Wednesday, July 30

တစ်ခါတုန်းက..

ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ..ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း ..

လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ မမေ့နဲ့ခုချိန်မျိုး..ငိုချလိုက်အုံး ..တိမ်တွေလို ကြွေပြီ မျက်ရည်မိုး....

ဂျဲနီ နဲ့ ရသဆိုထားတဲ့ တစ်ခါတုန်းက သီချင်းလေပါ..။

သူငယ်ချင်းတစ်ယောက် ပုံဖော်ထားတာလေးကို သဘောကျလို့ ပြန်ကူးတင်လိုက်ပါတယ်..။

ဝေးကွာနေတဲ့ ချစ်သူတွေအားလုံး ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပါစေလို့..ဆုတောင်းပါတယ်..း)..။

ပန်းခရေ(ရင်တွင်းဖြစ်)


Tuesday, July 29

တိုင်တည်ခြင်း

မိုးသည်းနေတဲ့အချိန်မှာ
ချစ်သူလက်ကလေးကိုတွဲပြီး
လမ်းလျှောက်ရတဲ့အဖြစ်ကိုလည်း
မက်မောမိသား..။

ချစ်သူရဲ့ အလေးထား
တန်ဖိုးထား ဂရုစိုက်မှုကိုလည်း
အပြည့်အ၀လိုချင်မိသား...။
အလုပ်နဲ့ချစ်သူ..
ချစ်သူကို ဦးစားမပေးရင်တောင်မှ
နားလည်မှုနဲ့ အလေးထားမှု
လိုချင်တောင့်တမိသား...။

မအားတဲ့ကြားက
ချစ်သူကိုအချိန်ပေးပြီး
ပြေးတွေ့တဲ့အဖြစ်မျိုးလည်း
လိုချင်မိသား..။

အလုပ်သိပ်များချိန်
အော်ထုတ်တဲ့ အသံလေးကို
နားလည်စွာ နှစ်ခြိုက်မိပေမယ့်.
မအားသေးလို့ပါကွာဆိုတဲ့
ဟန်ဆောင်နှစ်သိမ့်မှုမျိုးရင်နာစွာခံစားမိသား....။

ချစ်သူကိုခံစားချက်တွေဖွင့်ပြတော့...
ချစ်သူရဲ့ ဖြေရှင်းသံလေးတွေကိုနားထောင်ပြီး..
ထုံးစံအတိုင်း နားလည်သည်းခံပေးပြီးသား....။

ဒီလိုနဲ့...ကိုယ့်ခံစားချက်အားလုံးကို
ချစ်သူနားလည်ခြင်းနားမလည်ခြင်းထက်
ချစ်သူဖြေရှင်းသံပြုမူပြောဆိုဆက်ဆံမှုတွေကို
နားလည်ရင်း
ငါ့သံသရာကြီးးလည်ပတ်နေလိုက်တာလည်း..
အကြိမ်ပေါင်းမနည်းတော့ဘူး...။

နောက်ဆုံးတော့ကံကြမ္မာကို
နားပူနားဆာမလုပ်တတ်တဲ့
ကိုယ်ကဒီလို တိုင်တည်မိသတဲ့...။

ကံကြမ္မာကြီးရယ်..
နင့်ကိုငါ
အကောင်းဆုံး မိတ်ဆွေအဖြစ်သတ်မှတ်ပါတယ်..
ငါ့ကိုတစ်ကြိမ်တစ်ခါလောက်
ကံကောင်းခြင်းတွေ ပေးလိုက်ပါတော့လားကွာ...။.

ပန်းခရေ(ရင်တွင်းဖြစ်)

Friday, July 25

နှလုံးသားရဲ့ ဆန္ဒတစ်စုံ..


မိုးတွေရွာသွန်းနေတဲ့ည.
ရထားပေါ်မှ
ကြောက်စိတ်တွေသိုဝှက်
မျက်ဝန်းတွေခ၀ါချရင်း
ဆင်းသက်လာတဲ့ကျမ..

ရုတ်တရတ်
အိတ်ကိုလာဆွဲကိုင်ရင်း
လက်ကလေးတစ်စုံရဲ့နွေးထွေးမှုကို
ထိတွေ့လိုက်ချိန်မှာ
ငါ့ဘ၀အတွက်
အလေးအနက်အားကိုးစရာ
လက်တွဲဖော်အစစ်အမှန်
ကို သာဖြစ်ကြောင်း..
နှလုံးသားက ထောက်ခံမိသတဲ့..။

ကို့ အပေါ် အားကိုးမိတဲ့စိတ်
ကို့မျက်နှာမြင်ရချိန်ခဏလေးမှာ
ပျော်ရွှင်ဝမ်းသာမိတဲ့စိတ်
ကို့ စကားသံလေး ကြားလိုက်ရချိန်မှာ
ရင်ခုန်မိတဲ့..နှလုံးသား
ကို့ ဦးဆောင်မှု အောက်မှာ
ယုံကြည်ကိုးစားမိတဲ့စိတ်..
ဒီစိတ်ရဲ့နောက်ကွယ်မှာ
ဖော်မပြနိုင်တဲ့
ခံစားမှုတွေလည်း
ပါလေရဲ့....။

ဘာဆိုဘာမှမတောင်းဆိုချင်ပါဘူး
ဘာမှမချုပ်နှောင်ချင်ပါဘူး
ဘာမှ သိုဝှက်မထားပါဘူး
ဘာမှ မပိတ်ပင်မတားဆီးချင်ပါဘူး...

ဒါပေမယ့်
ငါတစ်ခုတော့ တောင်းဆိုပါရစေ
ငါ့ရင်ထဲက
မြတ်နိုးတန်ဖိုးထားမှုနဲ့
ယုံကြည်ကိုးစားမှု
ခံစားချက်ကိုတော့
တစ်ဆိတ်မဖျက်ဆီးပါနဲ့လား
ချစ်သူရယ်...။


ပန်းခရေ(ရင်တွင်းဖြစ်)






Thursday, July 17

ဝါဆိုအတွေးး


ကံဆိုတဲ့အကြောင်းတရားကနေ..ဖြစ်ပေါ်လာတဲ့..သံသရာစက်ဝန်းကြီးတစ်ခုကို..တွေးတောမိတဲ့ အကြောင်းတစ်ရားတစ်ခုပါ..။ ကံဆိုတာ သတ်မှတ်ထားပြီးသား..အရာတစ်ခု..။ ရှိပြီးသားအရာတစ်ခု..။ အဲဒီကမှတစ်ဆင့် လူတွေရဲ့စိတ်ဆိုတာ ဖြစ်ပေါ်လာတယ်..။ စိတ်ရဲ့စေစားရာကြောင့် လူတွေလောဘ၊ မောဟ၊ ဒေါသ ၊စတဲ့ မီးသုံးမျိုးတောက်လာတယ်..။ အဲဒီကမှတစ်ဆင့်.. ၀ဋ် ဆိုတဲ့ အကျိုးတစ်ရားကိုရောက်သွားပါတယ်။ ဒီသံသရာစက်ဝန်းကြီးထဲမှာ လူတွေဟာ အမျိုးမျိုးအဖုံဖုံလည်ပတ်နေကြတယ်..။ ဒီလိုသုံးသပ်မိတာ..ဥပမာ တစ်ခုကို သာဓကယူပြီး တွေးတောမိပါတယ်..။





မြတ်စွာဘုရားရှင်ကိုယ်တော်ဟာ..လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာပြီးတဲ့နောက်.. နောက်ဆုံးဘ၀ ပရိနိဗ္မာန်စံယူတော်မူခါနီးအချိန်ခါတွင် ၀ဋ်၏အတုန့်လှည့်ကိုခံစားရတော်မူလေသည်။ ပါရမီနုစဉ်ချိန်ခါဘ၀တုန်းက.. နွားဘ၀သို့ရောက်တော်မူစဉ်.မိခင်နွားမကြီး ရေသောက်ဆင်းတော်မူသည်ကို.. ဘေးမှဖြတ်ပြေး ဆော့ခြင်းကြောင့် ရေနောက်သွားခဲ့သည်။ မိခင်နွားမကြီးမှာ သားတော်နွားကလေးကို နို့ချိုတိုက်ကျွေးတော်မူပြီးခါစ ဆာလောင်မွတ်သိပ်စွာ ရေနောက်ကို သောက်တော်မူရလေသည်။


ဤဖြစ်စဉ်တော်ကြောင့် နောက်ဆုံးဘ၀တွင် ၀မ်းတော်လား၍ အားအင်ကုန်ခမ်းသဖြင့် ရေကြည်တစ်ပေါက် သောက်တော်မူလိုရာ ရေကြည်မရ ရေနောက်သာရတော်မူလေသည်။ ညီတော်အာနန္ဒာ ရေခပ်စဉ်တွင် လှည်းသားငါးရာ ဖြတ်သွားသောကြောင့် ရေများနောက်ရခြင်းဖြစ်လေသည်။


ဤအကြောင်းအရာကိုကြည့်ခြင်းအားဖြင့် နွားဘ၀ရောက်သည့် ကံ...ထိုမှတစ်ဆင့် နွားကလေးသည် ဗိုက်ပြည့်ပြီးချိန် နွားကလေးတို့သဘာဝ ဆော့ချင်စိတ်ကလေး...ပြေးလွှားဆော့ချင်မိတဲ့စိတ်ကလေး.. ဒီစိတ်ကလေးကတစ်ဆင့် ပြေးလွှားမိတဲ့ လောဘ..မောဟမီးတောက်လေး.. ဒီကမှတစ်ဆင့် နောက်ဆုံးဘ၀ ၀ဋ်ခံစားရခြင်း ၀ဋ် ....။ ထိုမှ..ညီတော်အာနန္ဒာ ရေခပ်စဉ် လှည်းသားငါးရာ ဖြတ်သန်းသွားကိုသွားရမည့် ကံ .. ထိုကံစေ့စော်ခြင့်ကြောင့် ဖြတ်သန်းသွားချင်တဲ့ စိတ်...ဖြတ်သန်းသွားသည့် လောဘ...မောဟ မီးတောက်.. ရေနောက်ရသည့် ၀ဋ်ဟောင်းချေသည့် ၀ဋ်ကြွေးသစ်တစ်ခု..။


ဒီလိုသံသရာစက်ဝန်းထဲက လှည့်ပတ်နေတဲ့ အကြောင်းအကျိုး လေးခုကို သုံးသပ်မိပါတယ်..။ ဒီလည်ပတ်မှု သံသရာကိုကြည့်ခြင်းဖြင့် လူ့ဘ၀ ဖြစ်တည်မှု ၊ ပျက်ဆီးမှု ၊ အရာအားလုံးတို့ဟာ ဒီသံသရာစက်ဝန်းကြောင့် ဖြစ်ပေါ်ရတယ်လို့ မြင်မိပါတယ်..။ လူ့ဘ၀မှာ ကံတရားက ပုံသေသတ်မှတ်ပြီးသား ထိုမှစိတ် ၊ စိတ်မှတစ်ဆင့် လောဘ ၊ မောဟ ၊ ဒေါသ ၊ စတဲ့ မီးတောက်သုံးမျိုး တောက်လာတယ်..။ အဲဒီကမှတစ်ဆင့် ၀ဋ်ဆိုတာ ဖြစ်လာပါတယ်..။


ဒါကိုကြည့်ခြင်းဖြင့် ဒီသံသရာကိုဖြတ်မယ်ဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ စိတ်ကို ဖြတ်ရမယ်..။ ဒီစိတ်ကမှတစ်ဆင့် ဆင့်ပွားဖြစ်ပွားနေတဲ့ လောဘမီးတောက်တွေ ကိုသတ်နိုင်မှာဖြစ်တယ်..။ ပုထုဇဉ်လူတိုင်းဟာ လောဘမီးကိုလည်း မငြိမ်းသတ်နိုင်သေးသလို စိတ်ကိုလည်းမဖြတ်နိုင်သေးပါဘူး..။ စိတ်ကိုပြတ်အောင်ဖြတ်နိုင်ခြင်းဟာလည်း နိဗ္မာန်ကို လှမ်းမျှော်နိုင်ခြင်းပါ..။ မမြဲတဲ့ဖြစ်ပျက်သဘောလေးကို ဆင်ခြင်သုံးသပ်ရင်း စိတ်ကိုဖြတ်နိုင်အောင်ကြိုးစားနိုင်ဖို့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ မီးတောက်တွေကို ငြိမ်းနိုင်သမျှငြိမ်းအောင် နည်းနိုင်သမျှနည်းအောင် ကြိုးစားရမယ်...။


တစ်ကယ်တော့ လူ့ဘ၀ဆိုတာ ဖြစ်ပြီးပျက်တယ်လို့ ပြောဆိုကြတဲ့အတိုင်း မွေးဖွားခြင်းနဲ့ရှင်သန်းခြင်းဟာ တစ်ကယ်ကို အချိန်တိုခဏလေးပါ..။ လူ့သက်တမ်းကို တစ်ရာလို့သတ်မှတ်ထားကြပေမယ့် တစ်ကယ်တမ်း ရှင်သန်ဖြစ်တည်ခြင်းနဲ့ သေဆုံးပျက်ဆုံခြင်းဟာ တစ်စက္ကန့်ရဲ့ အပုံတစ်ရာပုံ တစ်ပုံ ဖြစ်တဲ့ လျှပ်တစ်ပျက်ကလေး အတွင်းမှာပဲ ဖြစ်ပျက်သွားခြင်း ဖြစ်တယ်..။ ဒါကြောင့် ဖြစ်ခြင်းနဲ့ပျက်ခြင်းဟာ လျှပ်တစ်ပျက်အတွင်း ဖြစ်ပေါ်တဲ့အတွက်ကြောင့် လူ့ဘ၀မှာ ရှိတဲ့ ဖြစ်ခြင်းပျက်ခြင်းကို နေ့တိုင်း ၊ အချိန်တိုင်း ဖြစ်ပျက်နေပါတယ်..။ ဒါကြောင့် လူတိုင်းရဲ့ ဦးနှောက်အသိဥာဏ် မှတ်သားမှုဟာလည်း တစ်ကယ်တမ်း ဖြစ်ပျက်နေပါတယ်..။


လ၀ါဆိုပြည့်နေ့မိုးလင်းအစောမှာ တွေးတောကြားနာ မိတဲ့အတွေးတစ်ခုလေးပါ..။ဒီလိုတွေးတောပေမယ့် ကျနော်ဆိုတဲ့ ပုထုဇဉ်လည်း စိတ်ကိုပြတ်အောင်မဖြတ်နိုင်သေးပါဘူး ...။ ကျနော်တွေးမိတဲ့အတွေးလေးဖြစ်တဲ့အတွက် မှန်ချင်မှလည်းမှန်မည်။ ကျနော်ရေးသားထားသော စာသားများ တစ်ချို့နေရာများ မှားနေမယ်ဆိုရင် ပြင်ဆင်ဖြည့်စွက်၍ ဖတ်ရှုပေးပါလို့ တောင်းပန်အပ်ပါတယ်..။ ကျနော့်အတွေးလေးကို မှားနေတဲ့နေရာ များအား သူငယ်ချင်းတို့မှ အမြင်အတွေးများဖြင့် ပွင့်လင်းစွာ ဝေဖန်ပေးကြပါလို့ ပြောပါရစေ..။


ဒီလမြတ်ဝါဆိုမှာ ထူးခြားစွာ မွေးဖွားလာတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်..။ သူငယ်ချင်းတစ်ယောက်၏ ၂၄နှစ်ပြည့်မွေးနေ့လေးနှင့် ဘလော့ဂါ ကဗျာလွယ်အိတ်လေး သားဖြိုးတို့၏ ၂၂ ပြည့်မွေးနေ့လေးဖြစ်ပါတယ်..။ ထူးခြားတဲ့သူငယ်ချင်းနှစ်ယောက်လုံးနှင့်အတူ သြကာသလောက ၊ သတ္တ လောက သားအားလုံး စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေ..။ ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့...ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်....။

အားလုံးပဲအဆင်ပြေပျော်ရွှင်ကြပါစေ...။


ပန်းခရေ(ရင်တွင်းဖြစ်)



Saturday, July 12

ထမင်းသိုးဟင်းသိုး

ခုချိန်ထိ

နောင်တရချင်တယ် ..မရဘူးး

မှားတယ်ဆိုရင်တောင်

မှားတယ်လို့မသတ်မှတ်ချင်ဘူးး ..

မဖြစ်သင့်ဘူးမပြောသင့်ဘူးသိနေရင်တောင်

ပြောခဲ့မိပီ .ဖြစ်ခဲ့မိပီ..

မာနကြီးတာမဟုတ်ပေမယ့်..

မာနထားဖို့ဘယ်လိုမှကိုစိတ်ကူးမိလို့မရဘူးး

အောက်ကျို့တာမဟုတ်ပေမယ့်

ပြောပြဖို့ဝန်မလေးမိပြန်ဘူး..

ကိုယ့်အပြစ်ဘာမှန်းမသိပဲ

အပြစ်ပေးခံရတဲ့ကလေးငယ်တစ်ယောက်ရဲ့

ရင်ထဲက ခံစားချက်ကို

နားလည်ဖူးခံစားဖူးမယ်ဆိုရင်

တစ်ချက်လောက်တော့

နားလည်ကောင်းပါရဲ့....။

ဘာမျှော်လင့်ချက်မှမပါ

ရယူလိုမှုမပါ

အနိုင်ယူလိုမှုမပါ

လိမ်ညာဟန်ဆောင်မှုမပါ

စဉ်းလဲကောက်ကျစ်မှုမပါ

အရိုးသားဆုံးနဲ့

ဟန်ဆောင်ခြင်းကင်းစွာ

မြတ်နိုးတွယ်တာခဲ့တာပါပဲ....။

ဒါတွေမင်းသိပေမယ့်

မင်းကစားခဲ့တဲ့

ကစားပွဲမှာ ငါဟာ

ထမင်းသိုးဟင်းသိုးလိုသဘောထားခံရမှန်းမသိ

ဖြစ်ခဲ့တာပါလားနော်.....။

ပန်းခရေ(ရင်တွင်းဖြစ်)

Saturday, July 5

လောင်းရိပ်အောက်က ကဗျာ

လောင်းရိပ်ကဗျာတစ်ပုဒ်
အနှစ်ချုပ်ကို ထုတ်နှုတ်ရွတ်ဆို
ခံစားချက်အပိုမပါတဲ့
နေ့နဲ့ညတွေ ဆွေးနေတယ်...။

အတွေးမြစ်ပြင်ကျယ်မှာ
လေသာယာ ယိမ်းတဲ့လှိုင်းကို
ဘ၀ရိုင်းပမာ မခိုင်းနှိုင်းလိုပါဘူး
ကမ်းကပ်တဲ့ လှိုင်းအယက်မှာ
ဗေဒါလိုဘဲ မျောခွင့်ရရ...။

မျောပါရင်းက တေးသီ
ရနဲ့သည်ပင် သင်းပျံ့မျှရုံ
ကုမုဒ္ဒြာ ဘယ်လိုပုံနှိုင်းရ
ရိုင်းပျမှုသာ ထင်အပ်လိမ့်မယ်
ရနံ့မကြွယ်တဲ့ လှိုင်းပျော်ငယ်...။

လှိုင်းပေါ်မှာပျော် လှိုင်းကိုကျော်
လှိုင်းမာန်ကိုတင်း လှိုင်းချက်ပြင်းဒဏ်
လှိုင်းထိပ်မှာမွေး လှိုင်းနဲ့ပြေးတဲ့
လှိုင်းထဲကခရီး ဘ၀မီးကို
ရုန်းရင်းတန်ပြန် အားမာန်ခံတက်
ပန်းပန်လျှက်ပါ...။ ။

ဒီကဗျာလေးက သူငယ်ချင်းတစ်ယောက်က ကျနော့ကိုလက်ဆောင်ပေးထားတဲ့ကဗျာလေးပါ..။

Tuesday, July 1

မျက်ရည်မိုး..


အလွမ်းတွေငွေ့ရည်ဖွဲ့ရင်း
သတိရခြင်းတိမ်ဆိုင်တွေကတစ်ဆင့်
ငါ့နှလုံးသားကောင်းကင်ကြီးမှာ
မျက်ရည်မိုးတွေရွာသွန်းလို့ပေါ့.............။

ပန်းခရေ(ရင်တွင်းဖြစ်)
Related Posts Plugin for WordPress, Blogger...