ကပိန်သွားတဲ့ ခန္ဓာကိုယ်က
ခုဆိုအရမ်းစားလာတယ်..။
သိပ်မအိပ်တာကြာပြီဖြစ်တဲ့
ကျနော် ခုဆို အရမ်းကိုအိပ်လာတယ်..။
အိပ်ပြီးရင်းကို အိပ်ချင်နေတာပဲ ..။
ခုလည်း အိပ်ယာထဲမှ မနည်းမျက်လုံးဖွင့်
ပြူးပြဲကာ ထလာရသော်လည်း
စိတ်တွေက ဘယ်လိုမှကို မကြည်လင်လာပါဘူး ..။
မျက်လုံးတွေလည်း ကိုက်တယ် မျက်ရိုးလည်း ကိုက်တယ်...။
ခုလည်း အလုပ်တွေနည်းနည်းပါးပါး
များနေတဲ့ ကြားက ပျင်းရိခြင်း ၆ပါးမက
ကန်ထရိုက်ဆွဲထားရင်း စိတ်လေဆဲ
နဒီကညာ ကရေးပေးတဲ့ ခွင့်ပန်စာလေးပါ...။
သူချက်ချင်းရေးပေးလိုက် တဲ့စာလေးကို ဘလော့ပေါ်မှာ တင်လိုက်ပီ...။
ဘူမှမတိစေနဲ့နော်...ရှုးတိုးတိုးနော် ခွင့်ပန်ထားတာ ဘူမှ တိရို့  ဖြစ်ဝူးးးးးးးးးးး...........:P


ခွင့်ပန်စာ......



ရက်စွဲ ကောဇာနှစ် သက္ကရာဇ်ဖြို ၁၃၇၀ ကို သီတင်းကျွတ်လပြည့်ကျော်လို့ ၄ရက်


သို့

လူကြီးမင်းရှင့်
သမီးတို့သူငယ်ချင်း တစ်တွေသည်
မြေမာ၍ခြေရာမထင်
ရေလာ၍ တစ်ညဆိုင်း
ရွှေပြည်တော် နေရောင်ပြင်းသဖြင့်
အရိပ်ပင်တစ်ကယ်ရှာမတွေ့
ကတ္တရာလမ်းပေါ်ပြေးသော်လည်း ဖုန်ထ၍
ဝီသံခေါ် စိတ်ပျော်ရန်အခက်အခဲ ဖြစ်ပါသဖြင့်
ညှာတာစွာ ထောက်ခါသနား သောကြာနေ့ပါ နားအုံးမည်..။
ဘ၀မှန်သရုပ်ပေါ်စေဖို့
အလှတစ်ဖန်ကျက်သရေတိုးပါတဲ့ လူကြီးမင်းရှင့်
မပြည့်မစုံ အဖုံဖုံကို ကုံလုံအောင်ပြည့်စေဖို့
တစ်လလုံးလည်းဆိုချင်ပါတယ်။
ဂရုဏာထောက်ခါ သနား
ဒီတစ်ညနေတော့ စောင့်ပေးပါလား….?။

ရိုသေစွာ ချစ်ညီမလေးများ



Creative Commons License





Friday, October 17

မေ့မေတ္တာ....



ရွှေပြည်တော် ညနေချမ်း

သပြေဆောင် အလှတစ်ခန်းမှာ

ချစ်စရာ့အလွမ်းတွေနဲ့

လှမ်းလျှက်သာ ဆက်လိုက်ချင်

သူ့ထံကိုပင် ......။



အတွေးစဉ် အစဉ်စုခံစားမှုတစ်ခုကို

ဖယ်ထုတ်ကာဟစ်ကာကြွေး

အသံသာလေးလည်း ပို့လိုက်ချင်….။


ကြားရသူဘ၀င်ကို

ပျော်ရွှင်ကြည်လင်လှစေဖို့

မေတ္တာတရားလည်းပါးလိုက်ချင်…..။


ပြဒါးမှန်တစ်ချပ်လို

အမှားအမှန်တစ်ရပ်ကို

အပြန်အလှန်ဆန်းစစ်ပြီး

သဒ္ဓါတစ်ဖန်ပွားစေရေး..

စေတနာအမှန်ချစ်ကာရေးခဲ့တယ်..

နှလုံးအလွှာပေါ်တွင်……………………။




နဒီကညာ



စာညွှန်း


လည်လိမ်၍လက်ပိန်အောင်ရေးသော်လည်း ကာရန်မမှန် သဒ္ဓါမကျဖြစ်တတ်သည် မို့စာရှုသူ ပရိတ်သတ်အပေါင်းဖတ်ရှုကာ ထောက်ထားစရာတွေနဲ့ ဖြည့်စွက်ကာ နားလည် နိုင်ပါစေသား ရေးသားရန်အခွင့်ရယ်ကြုံ အချိန်ရယ်ပိုမိုခဲ့ပါက ကတ္တီပါဘလော့ဂါအထက် မှာ တင်ဆက်ကာဖျော်ဖြေအုံးပါမည်…။

အခြေအနေရယ်မကြုံ စိတ်အစုံအမြဲမှန်ရောက်သော်လည်း လက်အစုံကလောင် မသွေးတတ်တာရယ်ကြောင့် ပြောစရာအမှာစကား အကြံဥာဏ်ပေးလိုသည်များ Commentမှာထားခဲ့ပါခင်ဗျား……။



နဒီကညာ

Print this post (စာထုတ်ယူရန်)

Creative Commons License

Wednesday, October 15

အချစ်ဆိုသည်မှာ...

အချစ်ဆိုသည်မှာတဲ့ ဒီခေါင်းစဉ်လေးကို ဘလော့တိုင်းမှာ တွေ့နေရ ဖတ်ရပါတယ်..။ ဒီခေါင်းစဉ်လေးကို စိတ်ဝင်စားမိတယ် ဖတ်လည်းဖတ်ဖြစ်တယ်..။ လူတိုင်းရဲ့ အချစ်အပေါ်မြင်တဲ့အမြင် ၊ ခံစားမှု အားလုံးကို စိတ်ဝင်စားစွာဖတ်ဖြစ်တယ်..။ အားလုံးရဲ့ အချစ်ဆိုသည်မှာ အမြင် ၊ ခံစားမှုတွေဟာ တစ်ထပ်တည်းမကျသလို တိကျစွာလည်း အဖြေမထွက်ဘူး..။ အားလုံးဟာလည်း အချစ်အတွက်ကြောင့် ခံစားမှုပေါင်းများစွာနဲ့ ဖြတ်သန်းနေကြရတယ်..။ ကျမလည်း အချစ်ဆိုတာကို တော်တော်ကိုစိတ်ဝင်စားမိတယ်..။ ဘာကြောင့် အချစ်ဆိုတဲ့ အရာလေးက လူတွေအားလုံးကို ချုပ်ကိုင်နိုင်ရတာလဲ.....?

လူတွေရဲ့စိတ်တွေဟာ ဒီအချစ်ဆိုတဲ့ အရာကြောင့် နူးညံ့သွားကြသလို ၊ ခက်ထန်မာကြောလာတာတွေလည်း ရှိကြတယ်...။ ဒီအချစ်ကြောင့်ငိုကြွေးပူဆွေးရသလို ၊ ပျော်ရွှင်ကြည်နူးရတာတွေလည်းရှိတယ်..။ အချစ်ကြောင့် စိတ်ပူပန်ရသလို စိတ်အေးချမ်းသာရတာလည်းရှိတယ်...။ စိတ်အေးချမ်းသာမှုပေးတဲ့အချစ်ကတော့ မေတ္တာ ပါရောနှောနေမယ်ထင်တယ်..။ အချစ်ဆိုတာ ပူလောင်တဲ့မီးတောက်ငယ်တစ်ခုလို့ ဆိုထားသလိုပဲ ပူပြင်းတဲ့ ခံစားမှုတစ်ခုပါ..။ ဘာကြောင့်ပူလောင်လဲ? အတ္တ ဆိုတဲ့ လူတွေရဲ့အတ္တ ပြင်းထန်ရင် ပြင်းထန်သလို ပိုပြီးတော့ ပူလောင်ကြတယ်..။


အမှန်တစ်ကယ်တော့ အချစ်ဆိုတာ ဖန်တီးယူလို့မရတဲ့ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ ခံစားမှုတစ်ခု...။ ဒီခံစားမှုကို လူတွေရဲ့ အတ္တအရောင်တွေ၊ မာနအရောင်တွေ၊ သောကအရောင်တွေ ၊လောဘ မောဟ အရောင်တွေ ဖုံးလွှမ်းမှုတွေကြောင့် အချစ်ဆိုတာ အရောင်ပြောင်းသွားကြတယ်..။ ကိုယ်က အေးမြတဲ့အချစ် မေတ္တတရားပေါင်းစပ်အခြေခံပြီး အချစ်ကိုမြတ်နိုးတန်ဖိုးထားပေမယ့် အဲဒီ တန်ဖိုးထားမှု အလေးထားမှုကို အခွင့်ကောင်းယူပြီး လှည့်စားတတ်ကြတဲ့ လူတွေရဲ့ စိတ်ကြောင့် အချစ်ဆိုတာ ကြောက်စရာ အရာ တစ်ခုဖြစ်မှန်းမသိဖြစ်လာတယ်..။ မေတ္တာတရားမှာ အသွားအပြန်အလျားအနံဆိုတာ ရှိပေမယ့်..အချစ်မှာတော့ အသွားအပြန်မရှိပဲ တစ်လမ်းသွား (သို့) လုံးဝမရှိတာမျိုးလည်း ဖြစ်တတ်တယ်...။ အချစ်ရဲ့ ဆန်းကြယ်မှုဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရဘူး..။ အချစ်ရဲ့ အဓိပ္ပာယ်ကတော့ တိကျစွာ မရှိတာအမှန်ပဲ။


ဒီလို တိကျစွာ အဖြေမရှိတဲ့ အချစ်ကို ကျမ ချစ်ခဲ့မိတယ်...။ ချစ်သူနဲ့ချစ်လျှက်နဲ့ မပေါင်းဆုံရတဲ့ ဒုက္ခကလည်း ချစ်ခြင်းကြောင့်ဖြစ်ပေါ်လာတာလား? ..။ဒါမှမဟုတ် ချစ်သူကိုချစ်လျှက်နဲ့ စွန့်လွှတ်လိုက်ရတာ ကျမ ညံ့ဖျင်းမှုလား...?။ ချစ်သူအလိုကျ ချစ်သူစိတ်မဆင်းရဲလိုစေခြင်း ၊ ပူဆွေးသောကရောက်နေခြင်းကို မကြည့်ရက် ခြင်း ၊ ချစ်သူစိတ်ပင်ပန်းဆင်းရဲခြင်းကို မမြင်လိုခြင်း ၊ ချစ်သူအပေါ်ကျရောက်နေတဲ့ ဒုက္ခအားလုံးကို မျှဝေခံစားလိုခြင်း၊ချစ်သူစိတ်နဲ့တစ်သားတည်းတစ်ထပ်ကျအောင်နေခဲ့ပြီး ချစ်သူလေသံကို နားထောင်ခြင်း ဖြင့် စိတ်ညစ်နေချိန်လား ပျော်ရွှင်နေချိန်လား ၊ ဘာအလိုမကျဖြစ်နေလဲဆိုတာပါ တွေးတောတတ်လာခြင်း ၊ ချစ်သူအလိုကျ အရာရာပေးဆပ်ဖို့အသင့်ဖြစ်နေပြီး ၊ မည်သည့်အကြောင်းနှင့်မျှ ချစ်သူကို အထင်မသေးတတ်ခြင်း၊အပြည့်အ၀နားလည်ပေးနိုင်ခြင်းစတဲ့ကိုယ့်အတ္တကိုထည့်မတွက် ချစ်သူအတွက်သာလျင် ကြည့်တတ်ခဲ့တဲ့ ကျမအချစ်ကရော...ဘယ်လိုအချစ်မျိုးပါလဲ...? ကျမ ပူလောင်ခဲ့ရတဲ့ အချိန်တွေများခဲ့ပါတယ်..။ ကျမကလွဲရင် တစ်ခြားတစ်ယောက်ကိုများ ပိုချစ်မိလေမလား ? ကျမကိုပစ်ခွာထားခဲ့လေမလား စတဲ့ အတွေးပေါင်းများစွာနဲ့ ရင်တွေပူလောင်ရင်း ကျမရဲ့ဘ၀လေး မငြိမ်းချမ်းခဲ့ဘူး..။ ငိုခဲ့ရတဲ့ မျက်ရည်တွေလည်း များလှပြီ..။ ကြိမ်ဖန်များစွာ နာကျင်ရလွန်းလို့ ရင်တွေလည်းနာလှပါပြီ...။ ပူလောင်ရလွန်းလို့ စိတ်တွေလည်း ပင်ပန်းလှပြီ...။ ဒါတွေက ချစ်သူကိုချစ်နေရချိန်မှာ ဖြစ်မိတဲ့ အတ္တကြောင့်ဖြစ်ပေါ်လာတဲ့ ရလဒ်တွေ..။ တစ်ကယ်တမ်းချစ်သူဒုက္ခဆင်းရဲရောက်ချိန်မှာ ကျမပေးနိုင်သမျှ မေတ္တာ ၊စေတနာ၊ ဂရုဏာ၊ မုဒိတာတွေကို ပေးဆပ်ရင်း ချစ်သူကိုအားပေးရင်း ချစ်နိုင်သလောက် ချစ်ခဲ့မိတယ်...။ မချစ်လို့မဟုတ်ပါပဲ အကြောင်းအမျိုးမျိုး ကြောင့်ခွဲခွာသွားကြရတဲ့ ချစ်သူတွေရှိကြပေမယ့် ကိုယ့်အဖြစ်က ဒီလိုကြုံတွေ့ရမယ်လို့လည်း မမျှော်လင့်ခဲ့မိဘူး။ တစ်ကယ်တမ်းကြုံတွေ့ရချိန်မှာ အရမ်းကိုတုန်လှုပ်ခဲ့မိတယ်..။ ချစ်သူကိုစွန့်လွှတ်ရတော့ မှာပါလားဆိုတဲ့အသိက ရင်တစ်ခုလုံးကို ဗြောင်းဆန်စေခဲ့တယ်...။ မငိုပါပဲကျတဲ့ မျက်ရည်တွေဟာလည်း မခမ်းခြောက်နိုင်တော့လောက်အောင်ကို ကျဆင်းနေခဲ့တယ်..။ ဆောက်တည်ရာမရ ဘ၀တစ်ခုလုံး ပျက်သုန်းမလားမှတ်ထင်ရလောက်အောင် နှလုံးသားတွေ ပျက်ကြွေခဲ့တယ်...။ ပျက်ယွင်းသွားတဲ့ အခြေအနေကို မနည်းအားယူတည့်မတ်ရင်း ချစ်သူကို အားပေးဖို့ အင်အားတွေမွေးမြူခဲ့တယ်..။ ချစ်သူကို ချစ်ခွင့်ရချိန်ထိတိုင် အောင် ဆက်ချစ်သွားဖို့...ဆုံးဖြတ်မိတယ်...။ ချစ်သူကိုပိုင်ဆိုင်ချင်တဲ့စိတ် ၊ စွန့်လွှတ်ရမယ့်စိတ် ဒီစိတ်နှစ်ခုနဲ့ ဆက်လက်ရပ်တည်နေရတဲ့ ကျမ ဒီစိတ်နှစ်ခုက ဖြစ်ပေါ်လာတဲ့ ကောင်းဆိုး ခံစားမှု ၊ ၀မ်းနည်းပူဆွေးမှု အားလုံး ကိုကြံ့ကြံ့ခံရင်း ရှင်သန်နေတဲ့ကျမ ချစ်သူနဲ့ပေါင်းဆုံရပါစေလို့ တိတ်တစ်ဆိတ်မျှော်လင့်ချက်မဲ့စွာ မျှော်လင့်နေမိတာလည်း ကျမရဲ့ အချစ်ဆိုသည်မှာပါ......။


Print this post (စာထုတ်ယူရန်)

Creative Commons License

Friday, October 10

ခဏတာ ဘဝ

ချစ်ရတဲ့ ဒုက္ခကို
ချစ်တတ်သူသာ အသိဆုံး...
ကြိမ်မီးအုံးလို ရင်မှာနွမ်းလျှ
ချစ်မိကြင်ခိုက် ခဏတာ...

လွမ်းရတဲ့ ဒုက္ခကို
လွမ်းတတ်သူသာ အသိဆုံး....
ရင်မှာဆွေးမြေ့ တမ်းတတေးနဲ့
လွမ်းရက်ရှည်ခိုက် ခဏတာ...

ခွဲခွာရခြင်းရဲ့ ဒုက္ခကို
ခွဲခွာဖူးသူသာ အသိဆုံး...

အတွေးနဲ့ဆွေးရ မေ့မရ
ခွဲခွာခိုက်မှာ ခဏတာ...

ဝေးကွာခြင်းရဲ့ ဒုက္ခကို
ဝေးကွာဖူးသူသာ အသိဆုံး...
အကွာအဝေးဆိုတဲ့ စကားလုံးတောင်မုန်း
ဝေးကွာနေခိုက် ခဏတာ...

ပန်းပျိုးသူရဲ့ ဒုက္ခကို
ပန်းပျိုးသူသာ အသိဆုံး...
မြေမှုန့်ကပ်ကျန် ဆူးချက်ဒဏ်နဲ့
ခူးသူခြွေခိုက် ခဏတာ...

အသဲကွဲခြင်းရဲ့ ဒုက္ခကို
အသဲကွဲသူသာ အသိဆုံး...
ပျက်သုန်းကြွေလု ခံစားမှုလည်း
ရင်ခုန်မိခိုက် ခဏတာ...။ ။

Print this post (စာထုတ်ယူရန်)

Creative Commons License

Tuesday, October 7

နှစ်ကိုယ်တူမခွဲ လက်တွဲမြဲ...



မိုးလင်းမိုးချုပ်

ချစ်သူ့အသံလေးနဲ့နိုးထရင်း

ချစ်သူအသံနဲ့ အိပ်စက်ရတဲ့

တန်ဖိုးဖြတ်မရတဲ့ နေ့ရက်လေးတွေ…

ချစ်သူရဲ့ ဂရုစိုက်

ကြင်နာယုယသံလေး…

ချစ်သူရဲ့ ဖေးမကူညီ

နွေးထွေးတဲ့ လက်အစုံ..

ချစ်သူ့ရယ်သံတစ်ချက်

ချစ်သူပျော်ရွှင်မှု

ကိုယ့်ကိုအလေးထား

မြတ်နိုးတန်ဖိုးထားမှုတွေ…

စတဲ့အရာအားလုံးဟာ

ကိုယ့်အတွက်

အားအင်တစ်ရပ်ဖြစ်မှန်းမသိ

ဖြစ်ခဲ့မိတယ်…။

ချစ်သူရဲ့ အားနည်းချက်ကို

နားလည်ပေးသလို

ကိုယ့်အားနည်းချက်ကို

နားလည်ပေးရင်း

တစ်ခါတစ်ရံ

လွဲချော်မှုများနဲ့ချစ်သူသက်တမ်းကို

ဖြတ်သန်းကုန်ဆုံးစေခဲ့တယ်..။

တစ်ကယ်တော့

အဆိုးများကြုံကြိုက်ချိန်မှာ

ဒုက္ခဆိုတာ ခဏတာ

ရေပွက်တစ်ခုပါ..။

တစ်ဦးကိုတစ်ဦး

နားလည်ယုံကြည်စွာ

ထာဝရမခွဲပဲ

တို့ရဲ့လက်တွေ

ခိုင်မြဲလျက်

ဆူးခင်းလမ်းဖြစ်ဖြစ်

ပန်းခင်းလမ်းဖြစ်ဖြစ်

ပင်လယ်ပြာတောင်တွေကို

တူညီစွာ ဖြတ်သန်း

ကြည်ဖြူစွာ

လျှောက်လှမ်းရင်ဆိုင်ရင်း


နူးညံ့ခြင်းချစ်ခြင်း သံစဉ်တွေ

တည်ဆောက်နိုင်ဖို့

နှလုံးသားများနဲ့

ဘ၀ကို

တည်ဆောက်ကြပါစို့လား

ချစ်သူရယ်..။




Creative Commons License

Thursday, October 2

ရူးသွပ်မှုများစွာထဲမှ ရူးသွပ်မှုတစ်ခု.......

ကျမနဲ့သူရဲ့ တွေ့ဆုံမှုက သာမာန်သမရိုးကျတွေ့ဆုံမှုသာပါ..။ သူငယ်ချင်းတွေမိတ်ဆက်ပေးရင်း ခင်မင်ခဲ့ကြတာဖြစ်တယ် …။ ရည်းစားတွေထည်လဲတွဲ…အချစ်ဆိုတဲ့ ခံစားမှုကို မခံစားတတ်တဲ့ သူ…. မိန်းမလှများစွာ
ဘေးနားမှာ အမြဲရှိနေတတ်တဲ့ ဒေါင့်မကျိုးတဲ့ သူ… ရည်စားတစ်ယောက်ကို တစ်လထက် ပိုမတွဲတတ်တဲ့သူ…မိန်းမတွေကို အထင်မကြီးမလေးစားတတ်တဲ့သူ… ဒီလို.ခပ်ပေပေ လူတစ်ယောက်ကို ချစ်သူဆိုတာ ဘာမှန်းမသိ စာဂျပိုးမဟုတ်ခဲ့ပေမယ့် ကျောင်းစာ ကိုသာ ကောင်းစွာနားလည်တတ်ပြီး အချစ်ဘာသာကို မတတ်ကျွမ်းတဲ့ ကျမ…. သာမာန် ရွက်ကြမ်းရေကျိုမိန်းမတစ်ယောက်ဖြစ်တဲ့ ကျမ… ဘယ်လို နှောင်ကြိုးနဲ့ချိတ်ဆက်တွယ် ရစ်မှန်းမသိတွယ်ရစ်မိလိမ့်မယ်လို့ ဘာကြောင့် မမျှော်လင့်ခဲ့မိပါလိမ့်..။

ခပ်ဂျစ်ကန်ကန်ပုံစံတွေကိုသဘော ကျတတ်တဲ့ကျမအတွက်သူ့ရဲ့ဂျစ်ကန်ကန်ပုံရိပ်ဟာ ထူးဆန်းစွာသဘောကျစရာ ဖြစ်ခဲ့ တယ်…။ ကျမနဲ့စဆုံစဉ်မှာ သူ့စိတ်ထဲမှာ ကျမဟာ သာမာန်မိန်းကလေးတစ်ယောက် မျှသာ နေရာရခဲ့တယ်..။ သူ့ဘေးနားက နံပါတ်စဉ်တွေနဲ့ပျော်မြူးနေတဲ့ သူ့ကို သူငယ် ချင်းတစ်ယောက် မိတ်ဆွေတစ်ယောက်အဖြစ်နဲ့ သူ့ကိုတိတ်ဆိတ်စွာ သဘောကျခဲ့မိ တယ်…။ ကျမတို့တွေရဲ့ ခင်မင်ရင်းနှီးမှုက ၃လအတိုင်းအတာကို ရောက်ချိန်ထိအောင် မထူးခြားခဲ့ပါဘူး..။ ကျမတို့အဖွဲ့ ပျော်ရွှင်စွာ လည်ပတ်သွားလာမှုမှာလည်း သူ့ကို တိတ်ဆိတ်စွာ ခိုးကြည့်ရင်း ကျမကျေနပ်ခဲ့ရတယ်..။


ဒီလိုပေါ့းပါးစွာဖြတ်သန်းရင်း တစ်နေ့…

ကျမတို့အဖွဲ့ဆိုင်ထိုင်ရင်း မိုးတွေရွာလာခဲ့တယ်..။ မိုးရေကိုသိပ်ကြိုက်တဲ့ ကျမက မိုးရေထဲမှာ ဆက်လက်ထိုင်ချင်တဲ့စိတ်ကို ထိန်းမရခဲ့ဘူး..။ အားလုံးကို မိုးရေထဲမှာဆက်ထိုင်ဖို့ စိန်ခေါ်မိချိန်မှာ ကျမကို အရူးတစ်ယောက်လို ကြည့်ရင်း တစ်ယောက်ကမှ သဘောမတူခဲ့ဘူး..။ အဲဒီအချိန်မှာ သူရဲ့ စကားတစ်ခွန်းက ကျမအလိုကိုဖြည့်ဆည်းပေးခဲ့တယ်..။
“ မင်းမိုးရေထဲမှာ ဆက်ထိုင်ချင်တယ်ဆို ဆက်ထိုင်ပါ……။ ကိုယ်က မင်းအတွက် ပြိုင်ဘက် လုပ်ပေးမယ်…။ မိုးကအရမ်းသည်းနေတယ် ဘယ်အချိန်တိတ်မယ်မှန်းမသိဘူး ဆိုတာတော့ မင်းသိတယ်မလား…။တစ်ခုတော့ ကတိတည်ရမယ်… ကိုယ်နိုင်ရင် မင်းကိုယ်တောင်းဆိုတာကိုပေးရမယ်.. ဘယ်လိုလဲ..’’ ထီမထင်မျက်နှာနဲ့ သူ့မျက်လုံးက လှောင်ပြုံးတွေကို ကျမ ခပ်တည်တည်စိုက်ကြည့်ရင်း ……………
“ ကောင်းပြီလေ…ကျမကို အဖော်လုပ်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့…။ ကျမသဘော တူပါတယ်..။ ’’ သူငယ်ချင်းအားလုံးရဲ့ တားမြစ်သံကို လစ်လျူရှုရင်း ဆက်ထိုင်နေခဲ့မိတယ်။ ဒီလိုမိုးထဲမှာ ထိုင်ခဲ့မိတဲ့ အကျိုးက သူနဲ့ကျမအတွက် ထူးခြားတဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့မယ်မှန်း အစကသိခဲ့ရင် ကျမထိုင်ခဲ့မိမယ်မထင်ဘူး..။ အဲဒီနေ့က မိုးတွေ တော်တော်နဲ့မတိတ်ခဲ့ပါဘူး..။ မိုးရေထဲမှာ နှာချေရင်း အချမ်းဒဏ်ကို အံတုခံခဲ့တဲ့ ကျမကို တစ်စိမ့်စိမ့်ကြည့်ရင်း သူ့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်နဲ့ တူတယ်လို့ နာမည်တပ်နေခဲ့တယ်ဆိုတာ နောက်ပိုင်းမှာ သိခဲ့ရတယ်…။

အဲဒီနေ့က သူလည်းမနိုင်ခဲ့သလို ကျမလည်းမရှုံးခဲ့ပါဘူး…။ ဒါပေမယ့် နောက်နေ့မှာတော့ သူစစ်ဆေးရုံကို ၃ရက်တက်လိုက်ရတာပါပဲ…။ ကျမကတော့ အမြဲတမ်း ချူချာနေကြဖြစ် လို့ အအေးမိဖျားနာရုံနဲ့ပြီးသွားခဲ့တယ်..။ သူဆေးရုံတက်ရချိန်မှာ ကျမရင်ထဲကို ဘာအကြောင်းပြချက်မှမပါပဲ အပူတွေဆင့်ပွားမိတာလည်း အခါခါပါပဲ…။

**********************************************************************

ဒီကစားပွဲကနေ ကျမထိတ်လန့်စွာ သတိထားမိတာကတော့ ကျမသူ့ကို ဘယ်အချိန် ဘယ်နေရာမှာ စချစ်မိတယ်ဆိုတာ မသိလိုက်ရပဲ ချစ်မိသွားပြီဆိုတဲ့ အသိစိတ်ကလေး…။ ကျမသူ့ကိုချစ်မိသွားပေမယ့် ကျမကိုမချစ်တဲ့သူ့အတွက် ရှေ့ဆက်ဖို့ ကျမအတွက် နေရာမရှိခဲ့ပါဘူး…။ ကျမသူ့ကို အဖြူသက်သက်ချစ်ခဲ့မိတယ်ဆိုတာကိုလည်း နောက်ပိုင်းမှ ပိုသိလာခဲ့ရတယ်..။ ကျမရဲ့မေတ္တာ ၊ သစ္စာတွေအားလုံးကိုလည်း ကျမတစ်ယောက်တည်း တိတ်ဆိတ်စွာ ပြန်လည် သိုဝှက်ထားခဲ့ရတယ်…။ သူကတော့ထုံးစံအတိုင်း သူ့လုပ်ရပ်တွေကို မငြီးမညူလုပ်ဆောင်ရင်း အချိန်တွေကို ကုန်ဆုံးပစ်ခဲ့တယ်…။

ဒီလိုနဲ့ ကျမတို့ဖြတ်သန်းလာလိုက်တာ သူဟာ ကျမအတွက် ကျမလို အပ်ချိန်တိုင်း မသိလိုက်မသိဘာသာ ပြိုင်ဘက်တစ်ယောက်အဖြစ် ၄င်း သူငယ်ချင်းတစ်ယောက်အဖြစ် ၄င်း ရပ်တည်ပေးခဲ့တယ်..။

တစ်နေ့မှာတော့ သူ့ဘက်ကစတင်ပြီး ..ကျမကို စိန်ခေါ်မှု ပြုခဲ့တယ်..။
“ ပိုး …. မင်းနဲ့ငါ ပြိုင်ပွဲတစ်ခု ပြိုင်ကြမယ်…။ မင်းနိုင်ခဲ့ရင် ငါ့ကိုမင်းတောင်းဆိုတာ ငါလုပ်ပေးမယ်…။ ငါနိုင်ခဲ့ရင် ငါတောင်းဆိုတာကို မင်းလိုက်လျောရမယ်…။’’ ကျမမျက်လုံးတွေ အံ့သြမှုတွေဖုံးလွှမ်းရင်း သူ့ကို မော့ကြည့်ခဲ့မိတယ်…။
“ပြောကြည့်လေ…နင့်ပြိုင်ပွဲက ဘယ်လိုပြိုင်ပွဲမျိုးလဲဆိုတာ….. ’’
“နင်လုပ်နိုင်မှာပါ….။ ဘာလဲဆိုတော့ နင်ငါ့ချစ်သူအဖြစ် ၁ရက်လောက်နေပေးပါ…။ ’’
“ ဘာ…………..’’သူ့စကားသံအဆုံးမှာ ကျမမျက်လုံးတွေပြာကုန်တယ်… စိတ်တွေလည်း ယောက်ယက်ခတ်ကုန်တယ်..။ မဖြစ်နိုင်တာ တစ်ကယ်ကိုမဖြစ်နိုင်တာ …။ သူကျမစိတ်ကို သိနေလို့များ စော်ကားလိုက်လေသလား…။
“ငါတစ်ကယ်ပြောနေတာပိုး…..ဘယ်လိုလဲ နင်သတ္တိမရှိဘူးလား…။ ’’သူ့စကားသံတွေကို နားထောင်ရင်း ပြောထွက်ရဲခဲ့တဲ့သူ့ကို အံ့သြမိပါရဲ့…။နင့်မှာ တခြားချစ်သူတွေမရှိတော့ဘူး တဲ့လား မင်းထင်ရယ်….။
“ဟေ့ ပြောလေကွာ…မင်းကငါတစ်ခါမှမတွဲဖူးသေးတဲ့ အသစ်အဆန်းလေးမို့ ငါဒီပြိုင်ပွဲရဲ့ သခင်မအဖြစ် ခန့်လိုက်တာနော်…မင်းစဉ်းစားပေါ့…။ ’’
တစ်ဆိတ်တော့ လွန်ပြီရှင်ရယ်…။
“ကောင်းပြီလေ…ငါစဉ်းစားမယ်…။ ဘယ်နေ့လဲဆိုတာ ငါ့ကိုပြောခဲ့ ဘယ်နေရာလဲ…။ ’’
“လာ မယ့်စနေ…မင်းတို့ကျောင်းကန်တင်း… ’’
ဘယ်လိုမှကို အဓိပ္ပာယ်မရှိတဲ့ဖြစ်ရပ်တစ်ခု လုပ်ရပ်တစ်ခုကို ကျမဘာကြောင့်များလက်ခံ ဖို့စဉ်းစားခဲ့တာလဲ…။ သဘာဝမကျတဲ့ ဖြစ်ရပ်တစ်ခုမှာ ကျမဘယ်လို ဆက်လက်ကပြရ မလဲ…။ ဒါပေမယ့်……..
စနေနေ့ မနက်၉နာရီ………..
“ငါကလာမယ်တောင်ထင်မထားဘူး…။ မင်းကဒီလိုလာလိုက်တော့ ငါ့အနေနဲ့ တစ်နေကုန် မင်းကို ငါ့ချစ်သူအဖြစ် နေပေးရမှာ ပျင်းလိုက်တာကွာ…။ ငါ့ပြိုင်ပွဲမှာ ငါအလွယ်တကူ ရှုံးမယ်ဆိုတာ သိရဲ့နဲ့ ငါတမင်ပြိုင်လိုက်မိတာ စိတ်ဝင်စားစရာကောင်းမလားလို့ကွာ… ခုတော့ ……………. ’’
“ ဘယ်လိုမင်းထင်………..’’
“ကဲပါပိုးရယ်…ငါ့ရှုံးပြီ….ပြောနင်ဘာလိုချင်လဲ ’’ထီမထင်မျက်နှာနဲ့ မေးလိုက်တဲ့ သူ့အသံ ကို ဆက်လက်ကြားနိုင်စွမ်းမရှိခဲ့ဘူး…။ ကျမရှက်လိုက်တာ သူသိပ်စော်ကားတာပဲ ကျမကို သူသိပ်အထင်သေးတာပဲ…။


“နင့်ပေါ်မှာ ငါအကြွေးရှိတယ်လို့ပဲ မှတ်ထားပေးပါ မင်းထင်……. ’’ပြောပြီးလှည့်အထမှာ
ကျမမျက်လုံးတွေပြာဆင်းရင်း လောကကြီးကို ခေတ္တခဏ မေ့လျော့သွားခဲ့တယ်…။
“ဟာ…ပိုး…ပိုး… ’’သူ့ရဲ့အသံကို နောက်ဆုံး ကြားယောင်ရင်း……….
“ပိုး..ပိုး…ငါနင့်ကိုစတာ …ဟာ ပိုး ထပါ ထပါကွာ အဲလိုကြီးမလုပ်ပါနဲ့ကွ..မင်းကချစ်စရာ ကောင်းအောင် သိပ်စချင်လောက်အောင် အခဲ့လို့ ငါမင်းကိုစတာပါကွာ…. ’’ကယောင်ကတမ်း ယောင်ယမ်းအော်ရင်း…လက်ထဲမှ ပိုးကို တစ်ဖွဖွခေါ်နေတဲ့ မင်းထင် အော်သံကိုလည်း ပိုးမကြားနိုင်တော့ဘူး…။

****************************************************************************

အားလုံးပြီးဆုံးသွားပြီး …တစ်လအကြာမှာတော့ ကျမစိတ်တွေ ပုံမှန်လည်ပတ်ခဲ့တယ်..။ ရှက်လွန်းအားကြီးလို့ ကျောင်းတောင် ပြန်မတက်နိုင်ခဲ့ဘူး..။ သူငယ်ချင်းတွေအားလုံးရဲ့ မျက်နှာကိုလည်း မကြည့်ရဲခဲ့ဘူး…။ သူလာတိုင်းလည်း ပတ်ပြေးရတဲ့ ဒုက္ခကိုလည်းခါးဆီးခံစားတတ်ခဲ့ပြီ..။ သူ့စကားသံတိုင်းကိုလည်း ကြောက်ရွံ့တတ်ခဲ့ပြီ…။ သူ့အမူအရာတိုင်းကိုလည်း မုန်းတီးတတ်ခဲ့ပြီ…။
သူဟာ ကျမအတွက် စိတ်ကြိုက်ဖန်တီးခွင့်ရှိတဲ့ စီစဉ်ရေးဆွဲခွင့်ရှိတဲ့ ဗွီဒီယို ဇာတ်လမ်းတစ်ပုဒ်မှ မဟုတ်ခဲ့တာ….။
အမှတ်တရများစွာထဲက အမှတ်တရတစ်ပုဒ်လည်းမဟုတ်ခဲ့ပါဘူး…။
တစ်သက်မှာ တစ်ခါသာဖြစ်ပေါ်ခဲ့တဲ့ အချစ်နဲ့အတူ ကြောက်ရွံ့တုန်လှုပ်စေတဲ့ တန်ခိုးရှင် သက်သက်သာပါ…။
ကျမသူ့ကို မနာကြည်းနိုင်ပဲ ကြောက်ရွံ့ခဲ့မိတယ်…….။
အချစ်တွေဖောဖောသီသီများပြီး သိပ်ချစ်တတ်တဲ့သူနဲ့ ရှားပါးစွာချစ်မိသွားတဲ့ ကျမ အတွက် မှားယွင်းစွာ ပေးတွေ့ဆုံတဲ့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ အပြစ်ဆိုရမလား..။ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို တစ်ဖွဖွရွတ်ဆိုရင်း အဓိပ္ပာယ် တိကျစွာ မသိတဲ့ သူ့အတွက် အချစ်စစ်ဆိုတဲ့ ခံစားမှုအစစ်အမှန်ကို တိကျစွာမသိရှိနိုင်တာ ကျမအတွက် ကံဆိုးမှုတစ်ခုတဲ့လား..?။


***************************************************************************

“ပိုး………….

နာမည်လေးကချစ်ဖို့ကောင်းလိုက်တာ….ပိုးရွှေဝါတဲ့လား… သူမက ကျနော့်အတွက်.. သာမာန် ပုစ္ဆာတစ်ပုဒ်မျှသာနေရာယူခဲ့တာပါ..။ ပိုးကို ကျနော် သတိထားမိခဲ့တာ နာမည်လေး တစ်ခုကလွဲလို့ကျန်တာ သာမာန်သာပဲ..။ ပိုးနဲ့ခင်ရတာ စိတ်ထဲမှာတော့ ပျော်ရွှင်မိတယ်…။
ပိုးက သိပ် အတဲ့ မိန်းကလေးတစ်ယောက်ဆိုတာ ကြာလေ ပိုသိလာတယ်..။ ပိုးဆိုတဲ့ ပုစ္ဆာ တစ်ပုဒ်ကို စတင်စိတ်ဝင်စားမိတာ… မိုးရွာထဲမှာ အတူထိုင်ခဲ့ချိန်ကပေါ့..။ အချမ်းဒဏ်ကိုကြံ့ကြံ့ခံရင်း မိုးရေထဲမှာ ပျော်မြူးနေတဲ့ ပိုးရဲ့ပုံရိပ် လေးဟာ နှလုံးသားထဲမှာ စွဲထင်သွားခဲ့မယ်လို့ မမျှော်လင့်ခဲ့မိဘူး..။ ဒါကိုလည်း အချစ်စစ်လို့ မထင်ခဲ့မိဘူး..။ ပိုးကိုချစ်တဲ့အချစ်က ရယူလိုမှု ပိုင်ဆိုင်လိုမှု မပါဝင်ခဲ့ဘူး..။ ပိုးမသိအောင် တိတ်တစ်ဆိတ် ခိုးကြည့်ရင်း ပိုးနဲ့အတူ ပြိုင်ပွဲတွေပြိုင်ရင်း ပိုးအနားမှာ နေရချိန်လေးကို တက်မက်လာတယ်..တွယ်တာလာခဲ့တယ်..။ အရာတိုင်းကို ထူးဆန်းစွာ ပြုမူတတ်ခဲ့တဲ့အကျင့်အတိုင်း ပိုးကို ချစ်နေမိပြီမှန်း သိပြီးနောက်မှာ ပိုးကို ဖွင့်မပြောဖို့ ထိန်းချုပ်ရင်း၊ ပိုးရဲ့ မယုံကြည်မှုကို လက်မခံနိုင်ရင်း… ပိုးကိုချစ်တဲ့စိတ်တွေကို မျိုသိပ်ထားခဲ့တယ်..။ ဒါပေမယ့် ပိုးကို ဖွင့်ပြောဖို့ အကြောင်းအရင်းက တွန်းအားများလာတော့ ဖွင့်ပြောဖို့ကြိုးစားမိခဲ့တယ်..။ သူများနဲ့မတူအောင်လည်း ဖွင့်ပြောချင်ခဲ့တယ်..။ ထုံးစံအတိုင်း ပိုးကိုစိန်ခေါ်ပွဲလေးပြုပြီး…ပိုးကိုရင်ဖွင့်ဖို့ ရည်ရွယ်မိခဲ့ ပေမယ့်…ပိုးကိုစချင်စိတ်…ပိုးကိုဖွင့်ပြောဖို့ အရှိန်ယူရမှုနဲ့ အရာအားလုံး မထင်မှတ်စွာ ကံကြမ္မာကြီးက လှည့်စားခဲ့တယ်..။ ကျနော်ချစ်မိတယ်ဆိုတာ ပိုးလုံးဝမသိခဲ့ဘူး…။ ပိုးရယ်
မင်းရဲ့ဖြူစင်တဲ့အမူအရာလေးတွေ..ကိုယ့်ကိုခိုးခိုးကြည့်တတ်တဲ့ အပြုအမူလေးတွေကို ချစ်ခဲ့မိတယ်ပိုးရယ်…။ ဘယ်သူမှမသိခဲ့ပေမယ့် ကျနော့်နှလုံးသားလေးတော့ သိခဲ့တယ်..။ ချစ်တယ်ပိုးရယ်………ဒါပေမယ့်……ကျနော် ဖွင့်ပြောခွင့်မရခဲ့ပါဘူး..။ ဖွင့်ပြောတော့မှာ လည်းမဟုတ်တော့သလို ကျနော့်အချစ်တွေကိုလည်း သူသိချင်လိမ့်မယ် မထင်ခဲ့မိဘူး။ မိုးရေထဲမှာ မသိဆိုးဝါးစွာ လိုက်ရှာမိတဲ့ မျက်ဝန်းတစ်စုံ နဲ့ နှလုံသားရဲ့ တောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်ပေမယ့် ပိုးကိုချစ်မိတယ်လို့ သိသွားပြီးချိန်ကစလို့ ဘယ်မိန်းကလေးကိုမှ ထပ်ချစ်မရတော့တာ... တိတ်ဆိတ်စွာ သစ္စာရှိနေတာတွေအားလုံးကို ပိုးမသိခဲ့ပေမယ့် ပိုးသိဖို့ မကြိုးစားခဲ့ပေမယ့် ပိုးနှလုံးသားလေးကတော့ ခံစားတတ်မယ်ဆိုတာ ယုံကြည်မျှော်လင့်ဆဲပါ.... ။’’


****************************************************************************

တစ်ခါတစ်ရံမှာ အချစ်ဆိုတာ လှည့်စားတတ်တဲ့ သက်တန့်လေးတဲ့လား…? အချစ်ဆိုတာနဲ့ ဆုံဆည်းတွေ့ဆုံခွင့်ရပေမယ့်.. အချစ်ဆိုတဲ့ အရာနဲ့ အကြောင်းကံမပါ တဲ့အချိန်မှာ ကိုယ့်အတွက် အလှဆုံးသော အိမ်မက်တစ်ပုဒ်ကို မက်ခွင့်ရခဲ့တယ်လို့ပဲ သတ်မှတ်ရတော့မှာလား..။ ကိုယ်ကချစ်မှန်းသိရဲ့နဲ့ ကိုယ့်ကိုချစ်မှန်းသိရဲ့နဲ့ ချစ်ခွင့်မရခဲ့တဲ့ ကံကြမ္မာဆိုးကိုလည်း တစ်ဆိတ်ကြောက်ရွံ့မိပြန်တယ်..။ ရင်ခွင်မှာရှိတဲ့ ဝေဒနာကို ထုတ်ပြခွင့်မရခဲ့ပဲ စကားလုံးတိုင်း ပျောက်ဆုံးဆိတ်သုန်းနေခဲ့မိခဲ့တာလည်း ကံတရားပဲ လား..?..။အရာအားလုံး ပြီးဆုံးသွားပေမယ့် တစ်ယောက်ရင်ထဲက ခံစားချက်အားလုံး မပြီးဆုံးသွားနိုင်တာ လေးနက်တဲ့အချစ်တစ်ခုပဲလား?.။ ဘယ်လောက်မုန်းတီးနာကြည်းအောင် လုပ်ခဲ့မိပါစေ.. မမုန်းတီးမနာကြည်းနိုင်တာလည်း အချစ်တစ်ခုပဲလား...?။ အရာအားလုံးကို ခွင့်လွှတ်သည်းခံရင်း တိတ်ဆိတ် စွာ ချစ်မိသွားတဲ့ ရယူပိုင်ဆိုင်လိုစိတ်ကင်းစွာ ချစ်မိသွားတဲ့ အချစ်တစ်ခုအတွက် ရူးသွပ်မှုတစ်ခုလို့ ခေါင်းစဉ် တပ်မယ်ဆိုရင်လည်း... ဒီအဖြစ်အပျက်လေးရဲ့ ဖြစ်ပျက်မှုဟာ ရူးသွပ်မှုများစွာထဲက ရူးသွပ်မှုတစ်ခုပါ...........။


Creative Commons License
Related Posts Plugin for WordPress, Blogger...