Sunday, March 30

ယောင်ချာချာကဗျာတစ်ပုဒ်


ယောင်ချာချာဖြစ်နေတဲ့ငါ

စိတ်ညစ်လို့ကဗျာရေးမယ်ကြံကာ

ကီးဘုတ်ပေါ်လက်တင်ပေမယ့်

ငါ့နှလုံးသားက

စကားလုံးတွေကို

ဦးနှောက်ကစကားလုံးတွေအဖြစ်

လှပစွာပြောင်းလဲမပေးနိုင်ပြန်ဘူး..။

ရင်ထဲမှာလည်း

ကြိမ်ဖန်များစွာငိုကြွေးတမ်းတရင်း

ချစ်သူရှိတဲ့အရပ်ဆီကို

မှန်းဆနေမိလေရဲ့...။

ဝေးကွာခြင်းအဓိပ္ပာယ်ကို

သေချာစွာနားမလည်မိတဲ့အချိန်က

ဝေးကွာခြင်းအတွက်ဝမ်းနည်းသူတွေကို

ရယ်မောလှောင်ပြောင်ရင်း

လက်တွေ့ကျကျသိခွင့်ရလိုက်ချိန်မှာ

ရင်ထဲမချိစွာခံစားရတာလည်း

အပြင်းအထန်ပါပဲ....။

မင်းပြောသမျှစကားလုံးတိုင်းကိုလည်း

ခေါင်းငြိမ့်စွာဦးညွတ်လက်ခံမိတာလည်း

ငါ့ကိုယ်ကိုငါအံ့သြမိတာပါပဲ...။

ဘယ်အချိန်များမှ

ကိုယ့်အနားရောက်လာမယ်

သေချာမသိတဲ့ချစ်သူကိုလည်း

“မင်းသာကိုယ့်အနားရှိခဲ့ရင်”

ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို

မိုက်ရူးရဲဆန်စွာ

အဓိပ္ပာယ်ဖော်ဆောင်မိတာလည်း

ရူးသွပ်မှုတစ်ခုပါပဲ....။

အချစ်နဲ့ရည်မှန်းချက်ယှဉ်လာရင်

ရည်မှန်းချက်ကိုဦးစားပေးသင့်တယ်လို့

မှတ်ယူထားကြတဲ့

ခံယူချက်အားလုံးကို...

နှလုံးသားကဖြစ်ပေါ်လာတဲ့

အချစ်ခံစားမှုနဲ့

ဦးနှောက်ကဖြစ်ပေါ်လာတဲ့

ရည်မှန်းချက်

ဘယ်လိုမှကိုတစ်ထပ်တည်းမကျနိုင်ဘူးဆိုတာ

ငြင်းဆိုမိတာလည်း

ငါရူးသွပ်မှုပဲထင်ပါရဲ့...။

ဒီလိုပေါက်ကရ၈၀တွေ

လျှောက်တွေးလျှောက်ရေးနေတဲ့ငါ

ယောင်ချာချာနိုင်မှုတွေ

ရူးတူးတူးအတွေးအခေါ်တွေကိုတွေးတောရင်း

ငါ့ရင်ခုန်သံတွေ

ငါ့ဖြစ်တည်ခြင်းတွေ

ငါ့ချစ်ခြင်းတွေ

ငါ့လွမ်းခြင်းတွေ

ငါ့နားလည်ခြင်းတွေ

ငါ့ပေးဆပ်ခြင်းတွေ

ငါ့တမ်းတခြင်းတွေ....ကို

အဖန်တစ်လဲလဲဆုံးဖြတ်သုံးသပ်ရင်း

ငါမင်းကိုရင်နင့်စွာချစ်နေတယ်ဆိုတာ

အကြွင်းမရှိအဖြေထွက်နေခဲ့တယ်.........။........။

ပန်းခရေ(ရင်တွင်းဖြစ်)



Thursday, March 27

ပန်းခရေ၏ လွဲချော်မှုများ.....


ဘာရယ်မဟုတ်ပါဘူး..ကျနော့်ရဲ့အဖြစ်အပျက်လေး ပြောပြချင်လို့ပါ..အလွဲပေါင်း မြောက်များစွာထဲက အလွဲတစ်ခုပေါ့. ပေခရမ်းတို့က အမြဲတမ်းလွဲရမှ စိတ်ချမ်းသာတတ်တယ်။ ဒါလေးကတော့ BE တန်းတက်တုန်းက လွဲချော်မှုလေးပါ..။ ကျနော်တို့ကျောင်းက ဘယ်တော့မှ တစ်မျိုးတစ်ဘာသာ ပြီးတယ်ရယ် မရှိဘူး.။ အမြဲတမ်း ရင်တစ်ထိတ်ထိတ်စောင့်ရတာ ကျနော်တို့ကျောင်းရဲ့ ထုံးစံပါ ။း)

ကျောင်းစာမေးပွဲ ဖြေဆိုချိန်ကလည်း ဘယ်တော့မှန်းမသိဘူး.။ ရက်အတိအကျမသိရဘူး။ ဖြေမှသာဖြေပြီပဲ ဘယ်နေ့ဖြေရမယ်ဆိုတာကို အချိန်ဇယားလေးထွက်လာမှ သိရတယ်လေ။ ဆိုးပုံက အဲလို။ ပြောချင်တာက BE စာမေးပွဲဖြေစဉ်က အကြောင်းလေးပါ..။ ကျနော်တို့ BE တန်းတက်တုန်းက ၇ဘာသာ သင်ရတယ် ။ ၂ဘာသာပေါင်းပြီး ၁ဘာသာ အဖြစ်သင်ရတယ်။ အဲဒီဘာသာက Graphic ရယ် DSP လို့ခေါ်တဲ့ Digital Signal Processor ဆိုပြီး Processer တွေကို ဒစ်ဂျစ်တယ်နဲ့ အခြေခံပြီး တွက်ချက်တဲ့ အပိုင်း ..ဒီဇိုင်းဆွဲတဲ့ အပိုင်း .. တွက်ချက်တဲ့ အပိုင်း .. Processorရဲ့ အလုပ်လုပ်ပုံတွေကို သင်ရတာပါ..။ သင်တော့သင်ခဲ့ရတယ် တတ်ခဲ့လားမေးရင် မတတ်ခဲ့ပါဘူးလို့ ပွင့်လင်းစွာ ၀န်ခံရပါ့မယ် ။ ဒီအပိုင်းကို အမှတ်၅၀နဲ့ တစ်ပိုင်း သတ်မှတ်ပြီး တစ်ဘာသာထားတယ် ။ Graphic ကိုကျတော့ ပရိုဂမ်ရေးပြီး ဒီဇိုင်းဆွဲတာပါ။ ဒါကိုတော့ အမှတ်၅၀ သတ်မှတ်ပြီး တစ်ဘာသာပေါ့ ။ ၂ ဘာသာပေါင်းပြီး တစ်ဘာသာသတ်မှတ်တယ်။။

ပြောပြချင်တာက ၂ဘာသာလုံးက ခက်တယ်ပြောရမယ်။ ခက်တယ်ဆိုတာ နားမလည်လို့ပါ နားလည်တဲ့ ဆရာသမားတွေအတွက်တော့ ပြောသလောက်မခက်ပါဘူး။ ထင်သလောက်မခက်ပါဘူး။ ကျနော်တို့က သိပ်နားမလည်ဘူးလေ။ ပိုဆိုးတာက DSP သူက EC မေဂျာနဲ့ပေါင်းသင်ရတယ် ။ သင်တဲ့ဆရာမက ECက ဆရာမ ပေါ့။ ကျနော်တို့အိုင်တီက မိုင်နာအဖြစ်သင်ရတယ်။ ဒါကိုနားမလည်တော့ ဆရာမကကျူရှင်ပေးပါတယ်။ ကျောင်းမှာ ကျူရှင်တက်ကြတာ ပေါ်လစီလိုဖြစ်နေတယ်။ ပိုဆိုးတာက တခြားမေဂျာတွေ သူတို့က တွက်စာတွေပါတယ်လေ။ ကျနော်တို့ အိုင်တီက ကျက်စာများတယ် ။ သိပ်မတတ်ကြဘူး။ ဒါ့ထက်ကျနော်တို့နှစ်က လူဆိုးတွေလေ။ ညီကြတယ်။ ကျူရှင်လုံးဝမယူကြဘူး ။ BE တန်းသာ အောင်လာတယ်။ ကျူရှင်ဆိုလုံးဝပဲ မတတ်ခဲ့ဘူး။ ကျောင်းတောင်တက်ရတာပျင်းတာ ဒီစာကို၂ခါသာ ပြန်သင်ရရင် သေလိမ့်မယ်။ စာတော်လို့ဒီကျောင်းရောက်တာမဟုတ်ဘူးလေ ။ ဟိုမရောက်ဒီမရောက်မို့သာ ဒီရောက်တာ။ တော်လို့မဟုတ်တော့ ထုံးစံအတိုင်း စာကျက်ရမှာပျင်းသလို သင်ရမှာ သေမလောက်ကြောက်တယ် ။း)

ဒီတော့ ကျနော်တို့ ဒီဘာသာကို ဆရာမလုပ်တဲ့သူက ကျူရှင်ပေးတယ်။ EC မေဂျာကလည်း တစ်မေဂျာလုံးကို အားကြိုးမာန်တက်ကို တက်ကြတယ်။ ကျနော်တို့အိုင်တီက မိန်းကလေးများတယ် ။ အယောက်၂၂ယောက် ၇ှိတယ်။ ညီချက်ကတော့လန်ထွက်နေတယ် ။ ဘယ်သူမှ မတက်ကြဘူး။ ကောင်လေးက ၂ယောက်ပါတယ်။ ကျနော်တို့မတက်တော့ မတက်ရဲကြဘူးလေ။ ကြောက်ကြတယ် ။ ရေများရေနိုင်ပေါ့ ။း) အဲဒီတော့ အဲဒီဘာသာကို ကျောင်းမှာလည်းမသိဘူး ။ နားလည်းမလည်ဘူး။

တစ်နှစ်ကုန်သွားတယ် ။ စာမေးပွဲသာရောက်တော့မယ်။ DSP is nothing for me .ဟီးး အဲလိုဖြစ်နေတာ ။ ဘာမှကိုမသိတာ။ နားလည်းမလည်ဘူး ။ ပစ်ထားတယ်။ သူနဲ့တွဲတဲ့ ဘာသာကိုရလားဆိုတော့လည်း ပရိုဂရမ်က c++ လို JAVA လိုမဟုတ်ဘူး ..။ သူ့ကိုဆွဲတဲ့ ပရိုဂရမ်က အရမ်းခက်တယ် .။ မြန်မာနိုင်ငံမှာကို မရှိတာ မရမ်းနိုင်သေးဘူး။ တစ်ခါတည်းပြောပြပါအုံးမယ်။ ဒီဘာသာခက်တာကတော့ ဒီဘာသာကိုသင်တဲ့ ကျနော်တို့ရဲ့ ဆရာ ကြောင်သွားပါတယ်။ စာကြောင်ကြောင်သွားပါတယ်..။ ဆရာကစေတနာအပြည့်နဲ့ ကျနော်တို့ကို ရစေချင်တယ်။ သူလည်းကြိုးစားတယ်။ ဖြစ်ချင်တော့ ကျနော်တို့က မတွေးဘူး အသင့်သမား တွေလေ။ ဆရာလုပ်ခိုင်းတဲ့ လက်တွေ့လည်းမလုပ်ဘူး ။ ဆရာ့စေတနာကို အခုတော့ ရေရေလည်လည်နားလည်နေပါပြီ။ ဆရာအတွက် ၀မ်းနည်းမိတယ်။ စိတ်မကောင်းလည်းဖြစ်မိတယ် ။ ကျနော့်ဆရာအရမ်းတော်တာပါ။ မြန်မာနိုင်ငံမှာ မရမ်းနိုင်သေးတဲ့ ပရိုဂရမ်တွေကို ရအောင်ရမ်းတယ်။ အဆင်မပြေပေမယ့် စေတနာနဲ့ စဉ်းစားတယ်။ ကျနော်တို့သာ ကျောင်းပြီးသွားတယ် ဆရာ မပြီးသေးဘူး ။ ကြိုးစားဆဲလေ။

အဲဒီဘာသာကလည်း အားနည်းတယ် ။ ဟိုဘာသာကမရဘူး။ ဒီလိုလိန်ပိန်နေတဲ့ ကျနော်စာမေးပွဲကို .ယက်ကန်ယက်ကန်ရောက်လာတယ်။ စာမေးပွဲမှာ အချိန်စာရင်းက ဒီ၂ဘာသာကို ၅ရက်မြောက်နေ့မှာ ဖြေရမယ်။ သောကြာနေ့ပေါ့။။ ကျနော်က အကျင့်တစ်ခုရှိတယ်။ စာကျက်ရင် ဘယ်တော့မှ တစ်နှစ်လုံးစာမလုပ်ဘူး ။ အချိန်စာရင်း ထွက်လာမှ အချိန်စာရင်းနဲ့ တိုက်လုပ်တာ။ ဥပမာ တနင်္လာနေ့လို ဘာသာဆို ပြတ်ပြီ ။ တစ်ဘာသာ အော်တိုဖြတ်တာ စနေ၊ တနင်္ဂနွေကျက်မယ် ။ ပြတ်ပြီပေါ့ အေးဆေး ။ အဲလို ကိုယ့်ဘာသာဖြတ်ကျက်တဲ့ ကျနော် ဒီ၂ဘာသာကိုကျက်မယ့် ရက်ရောက်တော့။ ပြောရရင် လေ့လာမယ့်အချိန်ပေါ့။ အခုမှစလေ့လာမှာလေ ။ သတင်းကြားတယ်။ ဘာသတင်းလည်းဆိုတော့ အဲဒီနေ့ က သောကြာနေ့ ဒေပါပလီနေ့ကြတယ်တဲ့။ အိုးပျော်လိုက်တာ ဒါဆို ရင် ဒီဘာသာက ဟိုးနောက်ဆုံးကိုရောက်သွားမယ်လေ ။ ပျော်လိုက်တာများ မပြောပါနဲ့ ။ ကိုယ့်ဘာသာကို ဖြတ်ပစ်တာ။ အဲဒီ ၂ဘာသာကိုမကြည့်တော့ဘူး။ ပြတ်သွားတယ်။ ရေလည်လေလိုက်သေးတယ်။ အချိန်ဇယားရက်ကပိုတာကို ဆော့လိုက်တာများ လန်ထွက်နေတယ်။


ကျနော့်ဘာသာ ကိုယ့်အတွေးနဲ့ကို ကယ်လ်စီယမ် ကွေကာ သောက်နေတာများ လန်ထွက်နေတယ်။ ဒီလိုနဲ့ စာမေးပွဲ စဖြေတယ်။ ပြောရအုံးမယ်။ ကျနော် BE အောင်သာလာတာ ခက်လိုက်တာဗျာ စာတွေ ။ စစ်တဲ့သူက တစ်ယောက်၊ သင်တဲ့သူကတစ်ယောက်၊ ကို့စ်ထုတ်တာတစ်ယောက် ၊ မေးခွန်းစစ်တာတစ်ယောက်၊ စာစစ်တာတစ်ယောက် ၊ ဒီလောက် လူလေးယောက်ကြားမှာ ရောက်နေတဲ့ ကျနော်တို့ ဘ၀က ဘယ်မှာလှပပါ့မလဲနော်။ ထုံးစံအတိုင်း အမျိုးမျိုးသော စည်းမျဉ်းတွေအောက်မှာ လည်ထွက်နေတာပဲ .။ အင်္ဂလိပ်နေ့ကလွဲပြီးး ကွဲလိုက်တာများ ငိုမယ်ဆိုရင်တောင် မျက်ရည်မကျန်တော့လို့ မငိုခဲ့ရပါဘူး။ အိုင်တီတွေ ကံမကောင်းလိုက်တာများ IT လို့ခေါ်တဲ့ စက်ရုပ်တွေအလုပ်လုပ်တဲ့ Robot တွေရဲ့ ဦးနှောက်တု ပေါ့ ။ ဒါကိုသင်ရတယ် ဒီဘာသာက ကျက်စာ အပုဒ် ၈၀ ရှိတယ်။ ဒါတောင် ရွေးကျက်တာနော်။ ဒါကိုစာမေးပွဲမှာ တစ်ပုဒ်မှမပါဘူး။ ၂ပုဒ်ပဲပါတယ်။ ဒါတောင် ၅မှတ်တန်လောက်ကို ၂၀မှတ်လုပ်ထားတယ်။ ၂၀မှတ်တန်ကို ၅မှတ်တန်လုပ်ထားတယ်။ ဘယ်လိုဖြေရမလဲ ။ ပြောပြကြပါအုံး ။ အူကြောင်ကြောင်နိုင်လိုက်ပုံများ ဘယ်လိုဖြေရမယ်မှန်းကို မသိတော့တာပါ.။

ဒီလိုနဲ့ ၃ဘာသာမြောက်တဲ့နေ့မှာလည်း အလဲလဲအကွဲကွဲ ပဲ။ ဟော ၄ဘာသာမြောက်တဲ့နေ့မှာ စသိရတာက မနက်ဖြန် ဒေပါပလီ မဟုတ်ပါဘူး ။ မပိတ်ပါဘူးတဲ့။ ဖြေရမယ်တဲ့ ။ သွားပြီ စိန်မမတို့ခေါင်း မိုးကြိုးပစ်တာပဲ။ ကဲဘယ်လိုလုပ်မလဲ ၂ဘာသာကြီးလေ ။ သေပြီ ၁ဘာသာမှကို မကြည့်ရသေးဘူးး။ ပြီးတော့ကျက်စာမဟုတ်ဘူး ။ ဘယ်လိုလုပ်ရမလဲ။ စိန်မမသေတာပါပဲ။ သွားပြီ အဲဒီအချိန်ကြမှ အမေကိုတလိုတ။ ဘုရားတလိုတ။ စိတ်ဓာတ်တွေကျ။ ရင်ထဲမှာ မီးဖိုထားသလိုပဲ ။ အခုမှ အတွေးက ၀င်လာပြီလေ “ ငါကျများကျသွားခဲ့ရင်..........” ဆိုတဲ့ အတွေး ...။ ဒီအချိန်မှာ အမေ့မျက်နှာကို ပြေးမြင် သွားပြီ ငါကျသွားရင် အမေတော့သနားပါတယ် တစ်နှစ်ဆိုတာ နည်းတာမဟူုတ်ဘူး ကျောင်းသားစရိတ် အားပါး ....မရှာပဲ ထိုင်ဖြုန်းရုံတင်မက ဖြုန်းတီးလိုက်တာများ အသုံးမကျဘူးပေါ့.။ အတွေးတွေယောက်ယက်ခက်ပြီး ရေချိုးတယ်.. အဲဒီမှာ ကျနော် စိတ်နဲ့လူမကပ်လိုက်ပုံများ သွားတိုက်ဆေးနဲ့ မျက်နှာသစ်ဆပ်ပြာကို မှားတိုက်နေတာ ကျနော်လုံးဝမသိဘူး။ သတိလည်းမထားမိဘူး ရေအတူတူချိုးတဲ့ အဆောင်က ညီမလေးက မစိန်မမ ဘာတွေတိုက်နေတာလဲ ဆိုပြီးး လာမေးတော့မှ ကျနော့်လက်ထဲက မျက်နှာသစ်ဘူးကို သတိရတယ်။ ဒါလည်းစိတ်နဲ့လူမကပ်တာပေါ့။ ကြောင်သွားပြီကိုထင်တာ လူကရူးကြောင်၂ ရယ်။ စာလည်းမကျက်ရသေးဘူးလေ။ မနက်ခင်းဖြေရမယ် ။ စာမရသေးဘူး ဖြေစရာကိုမရှိတာ။

ဒီလိုနဲ့ ၃နာရီလောက်မှာ မိုးတွေက သည်းကြီးမည်းကြီးရွာတယ်..။ ကျနော်ဘာဖြစ်တယ်ထင်လဲ ဖျားတာများ ကျစ်ကျစ်တောက်ပဲ လန့်ဖျားလေ။ ဖျားတယ် စာကလည်းမရသေး..။ တစ်ဆောင်လုံးလည်းစိတ်ပူပေါ့ သွားပြီပဲ ကျပြီပဲ။ ဖြစ်ချင်တော့ ဘိုင်အိုဂျက်စစ်ကို အစားမစားပဲသွားသောက်တာ ဘာအခန့်မသင့်တယ်မသိဘူး သွားစိသလိုဖြစ်သွားလို့ တော်တော်ကုယူလိုက်ရတယ်။ ည၉နာရီကျော်ထိ ဘာမှ မကျက်ရသေးသလို ဘာမှမရသေးဘူး ။ လူတောင်အနိုင်နိုင်ရယ်။ ဆရာမကရော အမေ့ကိုဖုန်းဆက်မယ်ပေါ့။ မဆက်ပါနဲ့ ဆရာမရယ် သမီးသေလိမ့်မယ် . ရပါတယ် သမီးဘာသာပဲ ဖြေရှင်းမယ်ဆိုပြီး ...စာထကြည့်ဖို့လုပ်တယ်..။ ခေါင်းတွေလည်းမူးနေပြီ ၀ါးတားတားပဲ ။

အရင်ဆုံး ပုတီးစိပ်တယ်..။ အခုမှဘုရားတတာလေ..။ စိတ်ငြိမ်ချိန်မှ ကျနော် စပြီး Graphic ဘာသာကို စကိုင်တယ် ။ ရွေးကျက်တယ်။ ဖတ်တယ် မှတ်တယ်..။ ဒီလိုနဲ့ မနက်၆နာရီထိုးသွားတယ်..။ တစ်ဘာသာပဲပြီးတယ်.။ အဲဒါအကုန်ရတယ်မထင်ပါနဲ့..။ ဖြတ်လိုက်တာပါ..။ ၈နာရီခွဲ စာမေးပွဲကို ၆နာရီကျောင်ပြီ တစ်ဘာသာမကိုင်ရသေးဘူး ။ ဒါနဲ့ နောက်တစ်ဘာသာရဲ့ themes ကို ကြည့်လိုက်တယ်။ ပြီးမှ မှတ်တယ်။ ဒီလိုနဲ့ ၈နာရီ...ဂိုးပြီ စိန်မမတို့ ကျောင်းတော်ကြီးကို စာမရစွာနှင့်ပေါ့..။

ကျောင်းရောက်တော့ ဘုရားလည်းတပေါ့ စာတော့မကြည့်တော့ပါဘူး ကျနော့မှာ အကျင့်တစ်ခုရှိတယ် ။ အဲဒါက စာရရ မရရ ကျောင်းမှာ စာမကျက်တတ်ဘူး မကြည့်တော့ဘူး ။ ရသလောက်ပေါ့ ။ ခပ်တည်တည်ပဲ ။
စာမေးပွဲဖြေခန်းမှာ ၀င် ပြီးတော့ မေးခွန်းစဝေတယ်။ မေးခွန်းစာရွက်လေးကို ကိုင်ပြီး ကြောင်နေတာပေါ့။ ကြည့်ကိုမကြည့်ရဲတာ ။ စတင်ဖတ်ပြီ မေးခွန်းနံပါတ် ၁ ..၀ိုးး ရွေးကြည့်ထားတဲ့ တစ်ပုဒ် ဂွတ် ပျော်သွားတယ်။ နောက်နံပါတ် ၂ ၀ူးးးးးးးးးး သေချာကြည့်လိုက်တဲ့ ပုစ္ဆာ ဂွတ်
တစ်ဘာသာကို ပုဒ်ကြီး၃ပုဒ်ဖြေရတယ်.........။ တစ်ဘာသာပိုင်သွားပြီ ပျော်လိုက်တာ ဒီလိုနဲ့ နောက်တစ်ဘာသာ ၀ူးး တော်သေးတယ် တွက်တတ်တဲ့ စာတွေ နားလည်သလိုလိုရှိတဲ့ စာတွေ .။။ ပြောချင်တာက အဲဒီနေ့ကစာတွေ ကျနော် ခုချိန်ထိမမေ့သေးဘူး ။ အလွတ်ရဆဲပဲ ။ ကြည့်သွားတာက နားလည်အောင်လေ ကျက်တာမဟုတ်ဘူး ။ ကျနော်ဖြေနိုင်ခဲ့တယ် ။ စာရွက်တွေတောင် အပိုတောင်းရသေးတယ်..။ ကျနော်ပျော်လိုက်တာ..။ အောင်ပြီလို့ပြောလို့ရသွားပြီလေ..၊။

ကျနော်အဲဒီဘာသာကို ၆၈မှတ်နဲ့အောင်တယ်ဗျ...၊။ ပြောရပါအုံးမယ်..။ Roll 1 က အဲဒီဘာသာကို ၅၂ မှတ်ပဲရတယ် ။ ကျနော်များဆုံးပေါ့ဗျာ..။ ကျနော်ပျော်လိုက်တ.ာ.........။ ကျနော်ကတော့အဲလိုအလွဲလွဲအချော်ချော်ကြားက အောင်လာတာပါ..။
ကျနော်ဒီဘာသာကိုအောင်တာ ဘုရား ဂုဏ်ကျေးဇူး ၊အမေ့ကျေးဇူးကြောင့်ပါ....။အမေကိုတိုင်တည်တယ်.....။ အဓိကက ကျနော် သစ္စာဆိုလိုက်တာပါ...။
“ ဘုရားတပည့်တော်မသည် ဤစာမေးပွဲကို အောင်မြင်လိုသည်မှာ အမေ့အတွက်ဖြစ်ပါသည်ဘုရား...
အမေ့ကိုလုပ်ကိုင်ကျွေးမွေးချင်တာ အမှန်ပါဘုရား...
ဤစာမေးပွဲသည် အမေနှင့်သက်ဆိုင်သောကြောင့် တပည့်တော်မသည်အောင်မြင်စွာဖြေဆိုနိုင်ရပါလို၏
အရှင်ဘုရား.............”

ဆိုပြီး ကျနော် ဘုရားမှာတိုင်တည်မိတယ်..။ ကျနော်ဒါကြောင့်အောင်တာပါ........။
မဟုတ်ရင်မ လွယ်ကူဘူးလေ.......။
ဒါကတော့ကျနော့်ရဲ့ လက်တွေ့ဖြစ်ရပ်လေးပါ.......။သူငယ်ချင်းတို့ကို ပြန်ပြောပြတာပါ........။
အားလုံးပဲ စာဖတ်ပြီး အဆင်ပြေပါစေ။ စာရေးညံ့တော့ နားမလည်တာ ရှိရင် ခွင့်လွှတ်ပေးကြပါ........။

ပန်းခရေ (ရင်တွင်းဖြစ်)

Sunday, March 23

တို့နှစ်ယောက်ကြားက ဖြစ်တည်မှု

တို့နှစ်ယောက်ကြားမှာ

ကတိတွေမရှိဘူး

ဦးနှောက်ကတန်ဆာဆင်ထားတဲ့

လှပတဲ့စကားသံတွေမရှိဘူး

အပြုံးတုတွေမရှိဘူး

ရက်စက်မှုတွေမရှိဘူး

မာကြောတဲ့နှလုံးသားတွေ

အားလုံးမရှိဘူး

စိမ်းကားရက်စက်မှုတွေ

နားကြည်းမုန်းတီးမှုတွေမရှိဘူး

ချည်နှောင်ဖွဲ့တည်မှုတွေမရှိဘူး

ရင်ခုန်သံတုတွေမပါဘူး

ဝေးကွာခြင်းတွေမရှိဘူး

နီးစပ်ခြင်းလည်းမရှိဘူး

ပေးဆပ်ခြင်းလည်းမရှိဘူး

ရယူခြင်းလည်းမရှိဘူး

အနိုင်ယူခြင်းလည်းမရှိဘူး

မကျေနပ်ခြင်းလည်းမရှိဘူး

ဒါပေမယ့်

လွမ်းဆွတ်သတိရခြင်းတွေ

နှလုံးသားကထွက်ကြလာတဲ့

အစီအစဉ်မကျတဲ့စကားလုံးတွေ..

ဖြူစင်တဲ့အပြုံးစစ်စစ်တွေ..

လွန်စွာနူးညံ့တဲ့နှလုံးသားတစ်စုံ..

ဝုန်းဒိုင်းကြဲနေတဲ့ရင်ခုန်သံတွေ..

တစ်ယောက်ကိုတစ်ယောက်

နားလည်ပေးမှုတွေ

အလေးနက်ထားမှုတွေ..

မြတ်နိုးတန်ဖိုးထားခြင်းတွေနဲ့...

တစ်ယောက်လိုအပ်ချက်ကို

တစ်ယောက်ကဖြည့်ဆည်းပေးခြင်းတွေ..

အချစ်ဆိုတဲ့

လေးနက်တဲ့ချစ်ခြင်းများဖြင့်သာ

တို့နှစ်ယောက်ကြားမှာ

ရှိခဲ့တယ်...။

ပန်းခရေ(ရင်တွင်းဖြစ်)

Thursday, March 20

ကျွန်မဖြစ်ချင်သော အကြောင်အရာများ --ဖြစ်ပျက်ခဲ့သောအကြောင်းအရာများ..


ကျမဖြစ်ချင်သောအကြောင်းများဆိုလို့ ကြီးကျယ်မှုတော့သိပ်မ ရှိပါဘူး..ကျမကြုံတွေ့ခဲ့ရတဲ့ ဖြတ်ကျော်ခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ပြန်ပြောပြတာပါ..။ ကျမရဲ့ဦးနှောက် အသိဥာဏ်စတင်ဖွံဖြိုးခါစက ဖြစ်ချင်မှုအကြောင်းအရာတွေ ...အတိအကျပြောရရင် ကျမ၇တန်းကျောင်းသူဘ၀မှာ Nursing Cadet အရမ်းဖြစ်ချင်ခဲ့တယ်..။ ဆယ်တန်းအောင်ရင် Nursing Cadet လျှောက်မယ်ပေါ့..။ အားကြိုးမာန်တက်နဲ့ ရူးသွပ်နေလိုက်တာ...။ ဒါပေမယ့် ဖြစ်ချင်တော့ ကျမတို့ဆယ်တန်းရောက်တဲ့ နှစ်မှာပဲ မခေါ်တော့ပါဘူး..။ ကျမဆယ်တန်းအောင်တာ ၂၀၀၀ခုနှစ်ပါ.။ကျမဆယ်တန်းရောက်တော့ ရည်ရွယ်ချက်ပြောင်းသွားတယ် ..။အဲဒါက အိုင်တီပညာရှင်တစ်ယောက်သိပ်ဖြစ်ချင်တာပဲ ..။အိုင်တီနည်းပညာကို သိပ်သိချင်လာတယ်..။ ပညာရှင်တစ် ယောက်ဖြစ်ချင်လာတယ်...။


စိတ်အားထက်သန်နေလိုက်တာများ ဆယ်တန်းပြီးရင် အိုင်တီသမားဖြစ်အောင်ကြိုးစားမယ်ပေါ့..။ဖြစ်ချင်တော့ ကျမဆယ်တန်းကို ဂုဏ်ထူးမပါဘူး..။အဲဒီအချိန်က အစိုးရနည်းပညာကောလိပ်မှာ အိုင်တီစဖွင့်နေပြီ..။၉၉ခုနှစ် ၁၀တန်းအောင်တွေက စတက်ကြတယ်..။ကျမကတော့ ဒုတိယအသုတ်ပေါ့..။ အမှတ်စာရင်းလေးကလည်း ဂုဏ်ထူးမပါတော့ နည်းပညာကောလိပ်လေးမှ မီပါ့မလားပေါ့..။ကျမဖြစ်ချင်တာက ဒီတစ်ခုပဲရှိတာကိုး..။ ရင်ခုန်စွာစောင့်စားရင်း ၀င်ခွင့်လျှောက်လိုက်တာ..နည်းပညာကောလိပ်ကို တက်ခွင့်ရခဲ့တယ်..။ အဲမပြီးသေး ဘူးလေ...အဲဒီမှာ ထပ်လျှောက်ရသေးတယ်..။မေဂျာက ၇မေဂျာရှိတယ်..။အရင်နှစ်က အိုင်တီကအမှတ်အများ ဆုံးလေ ..။ဒီလိုနဲ့ရင်တစ်ထိတ်ထိတ်နဲ့ ထပ်လျှောက်ရတယ်..။မီမှမီပါ့မလားပေါ့..။ဟော..မီသွားတယ်..။တက် ခွင့်ရတော့ ပျော်လိုက်တာများ ရေရေလည်လည်ပါပဲ..။


GTC ကနေ B-Teach ကနေ B-E တက်ခွင့်ရအောင် ကြိုးစား မယ်ဆိုပြီး အားကြိုးမာန်တက်ပေါ့...။ ကျောင်းပြီးရင်ပဲ ငါ ဘာကောင်ကြီးဖြစ်မလဲပေါ့..။ ကမ္ဘာပေါ် ချုပ် ကိုင်မယ့်သူလားး) လကမ္ဘာပေါ်ပဲ ..ငါသွားနေခွင့်ရတော့မလား...အင်တာနက်ပေါ်ကနေပဲ တစ်ကမ္ဘာလုံးကို Control လုပ်နိုင်မလားပေါ့...။ ဘီင်္လ်ဂိတ်နဲ့ပဲ လက်ဆွဲနှုတ်ဆက်ရမလားပေါ့..။ သိတယ်မလား...မိုးပေါ်တက်ပြီး တိုက်မဆောက်ဘူးသနား တယ်..အိုင်တီပညာရှင်တက်လုပ်နေလိုက်တာ GTC နှစ်နှစ်ပြီးရော...ကံလေးကောင်းပြီး B-Teach တက်ခွင့်ရ အားပါး များများစားစားထောင်ထောင်လွှားလွှား ဆောင့်ကြွားကြွား ပေါ့..။

ဒါပေမယ့်သိတယ်မလား မိုးပေါ်လွှတ်တင်ထားတဲ့ စိတ်ဓာတ်က ကျောင်းသားဘ၀တတိယနှစ်- B-Teach ပထမနှစ်မှာပဲ မိုးဒဏ်.လေဒဏ်..စာပေဒဏ်တွေကို အလူအလိမ့်ခံရင်း စတင်ပျက်ပြီးစပြုလာပါတယ်..။ ဘယ်လောက်ထိများပျက်စီးလဲဆိုရင် B-Teach 1st year ကို Roll နောက်ဆုံးနဲ့ကို အောင်တာ..။ရေလည်ကို ကြွားနေတာ..။လူ၂၀ကိုစိန်မမက အဆင့်၂၀ပေါ့။။ ဒီလိုဟိုလူး ဒီလွန့်နဲ့ BE ပြီးသွားတယ်ပေါ့..။


BEလည်းပြီးရော...စတင်ပြီး Depression ၀င်တာက ဖြစ်ချင်တာက အိုင်တီပညာရှင် ..အိုင်တီပညာရှင်ဖြစ်ဖို့ နေနေသာသာ ကိုယ့်မှာက ဘွဲ့လေးတစ်လုံးပဲရှိတယ်..။ အလုပ်ကလည်း အသေအလည်ကို လုပ်ချင်တာနေချိန်မှာ အလုပ်ကလည်းရှာမရ..ကမ္ဘာကို ချုပ်ကိုင်ဖို့နေနေသာသာ တစ်နေရာစာရပ်တည်ဖို့ တောင်မလွယ်ကူပါဘူး..။မိုးပေါ်ရောက်နေတော့...မြေပြင်မှာကျမအတွက် နေရာမကျန်ဘူးထင်ပါရဲ့..။ ကျမအလုပ်မရခင်က စိတ်ဓာတ်ကျလိုက်တာများ..။ဟိုးမြေကြီးအောက်တွင်းတူးပြီး အနိမ့်ဆုံးကို ရောက်လို့ပေါ့. အဲဒီအချိန်တုန်းက “ကမ္ဘာလောတွင် စိတ်လှုပ်ရှားမှုနှင့်စိုးရိမ်သောက ထိပ်လန့်တုန်လှုပ်မှုနှင့် စွန့်စားမှုစသည့် ဘေးအန္တရာယ် ခံစားချက်ကိုမှ နှစ်သက်နေသူများရှိသည်ဟု လက်ခံကြမည်ဆိုလျှင် ထိုလူစားမျိုးမှာ ကျမသာလျှင်ဖြစ်သည်..။ ”လို့ ဆိုရလောက်အောင်ကို ရသပေါင်းစုံကိုခံစားခဲ့ရတယ်..။ ဒါပေမယ့် ခံစားချက် လေးနက်တယ်..ပေါ့ပျက်မနေဘူး..ငါရပ်တည်လို့ရပမလားဆိုတဲ့ ရင်တစ်ထိတ်ထိတ် စိုးရွံ့စိတ်တွေနဲ့လေ.. အလုပ်မရတဲ့ အဆုံးကြံရာမရတာနဲ့ ME ဆက်တက်နေလိုက်တယ်..။ ကျောင်းတက်ရင်း ရေလည်လေလိုက်တယ်လေ...။


ဒီလိုနဲ့ ကျောင်းတက်ရင်းမှာပဲ ကျမကို ကမ္ဘာမြေပြင်က သနားတယ်ထင်ပါရဲ့..။သူ့ရဲ့ကျောပြင်မှာ ရပ်တည်ဖို့ နေရာ တစ်နေရာ စာပေးပါတယ်..။ ကျမဖြစ်ချင်တဲ့ အိုင်တီပညာရှင်..း) စိတ်ကူးနဲ့ရူးနေတာလေ...။ ဖြစ်ခွင့်ပေးချင်တယ်ထင်ပ..။သတင်းအချက်အလက်နှင့်နည်းပညာနဲ့ ဘွဲ့ရထားတဲ့ ကျမကို သတင်းအချက်အ လက်နှင့်နည်းပညာဌာနမှာ.. အငယ်တန်းအင်ဂျင်နီယာ ပေါက်စဘ၀ကို စတင်ရပ်တည်ခွင့်လေး ပေးလိုက်ပါတယ်။ ကျွန်မဖြစ်ချင်ခဲ့တာ IT ပညာရှင်ပါ။ ကျွန်မရပ်တည်ခွင့်ရတဲ့ နေရာဌာနကလည်း IT ဌာနမှာပါ။ ဒါပေမယ့် ကျွန်မ IT ပညာရှင်တစ်ယောက် မဟုတ်သလို IT ပညာရှင် မဖြစ်သေးပါဘူး။ ကျွန်မကြိုးစားရပ်တည်ရမှာ အများကြီးကျန်ပါသေးတယ်။ ကျွန်မကြိုးစားရဦးမယ်။ ဒီနေရာလေးမှာ ပညာတွေများစွာ သိရှိတဲ့ ပညာရှင်တစ်ယောက်ဖြစ်ချင်ပါတယ်။


ကျွန်မရဲ့ ဘ၀ရပ်တည်ခွင့်ရဖို့ လုံလောက်တဲ့ပညာ ဘာမှမရှိသေးပါဘူး။ ကျွန်မ ဘာဆိုဘာမှ မသိသေးသော လူသားတစ်ယောက်ပါ။ ဒီလိုရပ်တည်ချက်နဲ့ ကျွန်မ လောကရဲ့ထုံးစံအတိုင်း လောကဓံကိုလည်း ရင်ဆိုင် ရသေးတယ်။ အဲ့ဒါကတော့ လူသားများစွာထဲက များစွာသော စိတ်ဓါတ်ပိုင်ရှင်လူသားတွေပါ။ အဓိကကတော့ လူသားတွေရဲ့ စိတ်ဓါတ်ပါ။ ကောင်းတဲ့သူတွေနဲ့ ကြုံရသလို မကောင်းတဲ့သူတွေနဲ့လည်း များစွာ ကြုံရပါသေးတယ်။ ဒါကလည်း ကျွန်မအတွက် လေ့ကျင့်ပေးနေတဲ့ နည်းစနစ်ထင်ပါရဲ့။ ကျွန်မ ဒီအခက်အခဲလေးတွေနဲ့ ဖြတ်ကျော်နေပါတယ်။ ကျွန်မသိပ်ဖြစ်ချင်တဲ့ IT သမားဖြစ်ဖို့ ကျွန်မမှာ မိတ်ဆွေကောင်းတွေ ဆရာကောင်းတွေများစွာ လိုအပ်ပါတယ်။ ကျွန်မလို ဘာဆိုဘာမှ မသိသေးသော လူသားတစ်ယောက်ကို ကူညီလမ်းပြရင်း နည်းလမ်းကောင်းများကို ချမှတ်ပေးမယ့် သင်ဆရာ မြင်ဆရာ များစွာ ဆုံတွေ့ချင်ပါတယ်။ ကျွန်မကို ကူညီပေးကြပါ။ ဝေဖန်ဆွေးနွေးပေးကြပါ။ ကျွန်မပညာတတ်တစ်ယောက် မဖြစ်ချင်ပါ။ ပညာရှိတစ်ယောက်ဖြစ်ချင်ပါတယ်။ ၀ိုင်းဝန်းကူညီပေးကြပါ။


ကျွန်မဖြစ်ချင်တဲ့ အကြောင်းအရာ
ကျွန်မဖြစ်သင့်တဲ့ အကြောင်းအရာ
ကျွန်မဖြစ်နေတဲ့ အကြောင်းအရာ
ဒီသုံးချက် တစ်ထပ်တည်း ကျနိုင်ပါ့မလား။
ကျွန်မတစ်ထပ်တည်းကျဖို့ မိတ်ဆွေတွေရဲ့ အကူညီများစွာ လိုအပ်ပါတယ်။
“ကျေးဇူးပြု၍ ကူညီပါလား မိတ်ဆွေ”

ပန်းခရေ (ရင်းတွင်းဖြစ်)


Thursday, March 13

ဇာတိမြေ (သို့) အိမ်အကြောင်း




ကျနော်..ဇာတိမြေကို အရမ်းကိုသတိရနေတာကြာပါပြီ..။ကျနော်တို့ မြို့လေးကို လွမ်းနေတာ လည်းအရမ်းကိုပါ.။ကိုပြည့်စုံက ဇာတိမြေအကြောင်းသိချင်တယ် ဆိုတော့ ကျနော်ပြောပြရမှာ ပေါ့..။ကျနော်အိမ်ပြန်ချင်နေတယ်ဗျာ..။အမြဲလွမ်းနေတာ ကျနော့မြို့လေးကိုပါ..။
လူတိုင်းလူတိုင်း အိမ်ကိုလွမ်းကြမယ်ထင်တယ်..။အဓိကကတော့ အိမ်ကိုခွဲပြီးအဝေးရောက်နေ သော သူငယ်ချင်းအားလုံး ပိုလွမ်းကြမယ်ထင်ပါတယ်..။ဇာတိချက်ကြွေမွေးရပ်မြေကို လူတိုင်း သတိရကြမှာပါ..။ကျနော်ရဲ့ဇာတိချက်ကြွေလေးက မိတ္ထီလာမြို့လေးပါ..။လူတိုင်းရောက်ဖူးကြ မှာပါ..။မရောက်ဖူးပေမယ့်..မိတ္ထီလာမြို့ဆိုတာနဲ့ မိတ္ထီလာကန်တော်ကြီးကို သိကြမှာ..။
ငယ်ငယ်ချိန်ခါက ကလေးတွေကို အိပ်စေချင်ရင် သိပ်တတ်ကြတဲ့ သီချင်းလေးတစ်ပုဒ်တော့ ကြားဖူးကြမယ်ထင်တယ်..။

“ မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ်...
ဗျိုင်းရှေ့က ပျံကာပျံကာရယ်..
မိုးစုံးစုံးချုပ်ပေါ့သမီးငယ်ရယ်...
အိပ်ပါတော့ကွယ်....
ကြောင်ကြီးကိုက်လိမ့်မယ်...
အိပ်ယာက နိုးရင်ကျောင်းသွားရအုံးမယ်...
မျက်စိမှိတ်ထားကွယ်..
စောစောထဖို့ အိပ်ပါကွယ်....
အိမ်မက်လှလှမက်စေကွယ်....

အမေ့ခြေရာနင်းမယ့်...
အလှကြိုက်တဲ့သမီးငယ်ရယ်..
သမီးကျောင်းသွားချိန်မှာပန်စရာ..
ပန်းလှလှလေးခူးပေးမယ်ကွယ်...
ပါးကွက်ကွက်ပေးမယ်..
နေတစ်ဖက် လတစ်ဖက်လို...
ပါးပေါ်ထင်ထားတဲ့ ၀လုံးဝိုင်းဝိုင်းလေးရယ်..
သမီးလေးရေးတတ်အောင်..
စောစောကျောင်းသွားဖို့..
အိပ်ပါကွယ်.......”

ဒီသီချင်းလေးကို အားလုံးလည်းကြားဖူးကြမှာပါ..။ကျနော်ဒီသီချင်းလေးကိုသိပ်ကြိုက်တယ်..။ အမေချော့သိပ်နေကြသီချင်းလေးပါ...။ကျနော်ဒီသီချင်းလေးကိုကြားရင်ဝမ်းနည်းပြီးကြက်
သည်းမွေးညှင်းများတောင် ထမိပါတယ်..။ကျနော့ရဲ့မြို့လေးကို ကျနော်သိပ်ချစ်တယ်..။ ကျနော်ငယ်ဘ၀တည်းက နေခဲ့တာ..မြို့လေးကိုခွဲခွာရတာ မကြာသေးပါဘူး..။ကျနော့်မြို့လေး ရဲ့ချစ်စရာကောင်းတဲ့ နေရာတွေကို ပျော်စရာကောင်းတဲ့နေရာတွေ..ကျနော်သိပ်ကြိုက်တဲ့ ကန်တော်ကြီးရယ်..ကျနော်တို့ထိုင်နေကြ..လဘ္ဖက်ရည်ဆိုင်လေးကိုလည်း လွမ်းတယ်...။ ချစ်တယ် ..။ကျနော်တို့မြို့လေးက လမ်းဆုံကြတဲ့အတွက် မြို့တိုင်းရဲ့အစားအသောက်တွေ ကုန်ပစ္စည်းတွေပေါများတယ်..။လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသေးတယ် ..။ ဘယ်သွားမလဲ ဘယ်မြို့ကိုသွားချင်လဲ..အားလုံးအဆင်ပြေတယ်..။ ရာသီဥတုလည်းမျှတသေး တယ်လေ..။ကျနော်တို့မြို့လေးမှာ အနာဂတ်ရဲ့လူတော်လူကောင်း တွေကိုမွေးထုတ်ပေးတဲ့ ကျောင်းတော်တွေလည်း ပေါများသေးတယ်..။ကျနော်ကဒီမြို့လေးရဲ့ အစိုးရနည်းပညာတက္က သိုလ်က ကျောင်းပြီးခဲ့တာပါ..။ကျနော့ရဲ့ အချိန်တော်၂များများကို မြို့လေးရဲ့ အလှအပတွေ နဲ့ သူငယ်ချင်းတွေ နှင့်အတူ ပျော်မြူးကုန်ဆုံးခဲ့တယ်..။
လူတိုင်းလူတိုင်းမှာ ဇာတိမြေကိုပြန်သွားချင်တဲ့ ဆန္ဒဆိုတာ ရှိကြမှာပါ..။လူတိုင်းပဲ အိမ်နဲ့ခွဲနေ ကြာမှာပဲနော်..။ကျနော်လည်းအိမ်နဲ့ခွဲနေရတယ်..။မြို့လေးကိုရော သူငယ်ချင်းအားလုံးကိုပါခွဲ နေရပါတယ်..။
ကန်ဘေးမှာအမြဲလေ ရှုထွက်တဲ့ ညနေခင်းလေးတွေလည်းများခဲ့တယ်လေ..။ကန်ဘေးမှာ အကြော်စားရင်းသူငယ်ချင်းအားလုံးနဲ့ပျော်ရွှင်စရာဘ၀ကိုလည်းဒီမြို့လေးက ပေးစွမ်းပါသေးတယ်..။တန်ခိုကြီးဘုရားလည်းရှိပါသေးတယ်..။နှစ်စဉ်တော်သလင်းလဆို
တန်ခိုးကြီးဖောင်တော်ဦး ဘုရားပွဲတော်ကျင်းပတယ်..။အရမ်းစည်ကားတယ်..။အဲဒီမှာရိုးရာ လှေပြိုင်ပွဲကိုလည်းကျင်းပပါတယ်..။ကျနော်တို့မြို့လေးကအေးချမ်းတယ်ဗျာ နေစရာအရမ်းကောင်းတယ်..။ ငယ်ငယ်ကဘ၀လေးကိုလည်းသတိရတယ်..။ကျောင်းတက်ခဲ့ ရတဲ့ အချိန်တွေကိုလည်းမမေ့ဘူး ကျောင်းသားဘ၀ခြောက်နှစ်ကျော်ကို မြို့လေးမှာပဲ အေးချမ်းပျော်ရွှင်စွာ ကုန်ဆုံးခဲ့ရတယ်..။ကျနော်တခြားမြို့တွေကိုသွားမတက်ရဘူး..။မြို့လေး မှာပဲတက်ရမယ်ဆိုတော့ ပျော်မိတယ်..။ကျောင်းပြီးလို့အလုပ်ဝင်တော့ ကျနော့်မြို့လေးကို ခွဲခွာခဲ့ရတယ်..။ကျနော့်မြို့လေးကို သိပ်လွမ်းနေတယ်..။ဆိုင်ကယ်တစ်စီးနဲ့..သူငယ်ချင်း အားလုံးနဲ့လျှောက်လည်ကြတဲ့နေရာတွေ.. ကျောင်းနားလေးက မင်းလှကန်ဘုရား ၊ သာစည် မြို့နယ်ဘက်က ရွှေယင်မျှော်ဘုရားကိုလည်း အမြဲရောက်သေးတယ်လေ..။ ကျောက်ပန်း တောင်းဘက်အထွက်မှာဆို...သိမ်တွေပေါတယ်..။ပဲသီတာသိမ်ဆို နာမည်ကြီးတယ်..။ ကျ နော်တို့သူငယ်ချင်းတစ်တွေ သွားကြတဲ့နေရာလေးတွေ..ပျော်ရွှင်မှုတွေကို မြို့လေးကပေး စွမ်းသေးတယ်လေ..။ကျနော်က မိုးရေကိုသိပ်ကြိုက်တာ..။မိုးရေထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ မိုးရေချိုးရတဲ့ အချိန်လေးတွေကိုလည်း ပျော်ရွှင်စွာပေးစွမ်းသေးတယ်လေ..။
ကန်ပတ်လည်ဝိုင်းရံနေတဲ့ မြို့လေးဆို..ကျနော်တို့မြို့လေးလို့ပြောရမယ်..။တော်တော် ပျော်ဖို့ကောင်းပါတယ်..။ကျနော် စာရေးညံ့ဖျင်းမှုကြောင့်သာ မြို့လေးရဲ့အလှအပကို မဖော်ပြ တတ်တာပါ..။မိတ္ထီလာရောက်ရင် သူငယ်ချင်းအားလုံး လာလည်နိုင်ပါတယ်..။မိတ္ထီလာမှာ စိန်မမဆို မသိသူမရှိဘူးမထင်ပါနဲ့...။ရှိတယ်လို့..။း)
မိတ္ထီလာမြို့လေးကိုရောက်ရင် စိန်မမရေ..ပေခရမ်းရေလို့အော်လိုက်နော် ..အနော်ထွက်လာ မယ်သိလား...။ခေါ်သာခေါ်လိုက်နော်..။အားလုံးကိုနွေးထွေးစွာ ကြိုဆိုပါတယ်..။ကျနော်တို့မြို့လေးကနေ..ကြိုဆိုပါတယ်..။


ကဲကိုပြည့်စုံရေ..ကျနော်ရေးလိုက်ပြီနော်..။

မရေးတတ်လို့ဒီလောက်နဲ့ကျေနပ်နော်...။

အားလုံးအဆင်ပြေပါစေ..။ကျနော်လောလောဆယ် မြို့လေးကိုေ၇ာ အိမ်ကိုပါ အရမ်းလွမ်းနေပါကြောင်း..။
ပန်းခရေ(ရင်တွင်းဖြစ်)

Tuesday, March 11

မပြောင်းလဲသောအကြောင်းတရား



မင်းရဲ့စကားသံတွေအောက်မှာ
အကြိမ်ပေါင်းမြောက်များစွာ
နစ်ဝင်ပျော်ရွှင်ခဲ့ဖူးတယ်...။
မင်းရင်ထဲကအချစ်တွေကိုလည်း
မက်မောခုံမင်စွာတောင့်တခဲ့ဖူးတယ်...။
မင်းရယ်သံလေးတွေကိုလည်း
နားသောတဆင်ခဲ့ဖူးတယ်...။
မင်းရဲ့ရယ်သံတစ်ချက်မှာ
ပရမ်းပတာရင်ခုန်ဖူးတယ်....။
မင်းရဲ့စိမ်းကားရက်စက်မှုအောက်မှာလည်း
အကြိမ်ကြိမ်ကျရှုံးဖူးတယ်...။
မင်းပေးခဲ့တဲ့
ကတိတွေအားလုံးကိုလည်း
အကြွင်းမဲ့ယုံကြည်ခဲ့တယ်..။
မင်းသာလျှင်
ငါ့ဘ၀အဖြစ်ကိုးကွယ်ခဲ့ဖူးတယ်..။
အနာဂတ်ရဲ့
ပဲ့ကိုင်ရှင်..
ဘ၀ရဲ့လက်တွဲဖော်..
နှလုံးသားလေးရဲ့
အရှင်သခင်ဟာ
မင်းပဲလို့သတ်မှတ်ခဲ့ဖူးတယ်..။
ငါ့စိတ်ကူးမှာလည်း
မင်းနဲ့အတူလျှောက်ရမယ့်
ဘ၀လမ်းကြောင်းလေးကို
အကြိမ်ကြိမ်ပုံဖော်ရင်း
ပျော်ရွှင်ခဲ့ဖူးတယ်..။
ဒါပေမယ့်...
ချစ်သူရယ်
ဘယ်လိုမှရှေ့ဆက်မရတဲ့
တို့နှစ်ယောက်ရဲ့ဘ၀လမ်းကြောင်းမှာ
အနာဂတ်လှပဖို့
ကိုယ့်ရဲ့အသဲနှလုံးတစ်ခုလုံး
နင်းချေစတေးခဲ့ရတာ
မင်းမှမသိပဲ...။ ဘာပဲဖြစ်ဖြစ်
အနာဂတ်အတွက်
သားကောင်ဖြစ်ခဲ့ရတဲ့ ကိုယ့်နှလုံးသားကတော့
ကျေနပ်ပျော်ရွှင်စွာပဲ
ဆက်လက်ရှင်သန်နေမှာ
အမှန်တရားပါ....။

ပန်းခရေ (ရင်တွင်းဖြစ်)
ဒီကဗျာလေးက ဆောင်းနိဒါန်းဘလော့မှာတင်ဖူးပါတယ်..။
အခုနည်းနည်းပြန်ပြင်ပြီး တင်ပေးလိုက်ပါတယ်...။

Wednesday, March 5

အမှားတစ်ရပ်လား



ပရမ်းပတာခုန်နေတဲ့
ရင်အစုံကို
အံ့သြစွာထိန်းချုပ်ရင်း
ငါ့နှလုံးသားလေး
ဝုန်းဒိုင်းကြဲနေလေရဲ့..
ချစ်သူ့အသံကိုမကြားရပေမယ့်
ချစ်သူ..နစ်ကလေးကို
မြင်ခွင့်ရရင်ပဲ
ပျော်ရွှင်လွမ်းမောနေလေရဲ့...
ချစ်သူနှုတ်ဆက်သံဟာ
ကိုယ့်အတွက်တော့
အချိန်မြိန်ဆုံးတေးသွားတစ်ပုဒ်လား
ထင်မှတ်မိလေရဲ့...
ချစ်သူရဲ့ကြင်နာစွာစိတ်ပူတတ်တဲ့
စကားလုံးလေးတွေကို
နားထောင်ရတာလည်း
ကြည်နူးပီတိဖြစ်မိလေရဲ့..
တွေ့ဆုံခွင့်မရတဲ့
ချစ်သူမျက်နှာ
ကြားခွင့်မရတဲ့ချစ်သူအသံလေးတွေကို
နှလုံးသားနဲ့
အကြိမ်ကြိမ်မြင်ယောင်တမ်းတရင်း
အချိန်တိုင်းသတိရနေလေရဲ့..
ချစ်သူကိုသိပ်ချစ်မိသွားတဲ့
ငါ့နှလုံးသားတစ်စုံကိုလည်း
အကြိမ်ကြိမ်အံ့သြမိပါရဲ့...
ဒါပေမယ့်
ချစ်သူရယ်.
သိပ်ချစ်မိသွားတဲ့နှလုံးသားလေးကို
ဒဏ်ရာအနာတရတွေရမှာ
သိပ်ကြောက်နေမိတယ်..
ဒါဟာ
ငါ့အမှားတစ်ရပ်လားကွယ်..
ဒါအမှားဆိုလည်း
ငါကျေကျေနပ်နပ်ခံယူပါ့မယ် ချစ်သူရယ်..။ ။
ပန်းခရေ(ရင်တွင်းဖြစ်)

Monday, March 3

ညီမလေး



ပြောခဲ့ဖူးတဲ့စကားသံ
နားထောင်ခဲ့ဖူးတဲ့အသံ
ချိန်မြိန်ခဲ့ဖူးတဲ့အထိတ်
ခါးသက်နေတဲ့ယနေ့
မေ့မရတဲ့တစ်ချိန်တစ်ခါ
လျှောက်ခဲ့ဖူးတဲ့လမ်းလေး
သွားခဲ့ဖူးတဲ့နေရာလေးတွေ
အတူတူပျော်ရွှင်ခဲ့ဖူးတဲ့
နေ့ရက်အချိန်လေးတွေ
အတူထိုင်ခဲ့ကြတဲ့
ကန်ဘေးက
UNISON လက်ဖ္ဘက်ရည်ဆိုင်လေး
အတူအိမ်ခဲ့ကြတဲ့နေ့ရက်တွေ
မိုးရေထဲမှာဆိုင်ကယ်စီးရင်း
အတူပျော်ခဲ့ကြတဲ့နေ့ရက်တွေ
အမရယ်လွမ်းလိုက်တာဆိုတဲ့
ညီမလေးရဲ့စကားသံလေး
ဘယ်အချိန်ဘယ်နေရာပဲရောက်ရောက်
အမြဲချစ်နေမယ်ဆိုတဲ့
ညီမလေးရဲ့စကားသံ
နေမကောင်းချိန်တိုင်း
စားချင်တဲ့အစားအစာလေးတွေကို
အမြဲလုပ်ကျွေးတတ်တ.ဲ့....့ညီမလေး
ဘယ်လိုမှမေ့မရသလို
လွမ်းဆွတ်မိတာလည်း
အကြိမ်ကြိမ်အခါခါပါပဲ..
ညီမလေးရေ....
အေးမြတဲ့ချစ်ခြင်းမေတ္တာနဲ့..
အရမ်းချစ်တယ်........ကွယ်...။


ပန်းခရေ(ရင်တွင်းဖြစ်)
သူငယ်ချင်းညီမလေးကို အရမ်းသတိရတာနဲ့ရေးလိုက်မိတာလေးပါ..။
ကျနော်တို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတာ..။

Related Posts Plugin for WordPress, Blogger...